Tuesday, May 3, 2022

၂၇-၄-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း


 

(ယမန်နေ့မှအဆက်)

Myanmar Hard Talk သတင်းဌာနမှ သတင်းထောက် ကိုဥက္ကာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုသည် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ၏ ငြိမ်းချမ်းရေးခရီးစဉ်နှင့် ဆက်စပ်မှု ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းသည်။

သက်ဆိုင်ရာခေါင်းဆောင်များကို တိုက်ရိုက်တွေ့ဆုံမည်

ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိုပါကိစ္စနှင့် ဆက်စပ်မှုမရှိကြောင်း၊ သို့သော် မစ္စတာဆာဆာကာဝါသည် မြန်မာနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ပါဝင်ကူညီဆောင်ရွက်နေသူဖြစ်ကြောင်း၊ AA နှင့်ဖြစ်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခ များနှင့်ပတ်သက်ပြီး ထပ်မံမဖြစ်ပွားအောင် အဓိက အကျိုးဆောင်နေသည့်သူဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ဆောင်ရွက်ရန် မစ္စတာဆာဆာကာဝါပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သတင်းထောက်ကြီး မေးသလို ဖိတ်ခေါ်ခဲ့ခြင်းသည် မစ္စတာဆာဆာကာဝါနှင့် ဆက်စပ်ခြင်းမရှိကြောင်း ပြောလိုကြောင်း၊ မိမိတို့ဖိတ်ခေါ်ခဲ့ခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ယခင်ကတည်းကတိုင် ပြောခဲ့ပြီးဖြစ်ကြောင်း၊ လွတ်လပ်ရေးရရှိသည်မှာ ၇၅ နှစ်ရှိပြီဖြစ်သော်လည်း ပြည်သူများအနေဖြင့် လွတ်လပ်ရေး၏ အရသာ၊ ဒီမိုကရေစီ၏ အရသာ၊ ငြိမ်းချမ်းရေး အရသာကို အပြည့်အဝ မခံစားရသေးကြောင်း၊ ထို့ကြောင့် ပြည်သူများ အပြည့်အဝခံစားနိုင်ရန် မိမိတို့အနေဖြင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းမှရမည်ဆိုသည့် ခံယူချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာ ခေါင်းဆောင်များကို တိုက်ရိုက်တွေ့ဆုံမည်ဖြစ်ကြောင်း။

ယင်းကိစ္စနှင့်ပတ်သက်၍ EAOs အဖွဲ့ ခေါင်းဆောင်များကို မိမိအနေဖြင့် မေတ္တာရပ်ခံလိုသည်မှာ ယခင်က ခေါင်းဆောင်များက ပြောလေ့ရှိသည်မှာ ငြိမ်းချမ်းရေး လုပ်ဆောင်ရာတွင် အစိုးရက တစ်မျိုး၊ တပ်မတော်က တစ်မျိုး၊ လွှတ်တော်က တစ်မျိုးဟု ပြောလေ့ရှိကြောင်း၊ လက်ရှိလုပ်ဆောင်မည်မှာ တစ်ဦးတည်းဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိအခြေအနေ၊ အချိန်အခါမျိုးသည် မရှိနိုင်ကြောင်း၊ သဘောထားရိုးသားစွာဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်သည်ဟု ပြောခဲ့ပြီးဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုတွင် အချို့ EAOs အဖွဲ့သည် EAOs အဖွဲ့ချင်း တူသော်လည်း သမိုင်းကြောင်းများ မတူညီသလို နယ်မြေလည်း မတူညီခြင်းကြောင့် တောင်းဆိုမှုများလည်း ကွဲပြားမှုရှိနိုင်ကြောင်း၊ သို့သော် တူညီသည့် အချက်များလည်း ရှိမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တွေ့ဆုံဆွေးနွေးရာတွင် အားလုံးကို တွေ့ဆုံမည်လား၊ တစ်ဖွဲ့ချင်းတွေ့ဆုံမည်လား ဆိုသည်မှာ နှစ်မျိုးလုံးဖြစ်နိုင်ကြောင်း၊ အခြေခံအချက်အလက်များ မတူညီသည့်အတွက် နှစ်မျိုးစလုံးဖြစ်နိုင်သည်ဟု ပြောလိုကြောင်း၊ ထို့ကြောင့် လက်ရှိအချိန်အခါမျိုးသည် မရှိသလောက်ရှားသည်ဟု မိမိအနေဖြင့် ပြောလိုကြောင်း။

သမိုင်းကို ပြန်လှည့်ကြည့်မည်ဆိုပါက ဆွေးနွေးမှုများ များစွာပြုလုပ်ခဲ့ကြောင်း၊ ၁၉၆၂ တော်လှန်ရေး ကောင်စီတက်လာသည့် အချိန်တွင် KNC အဖွဲ့ (ကရင် တော်လှန်ရေးကောင်စီ) ဘွဲ့ထူးဂုဏ်ထူးပေးလိုက်သည့် စောဟန်တာသာမွှေး ဦးဆောင်သည့်အဖွဲ့နှင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ပထမဆုံးတရားဝင် လက်မှတ်ရေးထိုးသည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း၊တပ်မတော် အစိုးရလက်ထက်တွင်လည်း တစ်ယောက်တည်းဖြစ်ကြောင်း၊ အဆိုပါကာလတွင် အဖွဲ့ကြီး၊ အဖွဲ့ငယ် ၁၇ ဖွဲ့လည်း ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးနိုင်သည့်အဆင့် မရောက်ရှိခဲ့သော်လည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို နှစ်ပေါင်းဆယ်စုနှစ်ချီ၍ လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် အချို့ဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာခဲ့ကြောင်း၊ ထိုအခြေအနေများကို EAOs အဖွဲ့ခေါင်းဆောင်များအနေဖြင့် မိမိတို့နေထိုင်သည့် တိုင်းရင်းသားပြည်သူလူထု၊ မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် တိုင်းရင်းသားပြည်သူလူထုတို့၏ အကျိုးကို ငဲ့ကွက်သောအားဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောလိုကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေသည်ဆိုသည့် စကားသံများဖြင့် အဖွဲ့လိုက်ရှင်းပြပြီး ရရှိပြီးဖြစ်ကြောင်း၊ EAO အဖွဲ့ခေါင်းဆောင် တစ်ဦးပြောခဲ့သည့်စကားကို ရည်ညွှန်းပြီး ပြောလိုကြောင်း၊ “သတ္တိရှိလို့ စစ်တိုက်ရင် ဒါ့ထက်ပိုပြီး သတ္တိရှိရင် ငြိမ်းချမ်းရေးစကားလည်း ပြောရဲရမှာပေါ့” ဆိုသည့်အတိုင်း မိမိအနေဖြင့် အထူးအလေးအနက်ထားပြီး တိုက်တွန်းလိုကြောင်း ပြန်လည်ဖြေကြားသည်။

ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ

Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက NLD အစွန်းရောက် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ၏ လှုံ့ဆော်မှုကြောင့် PDF ထဲကိုရောက်ရှိနေသည့် လူငယ်အချို့သည် ၎င်းတို့၏မိဘ၊ နေရပ်ထံကိုပြန်လိုကြသည့် သတင်းများကြားသိရကြောင်း၊ မိဘများအနေဖြင့်လည်း ပြန်လည်ခေါ်ဆောင် လိုကြသည်များလည်း ကြားသိရကြောင်း၊ ထိုသို့ အကြမ်းဖက်အဖွဲ့အတွင်း ရောက်ရှိနေသည့် လူငယ်များအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မည်သို့ပြန်လည် ဆောင်ရွက်ပေးနိုင်သည်ကို သိလိုကြောင်း၊ PDF အတွင်းရောက်ရှိပြီးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ ဆက်သွယ်ပြီး ဝင်ရောက်လာသည့် လူငယ်များကို ပြန်လက်ခံကာ စောင့်ရှောက်ပေးခြင်းမျိုး ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိတို့အနေဖြင့် ယင်းကိစ္စနှင့်ပတ်သက်ပြီး သတင်းစာထဲတွင်လည်း အသေးစိတ်ကြေညာ ထားပြီးဖြစ်ကြောင်း၊ လူငယ်များသည် တက်ကြွသူများဖြစ်ကြောင်း၊ စူးစမ်းလေ့လာလိုစိတ် ရှိသူများဖြစ်ကြောင်း၊ ယင်းသို့ စိတ်ဓာတ်တက်ကြွသည့်လူငယ်များကို လမ်းမှားရောက်အောင် တွန်းပို့ခဲ့သည့် လူများလည်းရှိကြောင်း၊ ထို့ကြောင့် အကြမ်းဖက်အဖွဲ့ PDF အတွင်းသို့ ရောက်ရှိသူများ၊ အကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသည့် သူများလည်းရှိကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်များ ထုတ်ပြန်ထားကြောင်း၊ ရာဇဝတ်မှုတစ်ခုခုကို ကျူးလွန်ခြင်းမရှိပါက တရားဥပဒေအရ ကင်းလွတ်ခွင့်ရမည်ဖြစ်ပြီး ပြန်လည်လက်ခံ ကြိုဆိုခြင်းခံရမည်ဖြစ်ကြောင်း၊ တစ်ဖက်နှင့် တစ်ဖက် နှစ်ပေါင်းများစွာ တိုက်ခိုက်လာကြသည့် အဖွဲ့များပင် အလင်းဝင်လာပါက လက်ခံရသည်ဖြစ်ကြောင်း၊ လူငယ်များသည် ပြည်သူလူထု၏ သား၊ သမီးများပင်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ပြည်သူလူထုများ၊ မြန်မာနိုင်ငံသားများပင်ဖြစ်ကြောင်း၊ မည်သူသေသေ မြန်မာနိုင်ငံသားများ သေခြင်းဖြစ်သောကြောင့် ယင်းကိစ္စကို လေလုံးထွားပြီး ဂုဏ်ယူနေစရာ အကြောင်းမရှိဟု ပြောလိုကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြန်လည်လက်ခံသွားရန်၊ ပြန်လည်စောင့်ရှောက်သွားရန် အသင့်ရှိသည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေးမိန့်ခွန်းသည် ကြိုဆိုရမည့်ကိစ္စတစ်ခု ဖြစ်သည်ကို အများစုက လက်ခံထားရှိကြောင်း၊ သို့သော် ယနေ့ဒီအချိန်အထိ NLD အစွန်းရောက်များက အကြမ်းဖက်လုပ်ရပ်များကို နေ့စဉ်ရက်ဆက် လုပ်ဆောင်လျက်ရှိပြီး သတ်ဖြတ်မှုများလည်း လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကြမ်းဖက်များက မည်သို့နှောင့်ယှက်လာနိုင်ခြေရှိသည်၊ နှောင့်ယှက်လာပါက မည်သို့ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသည်ကို သိလိုကြောင်း၊ ဆက်စပ်မေးခွန်းအဖြစ် လေးနှစ်သင် ပညာရေးဒီဂရီကောလိပ်များတွင် ဒုတိယနှစ်မှစတင်ပြီး သင်ရိုးညွှန်းတမ်းများ ပြည့်စုံမှုမရှိသေးသည်ဟု ကြားသိရကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနအပိုင်းက ဆောင်ရွက်နေသည်များကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြိမ်းချမ်းရေး ဖိတ်ခေါ်သည့် အကြောင်းနှင့်ပတ်သက်ပြီး EAOs များ၏ သဘောထားကို မိမိအနေဖြင့် အဖွဲ့လိုက်ပြောခဲ့ကြောင်း၊ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ၊ မရေးထိုးရသေးသည့် အဖွဲ့များနှင့် ပတ်သက်၍ သဘောထားများနှင့် ပတ်သက်ပြီး သဘောထားများသည် မိမိပြောခဲ့သည့် အတိုင်းပင်ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ နေ့စဉ်အကြမ်းဖက်မှု ကျူးလွန်ခြင်းများ ရှိကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်၍ ပြည်သူပါဝင်သည့် အင်အား၊ လိုအပ်သည့် အထောက်အပံ့ပစ္စည်း အပြည့်အစုံ ဆောင်ရွက်ပေးသွားရန် အစီအစဉ်ရှိကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် မိမိအနေဖြင့် မေတ္တာရပ်ခံလိုသည်မှာ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ဖြစ်ပေါ်တိုးတက်အောင် မီဒီယာများအနေဖြင့် တတ်နိုင်သည့်ဘက်မှ စတုတ္ထမဏ္ဍိုင်ပီသစွာ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုကြောင်း ပြန်လည်ဖြေကြားသည်။

ပညာရေးဒီဂရီကောလိပ်များ

ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပညာရေးဒီဂရီကောလိပ်များတွင် လေးနှစ်သင် သင်တန်းများနှင့်ပတ်သက်၍ လောလောဆယ် ပညာရေးဒီဂရီကောလိပ်များတွင် လက်ရှိဖွင့်လှစ်ထားရှိသည့် ပထမနှစ်နှင့် ဒုတိယနှစ်သင်တန်းများအတွက် သင်ရိုးညွှန်းတမ်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့်သင်တန်းများမှာ ဖွင့်လှစ်ခြင်း မရှိသေးသဖြင့် ဆောင်ရွက်ဆဲသာရှိကြောင်း၊ ပညာရေးဒီဂရီကောလိပ်နှင့် ပတ်သက်သည့် ဆရာအတတ်သင် ပညာဦးစီးဌာနအတွက် ညွှန်ကြားရေးမှူးချုပ်လည်း ရောက်ရှိနေပြီဖြစ်ကြောင်း၊ ယင်းဦးစီးဌာနသည် အသစ်ဖြစ်သည့်အတွက် ၎င်းဦးစီးပြီးဆက်လက်ဆောင်ရွက်နေကြောင်း ဖြည့်စွက်ပြောကြားသည်။

People Media မှ သတင်းထောက်ချုပ် ဦးကျော်စိုးဦးက PDF များကို လက်နက်များ တပ်ဆင်ပေးခြင်း၊ စစ်သင်တန်းပေးခြင်းများ ဆောင်ရွက်ပေးနေသည့် KNU၊ KIA အဖွဲ့များနှင့်ပတ်သက်ပြီး အစိုးရနှင့် ၎င်းအဖွဲ့များနှင့် ဆက်ဆံရေးအခြေအနေကို သိလိုကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများကို မွေးထုတ်ပေးသည့် လက်နက်ကိုင်အဖွဲ့များကို မည်သို့ပြောလိုသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက PDF အဖွဲ့များကို အဓိကအားဖြင့် လက်နက်နှင့် သင်တန်းပေးနေသည့် အဖွဲ့အစည်းများရှိကြောင်း၊ သတင်းထောက်ကြီးပြောသည့် အဖွဲ့အစည်းများပါသလို အခြားအဖွဲ့အစည်းများလည်း ပါဝင်ပတ်သက်နေကြောင်း၊ လက်တွေ့ဖြစ်ပျက်နေသည့် အခြေအနေကို သုံးသပ်ရန်လိုကြောင်း၊ ယခင်တုန်းက EAOs အဖွဲ့များရှိနေသည့် နယ်မြေများသာ နစ်နာမည်ဖြစ်ကြောင်း၊ ယခင်ငြိမ်းချမ်းခဲ့စဉ်က ဖွံ့ဖြိုးတိုးတက်မှုရှိခဲ့ကြောင်း၊ ယခုအချိန်တွင် သေနတ်သံ၊ ဗုံးသံများ ပြန်လည် ကြားနေရကြောင်း၊ ၎င်းတို့အကြားတွင်လည်း သဘောထားကွဲလွဲမှုများရှိသည်ဟု ကြားသိခဲ့ရကြောင်း၊ KNPP က ကန့်ကွက်ထားသည့် NUG က ၎င်းတို့နယ်မြေအထဲတွင် ယင်းတို့အုပ်ချုပ်ရေးစနစ်များ၊ ကြေညာခြင်းများရှိခြင်းကြောင့် သဘောထား ကွဲလွဲမှုများရှိနေကြောင်း၊ ထို့အပြင် အခြားသဘော ထားကွဲလွဲမှုများလည်း ရှိသေးကြောင်း။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး

မိမိပြောလိုသည်မှာ EAOs အဖွဲ့များအနေဖြင့် မိမိတောင်းဆိုချက်၊ မိမိတို့၏ ရပ်တည်ချက်များကို ပြန်လည်ဆန်းစစ်ရန်လိုကြောင်း၊ ခြုံငုံပြောရလျှင် တကယ်တောင်းဆိုနေသည်မှာ တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် တိုင်းရင်းသားနယ်မြေများ၏ အခွင့်အရေးဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် တိုင်းရင်းသားနယ်မြေများ၏ အခွင့်ရေးကိုရရှိရန်အတွက် မဲလိမ်၊ မဲခိုးမှုကို ရှင်းလင်းခြင်းမပြုဘဲ မဲလိမ်မဲခိုးမှုကို ရှင်းနိုင်သည့် အခွင့်အရေးများ၊ ညှိနှိုင်းနိုင်သည့် အခွင့်အရေးများ ပေးထားလျက် မရှင်းဘဲ အကြမ်းဖက်လုပ်ရပ်ကို ရွေးချယ်ပြီး ထွက်ပြေးသွားသည့် လူများကို ထောက်ခံမှ၊ ပံ့ပိုးမှ EAOs များ တောင်းဆိုနေသည့် တိုင်းရင်းသားများ၏ အခွင့်အရေး၊ တိုင်းရင်းသားနယ်မြေများ၏ အခွင့်အရေးက ရမည်လား၊ နံပါတ်တစ်အနေဖြင့် ယင်းအချက်ကို စဉ်းစားရန်လိုကြောင်း၊ နံပါတ်နှစ်အနေဖြင့် ဖြစ်တည်မှု သမိုင်းကြောင်း၊ ရပ်တည်ချက်များ မတူညီသည်ကို သတိပြုရန်လိုကြောင်း၊ ဖြစ်တည်မှု သမိုင်းကြောင်း ရပ်တည်ချက်များ မတူညီပါက မည်သည့်အကြောင်းများ ဖြစ်လာနိုင်မည်ကိုလည်း သိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပြောကြားခြင်းဖြစ်ကြောင်း၊ အကြောင်းမဲ့ ပြောခြင်းမဟုတ်ကြောင်း၊ ပဲခူးရိုးမမှ ဗကပ(ဗဟို) အရှေ့မြောက်ဒေသကို ရောက်သွားသည့်အချိန်တွင် အရှေ့မြောက်ဒေသ ဖြစ်သွားသည်ကို မိမိပြောခြင်းဖြစ်ကြောင်း၊ အရှေ့မြောက်ဒေသ၌ ဗကပချုပ်ငြိမ်းသွားသည့်အချိန်တွင် ယင်းဒေသ မည်သို့ဖြစ်သွားသည်ဆိုသည်ကို မိမိပြောခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းကိစ္စနှင့်ပတ်သက်၍ မိမိပြောလိုသည်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်နိုင်ရေးအတွက် တံခါးဖွင့်နိုင်သမျှဖွင့်၍ ဆောင်ရွက်လျက်ရှိကြောင်း။

ထို့ကြောင့် EAOs များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားဒေသများ၏ အကျိုး၊ မိမိတို့၏ နယ်မြေ ဒေသအကျိုး၊ မြန်မာပြည်သူလူထုတစ်ရပ်လုံး အကျိုး၊ တိုးတက်ဖွံ့ဖြိုးလိုသည့် အကျိုးများကို ရှေးရှုပြီး ပူးပေါင်းပါဝင်လက်တွဲကာ ဆောင်ရွက်နိုင်ပါက မိမိတို့အာမခံထားသည့် တပ်မတော်နှင့် နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို အာမခံပြီးဖြစ်ကြောင်း၊ အာမခံသည်ကို ပြန်လည်ခွဲခြမ်းစိတ်ဖြာကြည့်မည်ဆိုပါက နံပါတ်တစ်အနေဖြင့် ဒီမိုကရေစီစနစ်ကို အာမခံကြောင်း၊ မည်သို့သော ဒီမိုကရေစီစနစ်လဲဆိုလျှင် ပါတီစုံဒီမိုကရေစီစနစ်ကို အာမခံကြောင်း၊ နံပါတ်နှစ်အနေဖြင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို အာမခံကြောင်း၊ EAOs များအနေဖြင့် မည်သည်ကို တောင်းဆိုနေတာလဲဟု မေးလိုကြောင်း၊ တောင်းဆိုသည့်အထဲတွင် ဖက်ဒရယ်ဆိုသည့် စကားရပ်အမြဲပါလေ့ရှိကြောင်း၊ ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို အာမခံပြီးဖြစ်ကြောင်း၊ ဖက်ဒရယ်ဆိုသည့်နေရာတွင် လုပ်ပိုင်ခွင့်အာဏာနှင့် ခွဲဝေရယူခြင်းဆိုသည့် ကိစ္စကို မိမိတို့ ပြောပြီးဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားများ၊ EAOs ခေါင်းဆောင်များ သတိချပ်စေလိုသည်မှာ NLD လက်ထက်တွင် ၎င်းတို့တောင်းဆိုခဲ့သည့် ပုဒ်မ-၂၆၁ ဝန်ကြီးချုပ်ခန့်ထားရေးနှင့် ပတ်သက်၍ တောင်းဆိုခဲ့သည့်နေရာတွင် ပြည်နယ်က တိုင်းရင်းသားများတင်လိုသည့်၊ တိုင်းရင်းသားပါတီများ တင်လိုသည့်၊ ဝန်ကြီးချုပ်တင်လျှင် ကောင်းမည်ဟုဆိုသည့် အဆိုကို ပထမဆုံးထောက်ခံခဲ့သည်မှာ တပ်မတော်သာ ဖြစ်သည်ကို မမေ့ရန်လိုသည်ဟု မိမိပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

ငြိမ်းချမ်းရေးဖော်ဆောင်မှု ဆွေးနွေးပွဲများ

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက မိမိအနေဖြင့် မေးခွန်းမမေးမီ ဗိုလ်ချုပ်မီဒီယာများကို ဖြေကြားပေးရန် မေးခွန်းထုတ်သွားတာရှိပါကြောင်း၊ ထိုထဲမှ မေးခွန်းတစ်ခုကို ဖြေကြားလိုပါကြောင်း၊ UEC အနေဖြင့် မဲစာရင်းမှားယွင်းမှုကိစ္စနှင့် ပတ်သက်ပြီး မီဒီယာများအနေနှင့် မေးမြန်းမှုများရှိပါသလား၊ ၎င်းတို့ကဖြေကြားမှုရှိခဲ့လား ဆိုသည်ကို မိမိပြောကြားလိုကြောင်း၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မိမိကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်မှာ မိမိသည်မဲရုံတစ်ရုံကိုသွားကြောင်း၊ မဲရုံမှူးနှင့် အဆင်ပြေကြောင်း၊ မဲရုံထဲတွင် ရိုက်ကူးရေးလုပ်၍ရကြောင်း၊ ထိုအချိန်တွင် မဲရုံ၏အပြင်၌ ရှိနေသည့် အဖွဲ့တစ်ဖွဲ့က ကန့်ကွက်မှုများလုပ်ပြီး ရပ်/ ကျေး ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌကို လှမ်းပြီးအကြောင်းကြားကြောင်း၊ ရပ်/ကျေးဥက္ကဋ္ဌနှင့် မိမိက ကြိုတင်မဲပေးသည့်အချိန်တွင် ရင်းနှီးပြီးသားဖြစ်ကြောင်း၊ သို့သော် ၎င်းဥက္ကဋ္ဌရောက်လာပြီး မိမိရိုက်ပြီးသား ဓာတ်ပုံများကို ပြခိုင်းခဲ့ကာ တရားဥပဒေအရ တရားစွဲခံရမည်ဟုပြောသည်အထိရှိခဲ့ကြောင်း၊ ထိုနေ့က ဖြစ်စဉ်ကို စာနယ်ဇင်း ကောင်စီအတွင်းရေးမှူးဖြစ်သည့် ဦးမြင့်ကျော်ထံ သတင်းပို့ခဲ့ကြောင်း၊ အဘယ်ကြောင့် ထိုသို့သတင်းပို့ရသည်ဆိုပါက အကယ်၍ မိမိအဖမ်းအဆီးခံရမည်ဆိုပါက စာနယ်ဇင်းကောင်စီအနေဖြင့် ရှင်းလင်း၍ ရနိုင်ရန်ဖြစ်ကြောင်း၊ ထိုကဲ့သို့ပင် ရွေးကောက်ပြီးသည့်အချိန်တွင် UEC ကပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် သတင်းထောက်ညီမငယ်တစ်ဦးက နေပြည်တော်မဲရုံတွင် ဖြစ်ပေါ်ခဲ့သည့် ၎င်း၏ကိုယ်တွေ့မှားယွင်းနေသည့်ကိစ္စများ ပြောပြသည့်အချိန်၌ တာဝန်ဝတ္တရား နှောင့်ယှက်မှုနှင့် တရားစွဲခံရမည်ဟု ပြောသွားသည့်ကိစ္စမှာ ရုပ်သံဗီဒီယိုဖိုင်များလည်း ရှိကြောင်း၊ ထိုသို့ပြောဆိုခဲ့သည့်အပြင် အချက်အလက်ခိုင်ခိုင်မာမာနှင့် ပြောသွားသည်ကို “စိတ်ကူးယဉ်ဆန်နေတာလား” ဆိုသည့် ပြောကြားမှုမျိုးရှိခဲ့ကြောင်း၊ ထိုကိစ္စများ ဖြစ်ပွားပြီးသည့်နောက်ပိုင်းတွင် မီဒီယာများသည် UEC နှင့် မဲကိစ္စများနှင့်ပတ်သက်၍ ထိုအချိန်က ရှေ့ဆက်ပြောဆိုရန် မဖြစ်နိုင်တော့သည်ကို သဘောပေါက်သွားကြောင်း၊ ထိုကိစ္စကဗိုလ်ချုပ်မေးသည့် မေးခွန်းကို ဖြေပြီးသားဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ အကြံပေးသည့်ကိစ္စနှင့် ပတ်သက်၍ အကြံပြုလိုသည်မှာ လာမည့်ရွေးကောက်ပွဲတွင် လက်ရှိ UEC အနေဖြင့် အလားတူဖြစ်စဉ်မျိုးအား စံနမူနာထား၍ မီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ရန် မိမိအနေဖြင့် တိုက်တွန်းလိုကြောင်း၊ မိမိအနေဖြင့် အကြံပြု တိုက်တွန်းလိုသည့် အကြောင်းအရာ တစ်ခုရှိကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး အရှေ့ပိုင်းတွင် ဗိုလ်ချုပ်ပြောခဲ့ကြောင်း၊ သတင်းသမားတစ်ယောက်၏ မေးမြန်းမှုကို ဖြေကြားသည့်အချိန်တွင် မီဒီယာများသည် စတုတ္ထမဏ္ဍိုင်တစ်ခုအနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဆွေးနွေးပွဲများ လုပ်ဆောင်နေသည့်အချိန်တွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် ပြောခဲ့ကြောင်း။

NLD အစိုးရလက်ထက်က ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအကျဉ်းထောင်ထဲတွင် ရှိနေဆဲဖြစ်သည့် ပုဂ္ဂိုလ်များအထဲတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ထိထိရောက်ရောက် အကျိုးဆောင်ပေးနိုင်သည့် ပုဂ္ဂိုလ်များရှိနေကြောင်း၊ ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကြီးအနေဖြင့် သာသနာရေး ဝန်ကြီးဟောင်းဖြစ်သည့် ဦးအောင်ကိုအား ပြစ်ဒဏ်ထက်ဝက် လျှော့ချပေးလိုက်သည်ဆိုသည့် ကိစ္စကို နိုင်ငံတော်အမိန့်ပြန်တမ်းနှင့် ထုတ်ပြန်ခဲ့ကြောင်း၊ မိမိပြောသွားသည့် ငြိမ်းချမ်းရေး အကျိုးဆောင်ပုဂ္ဂိုလ်များအနက် လက်ရှိကာလတွင် ပြစ်ဒဏ်အနည်းငယ်သာ ကျန်တော့သည့် ပုဂ္ဂိုလ်များလည်းရှိကြောင်း။

၅၀ ရာခိုင်နှုန်းအထက်၌ရှိ

NLD ပါတီ၏ နိုင်ငံရေးအကောက်ကြံမှုကြောင့် လက်ရှိအကျဉ်းကျခံနေရသည့် UDP ပါတီဥက္ကဋ္ဌ နှင်းဆီ ဦးကျော်မြင့်ဆိုလျှင် လက်ရှိပြစ်ဒဏ်ကာလမှာ တစ်နှစ်ကျော်သာ ကျန်တော့ကြောင်း၊ အရှေ့ပိုင်းတွင် လွှတ်ပေးခဲ့သည့် အချို့ပုဂ္ဂိုလ်များဆိုလျှင် ပြစ်ဒဏ် ၁၂ နှစ်ကို ခြောက်နှစ်အထိ လျှော့ချပေးခဲ့ကြောင်း၊ ဦးကျော်မြင့်ကဲ့သို့ ပုဂ္ဂိုလ်မျိုးဆိုပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ထိထိရောက်ရောက် ထဲထဲဝင်ဝင် ရှိသည်ကို အကြံပြုလိုကြောင်း၊ ဦးကျော်မြင့်၏ ယောက္ခမဆိုလျှင် ဗကပကာလက စစ်ဦးစီးချုပ်ဖြစ်ခဲ့ကြောင်း၊ “ဝ”ဒေသတွင်လည်း ဗဟိုကော်မတီဝင်ဖြစ်ခဲ့ကြောင်း၊ ဦးကျော်မြင့်ကိုယ်တိုင်မှာလည်း ထိုအချိန်က ဗျူဟာမှူးတစ်ဦးအဆင့်ရှိခဲ့သကဲ့သို့ လက်ရှိမြောက်ပိုင်းရှစ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သည့် UWSA ဦးပေါက်ယူချမ်းနှင့်လည်း သွေးသောက်ညီအစ်ကိုဖြစ်ခဲ့ကြောင်း၊ ယခုငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင် ၎င်းအပါအဝင် ကျန်သည့်ပုဂ္ဂိုလ်များလည်းရှိကြောင်း၊ မိမိအနေဖြင့် နာမည်မမှတ်မိကြောင်း၊ ၎င်းပုဂ္ဂိုလ်များကို ပူးပေါင်းဆောင်ရွက်ရန် ဗိုလ်ချုပ်တို့အနေဖြင့် ဖိတ်ခေါ်ပြီး ၎င်းတို့၏ပြစ်ဒဏ်များကို ပြန်လည်လွတ်ငြိမ်းခွင့်ပေး၍ ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ရန် အကြံပြုလိုကြောင်း၊ ယခုလက်ရှိ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အဆင်ပြေအောင်မြင်၍ တိုင်းပြည်ငြိမ်းချမ်းသွားပြီဆိုပါက အနာဂတ်ကာလတွင် မြေပေါ်မြေအောက် ပေါင်းစပ်မှု ဖြစ်သွားပြီးဖြစ်သည့်အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်တိုးမြှင့် လုပ်ဆောင်နိုင်တော့မည်ဖြစ်ကြောင်း၊ အောင်မြင်ရန် အလားအလာမှာ ဗိုလ်ချုပ်ပြောသွားသည့် အချက်အလက်များနှင့် မြေပြင်အခြေအနေအရ လက်ရှိတွင် ၅၀ ရာခိုင်နှုန်းအထက်၌ ရှိနေကြောင်း၊ ကျန်သည့်ကိစ္စအနည်းငယ်ကိုသာ အားစိုက်ထုတ်ရန် လိုသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် နစကအနေဖြင့် လက်ရှိတွင် လုပ်ငန်းအစီအစဉ်၊ စီမံချက်များ ရေးဆွဲထားပြီးဖြစ်သည်ဟုလည်း ကြားရကြောင်း၊ ၎င်းကိစ္စများကို ပြည်သူများ သိရှိနိုင်ရန် မည်သည့်အချိန်တွင် ချပြမည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မိမိတို့လုပ်ဆောင်ထားသည့်ကိစ္စများ ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကလည်း မကြာခဏပြောကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ၂၀၂၂ ခုနှစ်တွင် လုပ်ဆောင်သွားမည့် မဟာဗျူဟာများ၊ နည်းဗျူဟာများ ရှိပြီးဖြစ်ကြောင်း၊ မိမိတို့အစိုးရသည် (intern) အစိုးရဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်း၌ အကြားအလပ်မရှိ ကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ရွေးကောက်ပွဲကို General election ဆိုသည့် နာမည်နှင့်အညီ တစ်နိုင်ငံလုံး ပျံ့ပျံ့နှံ့နှံ့ မျှမျှတတ ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကိစ္စများပြီးပါက မိမိတို့အနေဖြင့် မိမိတို့၏ တာဝန်များကိုသာ ဆက်လက်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း။

မိမိတို့လက်ရှိတာဝန်ယူဆဲကာလ၌ နိုင်ငံတော်ကို တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်မှုရရှိရန် အမျိုးသားရေးရည်မှန်းချက် ချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကိစ္စကိုလည်း ပြည်သူလူထုအား ပြောပြီးဖြစ်ကြောင်း၊ မိမိတို့ ယခုဆောင်ရွက်နေသည့် အမျိုးသားရေးရည်မှန်းချက် (၂)ရပ်၊ နိုင်ငံတော် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး ကိစ္စများကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အသေးစိတ်အစီအစဉ်များကို Cabinet အစည်းအဝေးများ၊ မိန့်ခွန်းများနှင့် ကောင်စီအစည်းအဝေးများတွင် မကြာခဏပြောပြီးဖြစ်ကြောင်း၊ ထိုသို့ပြောကြားချက်များ ရှိသည်ဟု ရိုးရိုးသားသား ဝန်ခံကြောင်း ပြန်လည်ဖြေကြားသည်။

ကူးစက်မှုနှုန်း သုည ဒသမ ၁၉ ရာခိုင်နှုန်းခန့်သာရှိ

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ဆက်လက်မေးမြန်းရာတွင် မူဝါဒပိုင်းဆိုင်ရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် ငါးချက်တွင် ပါဝင်သည့် ကိုဗစ်ကိစ္စနှင့်ပတ်သက်၍ ပြောရလျှင် မည်သို့ပင်ဆိုစေကာမူ အောင်မြင်သွားပြီဟု ပြောလိုကြောင်း၊ ယမန်နေ့အထိဆိုလျှင် ကူးစက်မှုနှုန်း သုည ဒသမ ၁၉ ရာခိုင်နှုန်းခန့်သာ ရှိတော့သည်ကို တွေ့ရကြောင်း၊ ကျန်သည့်လေးချက်ကိုလည်း ဆက်လက်လုပ်ဆောင်နေသည်ကို တွေ့ရကြောင်း၊ လတ်တလောတွင် မြေပြင်၊ လူမှုကွန်ရက်များနှင့် နိုင်ငံရေးအသိုင်းအဝိုင်းများအကြားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မူဝါဒများ ပြောင်းလဲနိုင်သည်ဆိုသည့် ပြောဆိုမှုများကို ကြားရကြောင်း၊ ထိုသတင်းအချက်အလက်များအရ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအနေဖြင့် မူဝါဒများပြောင်းလဲရန် အစီအစဉ်ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်ကဲ့သို့သော အစီအစဉ်မျိုးဖြစ်သည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုလတ်တလောတွင် အစီအစဉ်မရှိသေးကြောင်း၊ မိမိတို့ထုတ်ပြန်ထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ် အတိုင်းသာ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ပြောကြားခဲ့သည့် နှစ်ပတ်လည်မိန့်ခွန်းတွင် ပါပြီးဖြစ်သည့် အမျိုးသားရေးရည်မှန်းချက် (၂)ရပ်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်အား ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်၍ ငြိမ်းချမ်းရေးလုပ်ငန်းများကို တိုးမြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခြားအစီအစဉ်များ မရှိကြောင်း ပြန်လည်ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက မိမိမေးမြန်းသည့် ပထမမေးခွန်းတွင် အချက်တစ်ချက်ကျန်ခဲ့ကြောင်း၊ အနာဂတ်ငြိမ်းချမ်းရေးဖြစ်စဉ် ဖော်ဆောင်မှုနှင့် ပတ်သက်ကြောင်း မေးမြန်းသည်။

ငြိမ်းချမ်းရေးအောင်မြင်အောင်လုပ်ဆောင်ရန်

ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုကိစ္စကို မိမိဖြေခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့သည် intern အစိုးရဖြစ်ကြောင်း၊ မိမိတို့၏ရည်မှန်းချက်များတွင် ငြိမ်းချမ်းရေး အောင်မြင်အောင် လုပ်ဆောင်ရန် လုပ်ငန်းစဉ်များရှိသည်ကို ရိုးရိုးသားသားဝန်ခံကြောင်း၊ အနာဂတ် တိုင်းပြည်နှင့်လူမျိုး ဖွံ့ဖြိုးတိုးတက်ရန် နောင်တက်လာမည့်အစိုးရက ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့တွင် လတ်တလောအစီအစဉ် မရှိသည်ကိုလည်း ရိုးရိုးသားသား ဝန်ခံသည်ဟု ပြောပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

General Life သတင်းဌာနမှ သတင်းထောက် ဦးအောင်ထူးထက်က မိမိအနေဖြင့် လက်ရှိမြေယာကိစ္စကို မေးမြန်းလိုကြောင်း ယခင်က တပ်မတော်မှ လိုအပ်ချက်အရ သိမ်းယူခဲ့သည့်မြေများကို ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် ပြန်လည်စွန့်လွှတ်ခြင်းများရှိကြောင်း၊ စွန့်လွှတ်မြေများသည် မူလသိမ်းဆည်းခံ တောင်သူများထံ တပ်မတော်မှ ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေးအတွက် ပြန်လည်စွန့်လွှတ်ခြင်းဖြစ်ကြောင်း၊ သို့သော် မြေပြင်ပကတိအခြေအနေတွင် တောင်သူများလက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိသည်များလည်းရှိကြောင်း၊ အခြားသောမြေနှင့် မသက်ဆိုင်သောသူများထံသို့လည်း ရောက်ရှိသွားသည်များလည်း တွေ့ရကြောင်း၊ တောင်သူများအနေဖြင့် ပထမတစ်ချက် တပ်မတော်က လိုအပ်ချက်အရ သိမ်းခဲ့သဖြင့် တစ်ကြိမ်နစ်နာကြောင်း၊ ပြန်လည်စွန့်လွှတ်သည့်အချိန်တွင် အခြားသော သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ ရယူသွားသူများရှိသဖြင့် မရရှိတော့သည့် နစ်နာမှုများရှိကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် တပ်မတော်ကလိုအပ်ချက်အရ သိမ်းဆည်းခဲ့သည့် အခြေအနေနှင့် ဖြစ်ခဲ့သည့်ကိစ္စဖြစ်၍ ယခုလက်ရှိအစိုးရလက်ထက်တွင် အကောင်းဆုံး မည်ကဲ့သို့ ကိုင်ကွယ်ဖြေရှင်းပေးရန် ရှိသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မြေယာကိစ္စနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် အကြိမ်ကြိမ် ဖြေရှင်းပေးပြီးဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ တပ်မတော်က ပြန်လည်စွန့်လွှတ်သည့် မြေယာများကို ပိုင်ရှင်လက်ဝယ်သို့ ထည့်ပေးလိုက်ခြင်းမဟုတ်ဘဲ မြေယာစီမံခန့်ခွဲပိုင်ခွင့်ရှိသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြေစာရင်းအရ စာရင်းများသာ ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာကိုသာ အပ်နှံခြင်းဖြစ်ကြောင်း၊ အစိုးရကို ပြန်လည်အပ်နှံကြောင်း၊ အစိုးရက သက်ဆိုင်ရာကို ပြန်လည်အပ်နှံကြောင်း၊ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်လုပ်ရကြောင်း၊ တပ်မတော်က မူလပိုင်ရှင်ဖြစ်ခဲ့ခြင်း၊ မဖြစ်ခဲ့ခြင်း ဆိုသည်မှာ ၎င်းတို့၏ စာရင်းပေါက်သော စိစစ်သည့်အပေါ်သာ မူတည်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ လတ်တလောပြင်ဆင်ရန် မရှိကြောင်း မြေယာနှင့်ပတ်သက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြေစာရင်းတို့ကို ၎င်းတို့၏ လုပ်ထုံးလုပ်နည်းနှင့်အညီ ရှင်းပြပေးနိုင်ရန် သတင်းစာရှင်းလင်းပွဲသို့ ခေါ်ထားကြောင်း၊ ယခုမေးခွန်းများပြီးပါက တာဝန်ရှိသူများက ရှင်းလင်းပြမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

General Life သတင်းဌာနမှ သတင်းထောက် ဦးအောင်ထူးထက်က ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အကြား ၂၀၁၅ မှ ၂၀၂၀ ပြည့်နှစ်အကြားတွင် စွန့်လွှတ်မြေကို ပြန်လည်ပေးအပ်နိုင်ခဲ့ခြင်း အခြေအနေ၏ ဧကကိန်းဂဏန်းကို သိလိုကြောင်း မေးမြန်းသည်။

ပြန်လည်ပေးအပ်ခဲ့သည့် မြေပေါင်း ၂၁၂၇၂၂ ဒသမ ၃၆၂ ဧကရှိ

ဗိုလ်ချုပ်ဇော်မင်းထွန်းက လက်ရှိတွင် ကိန်းဂဏန်းများကို မိမိအနေဖြင့် ဖြေရှင်းပေးနိုင်ခြင်း မရှိကြောင်း သက်ဆိုင်ရာက တောင်းခံပြီးမှသာ ဖြေနိုင်မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် မူဝါဒကိုသာ ဖြေနိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်က လိုအပ်ချက်အရ သိမ်းဆည်းထားသည့်မြေများမှ မူဝါဒများချပြီး ပြန်လည်ပေးအပ်လျက်ရှိကြောင်း၊ လက်တွေ့တွင် ယခင်ကစီမံချက်များရှိကြောင်း၊ ယင်းစီမံချက်များကို လက်တွေ့အကောင်အထည်မဖော်ဘဲ နောင်တွင်လည်း အကောင်အထည်မဖော်ဖြစ်သည့် မြေများနှင့်ပတ်သက်၍ ပြန်လည်စွန့်လွှတ်ခြင်းများရှိကြောင်း၊ တပ်များတွင် လုံခြုံရေးအရ လိုအပ်သည့်မြေများရှိကြောင်း၊ လုံခြုံရေးအရ လိုအပ်သည့်မြေမှအပ ကျန်မြေများကို ပြန်လည်စွန့်လွှတ်ပါဟု ခိုင်းထားကြောင်း၊ တပ်မတော်အနေဖြင့် စွန့်လွှတ်ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းသို့စွန့်လွှတ်ခဲ့သည့် မြေများကိုလည်း သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီသာ လုပ်ရကြောင်း၊ မိမိတို့ကိုယ်တိုင်ပေး၍လည်း မရကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများကိုသာ အပ်နှံပြီးဖြစ်သည်ဟု ပြောလိုပါကြောင်း၊ ယင်းနှင့်ပတ်သက်၍ ပြည်ထဲရေးနှင့် မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိများကလည်း ဖြေကြားနိုင်သည်များ ဖြေကြားပေးရန် ပြောကြားသည်။

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ၂၀၁၆ ခုနှစ်မတိုင်ခင်တွင် တပ်မတော်အပါအဝင် ဌာနဆိုင်ရာများမှ သိမ်းဆည်းထားခဲ့သည့် မြေများမှ စွန့်လွှတ်မြေပေါင်း ၄၂၅၄၀၆ ဒသမ ၈၆ ဧက စွန့်လွှတ်ခဲ့ကြောင်း၊ ထိုအထဲမှ ဧကပေါင်း ၄၀၆၇၁၉ ဒသမ ၂၈၃ ဧကကို မူလပိုင်ရှင် လက်ရောက်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ် နောက်ပိုင်း ယခုကာလတွင် စွန့်လွှတ်မြေပေါင်း ၂၂၂၄၉၈ ဒသမ ၂၃ ဧကရှိပြီး မူလပိုင်ရှင်များလက်ထဲသို့ ပြန်လည်ပေးအပ်ခဲ့သည့် မြေပေါင်း ၂၁၂၇၂၂ ဒသမ ၃၆၂ ဧကရှိကြောင်း၊ ယင်းနေရာတွင် မေးခွန်းရှင် မေးမြန်းသည့် မေးခွန်းနှင့်ပတ်သက်၍ ဖြေကြားရမည်ဆိုလျှင် ယင်းမြေများသည် သိမ်းခဲ့သည့် နှစ်ကာလမှာ မနည်းတော့ကြောင်း၊ နှစ်ကာလမှာ ၂၀/၂၅ နှစ်ရှိကြောင်း၊ ယင်းကာလတွင် သက်ရှိထင်ရှား ရှိနေသည့် သူများရှိသော်လည်း မရှိသူများလည်းရှိကြောင်း၊ သက်ရှိထင်ရှားရှိသူများအတွက် ဖြေရှင်းရလွယ်ကူသော်လည်း သက်ရှိထင်ရှားမရှိဘဲနှင့် အမွေအကြောင်းအရ တောင်းခံသည့်သူများအတွက် ၎င်းတို့၏ အမွေဆိုင်ပြဿနာဆိုသည့်ကိစ္စ ပေါ်ပေါက်လာကြောင်း၊ ထို့ကြောင့် ယင်းကိစ္စကို တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပြီးမှသာ မူလပိုင်ရှင်ဆိုသည့်သူကို သတ်မှတ်ပြီးမှ မိမိတို့က ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယင်းနှင့်ပတ်သက်၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီက မူဝါဒ ၅၂ ချက် ကိုချမှတ်ပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထိုမူဝါဒ ၅၂ ချက်ကိုလည်း နိုင်ငံတော်သမ္မတရုံးမှ ယင်းခေတ်ကာလက အမိန့်များထုတ်ပြီး စနစ်တကျ ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment