Tuesday, May 3, 2022

မိုးညှင်းခရိုင်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ခဲ့ရာတွင် ၈၃ ဒဿမ ၂၈ ရာခိုင်နှုန်းထိ ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်ပေး

 

 မိုးညှင်း မေ ၃

 ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေး လုပ်ငန်းဆောင်ရွက်ခဲ့ရာတွင် ၈၃ ဒဿမ ၂၈ ရာခိုင်နှုန်းထိ ပြီးစီးနေပြီဖြစ်ပြီး ကျန်ရှိနေသူများအား ရာနှုန်းပြည့်မီအောင် အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက် ပေးနေကြောင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ သိရသည်။

လူမှုဘဝပြည်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ မိုးညှင်းခရိုင်အတွင်း နေထိုင်လျက်ရှိကြသော ဒေသခံတိုင်းရင်းသားပြည်သူများမှ မွေးရာပါနိုင်ငံသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရန်အတွက် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်းများကို ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိရာ မိုးညှင်းခရိုင်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးမည့်လူဦးရေမှာ (၆၉,၁၅၀)ဦးရှိပြီး ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှစတင်၍ ၂၀၂၂ ခုနှစ် ဧပြီလ ၂၈ ရက်နေ့အထိ ဆောင်ရွက်ပြီးစီးခဲ့သည့် လူဦးရေမှာ (၅၇,၅၈၀)ဦးဖြစ်၍ ပြီးစီးမှု ရာခိုင်နှုန်းမှာ ၈၃ ဒဿမ ၂၈ ရာခိုင်နှုန်းရှိကြောင်းနှင့် ကျန်ရှိနေသေးသည့် တိုင်းရင်းသား ပြည်သူများကို သတ်မှတ်ရာခိုင်နှုန်း ပြည့်မီသည်အထိ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်လုပ်ငန်းများဆောင်ရွက်ရာတွင် ဝေးလံပြီးသွားလာရခက်ခဲ့သည့် ကျေးရွာများတွင်လည်း မိုဘိုင်းစနစ်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ မိုးညှင်းမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား လာလုပ်ကြသည့် တိုင်းရင်းသား ပြည်သူများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများအား ကာကွယ်ဆေးထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)

No comments:

Post a Comment