နေပြည်တော် မေ ၁၄
ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)သည် ဂေါတမဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝတွင်
နိယတဗျာဒိတ်ခံယူသည့်နေ့၊ ဂေါတမဘုရားအလောင်းတော်ဖွားမြင်သည့်နေ့၊ ဂေါတမဘုရားအလောင်းတော်ဘုရားဖြစ်သည့်နေ့၊
ဂေါတမဘုရားရှင် ပရိနိဗ္ဗာန်စံဝင်သည့် နေ့ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များက နေ့ထူးနေ့မြတ်အဖြစ်သတ်မှတ်၍
နှစ်စဉ်ကဆုန်လပြည့်နေ့တွင် ဗောဓိညောင်ရေသွန်းလောင်းပူဇော်ခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊
တရား ဘာဝနာပွားများခြင်း၊ စတုဒီသာကျွေးမွေးခြင်း စသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊
ဗုဒ္ဓဂါယာ (နေပြည်တော်)၊ မဟာသကျရံသီရပ်တော်မူရုပ်ရှင်တော်မြတ်ကြီး၊ ရန်အောင်မြင်ရွှေလက်လှစေတီတော်၊ ဓါတုစယဓါတ်ပေါင်းစုစေတီတော်၊ ထာဝရငြိမ်းချမ်းရေးစေတီ၊ ရန်အောင်ချမ်းသာဘုရား၊
လှေခွင်း တောင်တန်ခိုးကြီးဘုရား၊ ကိုးနဝင်းစေတီတော်၊ ဆုတောင်းပြည့် လောကမာရဇိန်စေတီတော်၊
သံသရာငြိမ်းအေးစေတီတော်၊ ဘုရားကိုးဆူ၊ ကိုးခန်းကြီးဘုရား၊ လောကရန်နှိမ်စေတီ၊ ဖောင်တော်ချက်မစေတီ၊
လက်လုပ်တောင်စေတီ၊ ကိုးနဝင်းစေတီ၊ မြို့ပေါ်ရပ်ကွက်များရှိ
စေတီပု ထိုးများနှင့် ကျောင်းကန်ဇရပ်များတွင် ယနေ့နံနက်ပိုင်မှစတင်၍ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊
ဒေသခံပြည်သူများ၊ ဝန်ထမ်းမိသားစုများ၊ ပတ်ဝန်းကျင်ဒေသများမှ ဘုရားဖူးလာရောက်ကြသူများသည်
ဘုရားဖူး၍ တရားဘာဝနာပွားများခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ တရားနာယူခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊
ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ညောင်ရေသွန်းလောင်းခြင်း၊ ဆရာတော်သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊
စတုဒီသာကျွေးမွေးလှူဒါန်းခြင်းများဖြင့် စည်ကားလျက်ရှိသည်။
နေပြည်တော်ရှိ ဗုဒ္ဓဂါယာသို့
ဘုရားဖူးလာရောက်သည့် မသွန်းရတီဖြိုး က
“ ကဆုန်လပြည့်နေ့က ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့အတွက်ကြောင့် သူငယ်ချင်းတွေနဲ့အတူ
လာရောက်ဖူးမြော်တာပါ။ ဂေါတမမြတ်စွာဘုရားရှင်ပွင့်တော်မူတဲ့ အိန္ဒိယနိုင်ငံ၊ ဂယာမြို့
ဗုဒ္ဓဂါယာမှာတဲ့ရှိ သတ္တသတ္တာဟနေရာတွေကို သွားရောက်မဖူးမြော်နိုင်ပေမယ့်လည်း နေပြည်တော်မှာရှိတဲ့
ဗုဒ္ဓဂါယာက သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) ကို ဖူးမြော်လိုက်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိသလို
ထူးခြားတဲ့ခံစားမှုမျိုး ခံစားရပါတယ်။ လာရောက်ဖူးမြော်ကြတဲ့ လူတိုင်းလည်း ဒီလိုခံစားရမယ်လို့ထင်ပါတယ်။
ပြည်တွင်း၊ ပြည်ပမှာရှိကြတဲ့ မြန်မာပြည်သူ၊ ပြည်သားများအားလုံး ကပ်ကြီးသုံးပါးကို ကျော်လွှားပြီး
ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေ အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းပါတယ်” ဟု ပြောသည်။
ထို့ပြင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပရဝုဏ်အတွင်းရှိ ရတနာဆင်ဖြူတော်
ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်၌ ဆင်စာကျွေးကြသူများ၊ နိဗ္ဗာန်ကုန်ဆိုင်များနှင့်
အမှတ် တရပစ္စည်းအရောင်းဆိုင်များတွင်လည်း ဈေးဝယ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
အလားတူ နေပြည်တော်ရှိ Ocean Super Center ၊ Juction
Center ၊ Naypyitaw Wholesale တို့တွင်ဈေးလာဝယ်ကြသူများနှင့် နေပြည်တော်ရေပန်းဥယျာဉ်၊
တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ လှေခွင်းတောင်ကမ်းခြေအပန်းဖြေစခန်း၊
မင်္ဂလာကန်တော်တို့တွင်လည်း အပန်းဖြေလာရောက်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
ညနေပိုင်းတွင်လည်း မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိဘုရားစေတီများနှင့်
မဟာဗောဓိပင်တော်တို့၌ ဆီမီး၊ ပန်းမန်၊ သောက်တော်ရေကပ်လှူပူဇော်ကြသူများ၊
ဝတ်ရွတ်ပူဇော်ကြသူများ၊ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ကြသူများ၊ စတုဒိသာကျွေးမွေးကြသူများဖြင့်
စည်ကားလျက်ရှိသည်။
ကဆုန်လပြည်နေ့တွင် ဘုရားဖူးလာရောက်ကြသူများကို ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက
ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ကူညီစောင့်ရှောက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကလည်း ဘုရားဖူးပြည်သူများ
စိတ်အေးချမ်းစွာ ကုသိုလ်ပြုနိုင်ရန် လုံခြုံရေး ဆောင်ရွက်ပေးနေသည်ကိုလည်း တွေ့ရသည်။
သတင်း - လုလင်ငယ်/ ဓာတ်ပုံ-ကိုထိန်အေး
No comments:
Post a Comment