ဗီယက်နမ် မေ ၁၇
ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Ha Dong အားကစားရုံ၌ ဘိလိယက်/ စနူကာ အားကစားနည်းမှ English Billiards တစ်ဦးချင်း ဗိုလ်လုပွဲပွဲစဉ်တွင် မြန်မာအားကစားသမား ပေါက်စက ကမ္ဘာ့ဘိလိယက်ချန်ပီယံပြိုင်ပွဲတွင် ရွှေတံဆိပ် ခြောက်ဆုနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ခြောက်ဆုရရှိထားသော စင်ကာပူနိုင်ငံသား မစ္စတာပီတာ ဂေးခရစ်ကို သုံးပွဲ - တစ်ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် ပဉ္စမမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သည့်အတွက် နိုင်ငံတော်မှ ထပ်မံဂုဏ်ပြုချီးမြှင့်ငွေ အမေရိကန်ဒေါ်လာ သုံးထောင်ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ကိုယ်စား ပေးအပ်ချီးမြှင့်သည်။
မြန်မာအားကစားသမား ပေါက်စသည် ကွာတားဖိုင်နယ်ပွဲစဉ်တွင် အိမ်ရှင်ဗီယက်နမ်ကို
သုံးပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး အကြိုဗိုလ်လုပွဲတွင် ထိုင်းနိုင်ငံနှင့်
ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ သုံးပွဲ - တစ်ပွဲဖြင့် ထိုင်းအားကစားသမားကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အလားတူ ယနေ့ပြိုင်ပွဲများအဖြစ် Hanoi National Sport Training Center ၌
ကျင်းပလျက်ရှိသော သေနတ်ပစ်အားကစားနည်း မီတာ (၅၀) Free Pistol ပြိုင်ပွဲတွင် မြန်မာသေနတ်ပစ်
အားကစားသမား မောင်ရဲထွန်းနောင်က ငွေတံဆိပ်ဆုကို လည်း ကောင်း၊ ပီတန်းအားကစားနည်း (Mixed Triple) သုံးယောက်တွဲ
ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုကို လည်းကောင်း၊ Hai Phong မြို့၌ ကနူးလှေလှော်ပြိုင်ပွဲတွင် မီတာ
၁၀၀၀ အမျိုးသမီး တစ်ဦးချင်း ပွဲစဉ်၌ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာနှင့် ထိုင်းအသင်းတို့
ယှဉ်ပြိုင်ကြရာ မြန်မာအားကစားသမား မသက်ဖြိုးနိုင်က ကြေးတံဆိပ်ဆုကို လည်းကောင်း
မြန်မာနိုင်ငံအတွက် ဆုတံဆိပ်များ ထပ်မံဆွတ်ခူးပေးနိုင်ခဲ့ပြီး မီတာ ၁၀၀၀ ကယက်လှေလှော်
အားကစားနည်း (အမျိုးသား) တစ်ဦးချင်း ပြိုင်ပွဲတွင် မောင်အောင်မျိုးသူနှင့် (အမျိုးသား)
လေးတက်လှော်ပြိုင်ပွဲတွင် မောင်ထွန်းမင်းသန့်၊ မောင်ထက်ဝေလွင်၊ မောင်စောမိုးအောင်နှင့်
မောင်မြင့်ကိုကိုတို့က လည်းကောင်း၊ ကနူးလှေလှော် အားကစားနည်း မီတာ ၁၀၀၀ (အမျိုးသား)
လေးတက်လှော် ပြိုင်ပွဲတွင် မောင်ဝင်းထိုက်၊ မောင်စိုင်းမင်းဝေ၊ မောင်မင်းနိုင်၊
မောင်သန့်ဇင်ဦးတို့က ဗိုလ်လုပွဲများသို့ တက်ရောက်သွားခဲ့သည်။
ကနူး/ကယက်လှေလှော်ပြိုင်ပွဲကို မေ ၁၈ ရက် (ယနေ့) ကျင်းပမည်ဖြစ်သည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မြားပစ်၊ ပီတန်း၊
ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ ကနူးလှေလှော်၊ ဘိလိယက်၊ ဖူဆယ်၊ တိုက်ကွမ်ဒို၊ E-Sports၊ ပြေးခုန်ပစ်နှင့်
လက်ဝှေ့ အားကစားနည်းများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မေ ၁၈ ရက်ပြိုင်ပွဲ
ပွဲစဉ်များအဖြစ် စစ်တုရင်၊ ပီတန်း၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ ကနူး၊ E-sports၊ ပြေးခုန်ပစ်၊
ဘိလိယက်၊ ဖူဆယ်၊ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ ဗိုဗီနမ်၊ လက်ဝှေ့နှင့် ဘောလုံး
(အမျိုးသမီး) အားကစားပြိုင်ပွဲများကို ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်
ကစားသွားမည်ဖြစ်သည်။
(၃၁)ကြိမ်မြောက်
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ယနေ့အထိ ရွှေတံဆိပ် ငါးခု၊ ငွေတံဆိပ်
ခြောက်ခုနှင့် ကြေးတံဆိပ် ၁၁ ခုတို့ကို ဆွတ်ခူးရရှိထားပြီး စုစုပေါင်း ဆုတံဆိပ် ၂၂
ခုဖြင့် နိုင်ငံအလိုက် အဆင့် (၇)တွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment