ရန်ကုန် မေ ၂၀
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လယ် ၁ နာရီခွဲတွင် ရန်ကုန်ပညာရေးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့တက်ရောက်၍ အလှူငွေများပေးအပ်သည်။
ဦးစွာရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက
မြတ်ဆရာသီချင်းဖြင့် တင်ဆက်ဖျော်ဖြေပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက
မောင်မယ်သစ်လွင်တို့အား ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးဟာ အလွန်ပင်အရေးကြီးပါကြောင်း၊ ထူးချွန်ထက်မြက်သည့်
အနာဂတ်မျိုးဆက်သစ်များပေါ်ထွန်းရေးသည် ဆရာများ၏အရည်အသွေးနှင့် စွမ်းဆောင်ရည်ပေါ်တွင်မူတည်ပါကြောင်း၊
ပညာရေးမျှော်မှန်းချက်များဖြစ်သည့် သာတူညီမျှသောပညာရေး၊ လူတိုင်းသင်ယူနိုင်သောပညာရေးနှင့်
အရည်အသွေးရှိသောပညာရေးဖြစ်ရန်မှာ ဆရာများ၏ သြဇာတိက္ကမနှင့်စွမ်းဆောင်ရည်ပေါ်တွင် တည်မှီလျက်ရှိပါကြောင်း၊
မြန်မာ့ပညာရေး နိုင်ငံတကာအဆင့်မီ တိုးတက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊
ဆရာကောင်းများကသာစိတ်ဓာတ်၊ စည်းကမ်း၊ ပညာကောင်းအောင်ဆောင်ရွက်ပေးနိုင်ပြီး နိုင်ငံအပေါ်သစ္စာစောင့်သိသော
အနာဂတ်မျိုးဆက်သစ်များကို မွေးထုတ်နိုင်မှာဖြစ်ပါကြောင်း၊ ဆရာကောင်းဆိုတာ ကျောင်းစာအပြင်အရာရာကို
လမ်းညွှန်သင်ပြဆုံးမပေးနိုင်သော ဆရာများကိုဆိုလိုပါကြောင်း၊ မျိုးချစ်စိတ်ဓာတ်ရှိခြင်း၊
ဘာသာရပ်ကျွမ်းကျင်နှံ့စပ်ခြင်း၊ သင်ကြားနည်းပိုင်နိုင်ခြင်း၊ အစဉ်ဉာဏ်ရည်သွေးနေခြင်း၊
ဆရာစိတ်ရှိခြင်းစသည့် အချက်များနှင့်ပြည့်စုံသူကို ဆရာကောင်းလို့ခေါ်ဆိုနိုင်မှာဖြစ်ပါကြောင်း၊
အမျိုးဘာသာသာသနာနှင့်ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်စေရန်
ထိန်းသိမ်းစောင့်ရှောက်တတ်သောစိတ်ဓာတ်နှင့် အကျင့်စာရိတ္တမြင့်မား ကောင်းမွန်သောလူငယ်များ
ပေါ်ထွန်းလာစေရန် လေ့ကျင့်သင်ကြားပေးရမှာဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်
ပညာရေးဖြစ်အောင်ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်နေချိန်မှာ ဆရာ၊ ဆရာမများ၏
အရည်အသွေးပြည့်မီရေးသည် အလွန်ပင်အရေးကြီးပါကြောင်း၊ အနာဂတ်ပညာရေးကို
ဖော်ဆောင်ကြမည့်ဆရာ၊ ဆရာမများအနေနှင့် မိမိတို့အရည်အသွေးပြည့်မီရေးအတွက် မိမိတို့ကိုယ်တိုင်တစ်သက်တာ
သင်ယူချင်စိတ်မွေးမြူပြီး ဆက်လက်လေ့လာသင်ယူသွားကြရမှာဖြစ်ပါကြောင်း၊
အမျိုးသားပညာရေးစနစ် ရေရှည်ဖွံ့ဖြိုးတိုးတက်မြင့်မားရန် ကျောင်းများနှင့်ပညာသင်ယူရာဌာနများတွင်
အရည်အသွေးအာမခံမှုစနစ် တစ်ရပ်ထားရှိရမှာဖြစ်ပါကြောင်း၊ ၂၁ ရာစုပညာခေတ်မှာ မိမိတို့တပည့်လူငယ်တွေကို
မတူကွဲပြားမှုနှင့် တန်းတူညီမျှမှုများကို နားလည်လက်ခံသော
ဒီမိုကရေစီအလေ့အကျင့်နှင့် လူ့အခွင့်အရေးဆိုင်ရာစံနှုန်းများကို အလေးထားသော၊ တိုင်းရင်းသားမျိုးနွယ်စုအသီးသီး၏
ကြွယ်ဝသောဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊အနုပညာဓလေ့ထုံးစံနှင့် သမိုင်းအမွေအနှစ်တွေကို
တန်ဖိုးထားမြှင့်တင်နိုင်စွမ်းရှိသော နိုင်ငံသားကောင်းများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရမှာဖြစ်ပါကြောင်း၊
အချိန်အတိုင်းအတာတစ်ခု ပြီးဆုံးသွားသည့်အခါ အကျိုးရလာဒ်ကောင်းများအနေဖြင့်
နိုင်ငံတော်က မျှော်လင့်ထားသည့်အတိုင်း အခြေခံပညာကျောင်းများမှာ ထိရောက်စွာသင်ကြားပေးနိုင်သော
မျိုးဆက်သစ်ဆရာကောင်း၊ ဆရာမွန်တွေပေါ်ထွက်လာတော့မှာဖြစ်ပါကြောင်း၊ တွေးခေါ်မျှော်မြင်နိုင်စွမ်းရှိသော၊
ထူးချွန်ထက်မြက်သော၊ တာဝန်ယူတတ်သော၊ စည်းကမ်းလိုက်နာတတ်သော
ကိုယ်ကျင့်တရားကောင်းမွန်သော၊ အနာဂတ်ကျောင်းသားလူငယ်များကို မွေးထုတ်ပေးနိုင်မှာဖြစ်ပါကြောင်း၊
ကျောင်းသားလူငယ်များသည် နောင်တစ်ချိန်မှာ နိုင်ငံတော်၏ကဏ္ဍအသီးသီးမှာ
တာဝန်ထမ်းဆောင်နိုင်မည့် နိုင်ငံ့ဝန်ထမ်းများ၊ အသိပညာရှင်များ
အတတ်ပညာရှင်များဖြစ်လာမှာဖြစ်ကြောင်း၊ အသိပညာပြည့်ဝသော ပြည်သူပြည်သားများအဖြစ် နိုင်ငံတွင်းမှာအေးချမ်းစွာ
နေထိုင်ရင်းခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်ရာမှာ အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ်
ပါဝင်နိုင်ဖို့မျှော်လင့်နေပါကြောင်း ပြောကြားသည်။
ဆက်လက်၍ရန်ကုန်ပညာရေးတက္ကသိုလ်
ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာကေသွယ်လှိုင်က ရန်ကုန်ပညာရေးတက္ကသိုလ်တွင် အဆင့်မြင့်ပညာရေးသင်ကြားနေမှု၊
သင်ယူနေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို အကျယ်တဝင့်ပြောကြားပြီး
မောင်မယ်သစ်လွင်တို့အား ကြိုဆိုနှုတ်ခွန်းဆက်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဝန်ကြီးချုပ်
ဦးစိုးသိန်းက ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာ ကေသွယ်လှိုင်ထံသို့
အလှူငွေကျပ်(၁၅)သိန်းကို ပေးအပ်လှူဒါန်းခဲ့သည်။
ယင်းနောက်အခမ်းအနားသို့
တက်ရောက်လာသောရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်
ဝန်ကြီးများသည် တာဝန်ရှိသူများနှင့်အတူ ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း
သိရှိရသည်။
No comments:
Post a Comment