ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်ခြင်းနှင့်အညီ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းမှာ နေ့စဉ် ၁ ရာခိုင်နှုန်း၏အောက်တွင် ရောက်ရှိနေပြီဖြစ်သည်။ သို့ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသည် ရှိနေဆဲဖြစ်ပြီး ပြည်ပနိုင်ငံအချို့တွင် ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်၏ နောက်ထပ်မျိုးကွဲသစ်များ ကူးစက်မှုဖြစ်ပေါ်နေသည်ကို သတိပြုကြရမည်ဖြစ်သည်။ ထို့အပြင် အမေရိကန်နှင့် ဥရောပနိုင်ငံများတွင် နောက်ထပ် ထွက်ပေါ်လာသည့် မျောက်ကျောက် (monkeypox) ရောဂါ၊ ကူးစက်မှုအခြေအနေမှာလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တပ်လှန့်နှိုးဆော်လိုက်ရသည့်အဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။
မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ
ကာကွယ်ဆေးလွှမ်းခြုံမှု အားကောင်းလာသည်နှင့်အမျှ ရောဂါကူးစက်ပျံ့နှံ့မှုမှာလည်း လျော့နည်းကျဆင်းလာသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် ရောဂါကူးစက်ခံရပါက သေဆုံးရနိုင်သည့် အခြေအနေကို လျှော့ချပေးနိုင်ပြီး
ရောဂါပြင်းထန်မှုကိုလည်း လျှော့ချပေးနိုင်သည်။ သို့ရာတွင် ကာကွယ်ဆေး ထိုးနှံထားပြီးသူများအနေဖြင့်
လူစုလူဝေးများအကြား သွားလာရာတွင် ပါးစပ်နှာခေါင်းစည်း မဝတ်ဆင်ဘဲ
အကာအကွယ်မဲ့နေခြင်း၊ လက်ဆေးကြောမှု မပြုလုပ်ခြင်း စသည်ဖြင့် ကိုဗစ်-၁၉ ကူးစက်မှု
ကာကွယ်တားဆီးရေး စည်းမျဉ်း စည်းကမ်းများကို မချိုးဖောက်ဘဲ ဆက်လက်ကျင့်သုံးကြရန်
လိုအပ်သည်။ ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်းသည့် ကန့်သတ်ချက်များကို
ဖြေလျှော့ပေးပြီး နိုင်ငံတကာမှ ခရီးသည်များ ပြည်တွင်းသို့ ဝင်ရောက်လျက်ရှိရာ
ပါးစပ် နှာခေါင်းစည်း ဝတ်ဆင်ခြင်း၊ လက်ကိုဆပ်ပြာဖြင့် မကြာမကြာ ဆေးကြောခြင်း၊
တစ်ဦးနှင့် တစ်ဦး ခြောက်ပေကွာ နေထိုင်ခြင်းကဲ့သို့သော စည်းကမ်းချက်များသည် မျောက်ကျောက်ရောဂါ ကဲ့သို့သော ရောဂါမျိုးကိုပါ ကာကွယ်နိုင်ခြင်းကြောင့် နေအိမ်ပြင်ပသို့
သွားလာသူများ မပျက်မကွက် ဆက်လက်ကျင့်သုံးသင့်ကြသည်။
မျောက်ကျောက်ရောဂါသည် ရောဂါကူးစက်ခံထားရသူနှင့်
ထိတွေ့ခြင်း၊ နီးကပ်စွာဆက်ဆံခြင်းနှင့် အသက်ရှူလမ်းကြောင်း၊ နှာခေါင်း၊ ပါးစပ်၊
မျက်စိတို့မှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ကူးစက်ခြင်းဖြစ်ပြီး
တိရစ္ဆာန်များမှတစ်ဆင့် လူသို့လည်း ကူးစက်သည်ဟုဆိုသည်။ ရောဂါကူးစက်ခံထားရသည့်
လူ၏အဝတ်အစား၊ အိပ်ရာ၊ စောင်၊ ခေါင်းအုံးများမှတစ်ဆင့်လည်း ကူးစက်နိုင်ကြောင်း သိရသည်။
မျောက်ကျောက်ရောဂါ ကူးစက်ခံရပါက ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊
ဖောရောင်ခြင်းတို့ ဖြစ်ပေါ်ခံစားရပြီး ဆက်လက်၍ အဖုအပိမ့်များ၊ လက်၊ ခြေ၊ မျက်နှာ၊
ခန္ဓာကိုယ်အနှံ့တွင် ပေါက်လာသည်။ ၎င်းအဖုအပိမ့်များက ယားယံနာကျင်ကာ
အနာများဖြစ်လာပြီး ၎င်းအနာများ ပျောက်ကင်းသွားချိန်တွင် အမာရွတ်များ ခန္ဓာကိုယ်အနှံ့တွင်
ကျန်ရစ်ခဲ့မည်ဖြစ်သည်။ မျောက်ကျောက်ရောဂါသည် ကူးစက်ရောဂါဖြစ်သော်လည်း ကိုဗစ်-၁၉
ကူးစက်မှုလောက် မပြင်းထန်ဟုဆိုသည်။ သို့ရာတွင် လူသေဆုံးနိုင်သည့် ရောဂါဖြစ်ခြင်းကြောင့်
လည်းကောင်း၊ ရောဂါပိုးမျိုးဗီဇ ပြောင်းသွားပြီး ပြင်းထန်သွားနိုင်ခြင်းကြောင့် လည်းကောင်း
ပေါ့ဆစွာ သဘောမထားကြရန် ပညာရှင်များက တိုက်တွန်းထားသည်။
မျောက်ကျောက်ရောဂါ စတင်တွေ့ရှိလာရသည့် နိုင်ငံများမှာ အမေရိကန်၊
ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ နယ်သာလန်၊ အီတလီ၊ ဩစတြေးလျ
စသည့် နိုင်ငံများဖြစ်ကြပြီး သံသယလူနာတွေ့ရှိသည့် နောက်ထပ်နိုင်ငံများလည်း
ပေါ်ထွက်လာနေသည်။ ကျန်းမာရေးစောင့်ရှောက်မှု အားကောင်းသည့် နိုင်ငံများတွင်
အာဖရိကမှ မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့ မှုက ကြိုတင်ကာကွယ်တားဆီးခြင်းသည်
ကုသခြင်းထက် ပိုမိုအရေးပါသည်ကို သက်သေထူနေသည်။ မမေ့မလျော့ မပေါ့ဆသော သတိတရားဖြင့်
ကူးစက်ရောဂါအပေါင်းတို့ကို ရှောင်ရှားနိုင်ကြပါစေကြောင်း။ ။
No comments:
Post a Comment