Saturday, May 7, 2022

ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပ

 


ရန်ကုန် မေ ၆

ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့်ပတ်သက်၍ ပေါင်းစပ် ညှိနှိုင်းခြင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့်အမှာစကား ပြောကြားရာ၌ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသခွင့်ပြုခဲ့ခြင်းမှာ ရုပ်ရှင်လောကသားများ စားဝတ်နေရေး ပြေလည်စေရေး၊ပြိုလဲလု နီးပါးဖြစ်ခဲ့သည့် ရုပ်ရှင်အနုပညာလုပ်ငန်းများ ပုံမှန် ပြန်လည်လှုပ်ရှား သက်ဝင် စေရေးနှင့် ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူများနှင့် ရုပ်ရှင်ရုံပိုင်ရှင်များ၏ လုပ်ငန်းများ ပြန်လည်အဆင်ပြေ စေရေးတို့အတွက် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့ရာတွင် အခက်အခဲများနှင့် အဖျက်အမှောင့် များ ကြုံတွေ့နေရသည့်အတွက် မျှော်မှန်းထားသလောက် ခရီး မရောက်သေးပါကြောင်း။

ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များအပေါ် မသမာသူအဖျက်သမားများက နည်းလမ်း ပေါင်းစုံဖြင့် ဟန့်တားနှောင့်ယှက်နေသည် ကိုအားလုံးအသိပင်ဖြစ်ပါကြောင်း၊ အချို့သော အနုပညာရှင် များအား ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ကို ကြားသိရသည့်အတွက် လွန်စွာစိတ်မကောင်း ဖြစ်မိပါကြောင်း၊ ရုပ်ရှင်အနုပညာလောက ပြန်လည် ရှင်သန်နိုးထလာမည်ကိုမနာလိုမရှုဆိတ်သည့် ပုဂ္ဂိုလ်များက ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ခြင်းအပေါ် နှောင့်ယှက်ဟန့်တားနေသည်ဟုထင်မြင်မိ ပါကြောင်း၊ထို့ကြောင့် အနုပညာရှင် အသိုင်းအဝိုင်း အားလုံးက ပြည်သူများ ရုပ်ရှင်ကြည့်ရှုခံစားနိုင်ရန်နှင့် အနုပညာရှင်များအား ယခင်ကကဲ့သို့ ချစ်ခင် နှစ်သက်အားပေးကြပြီး လုပ်ဆောင်ပေးကြရန် လိုအပ်ပါကြောင်း၊ ယနေ့ကြုံတွေ့နေရသည့် အခက်အခဲ များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြပါရန်နှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဝိုင်းဝန်း ဖြေရှင်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက မြန်မာ့ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး နှင့် ရုပ်ရှင်ရုံများ ရေရှည်ဖွင့်လှစ်ပြသနိုင်ရေးအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြန်ကြားရေး ဝန်ကြီးဌာနနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ၊ ထုတ်လုပ်သူများ၊ ရုပ်ရှင်ရုံပိုင်ရှင်များက ရုပ်ရှင်ပြသရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။

သတင်းစဉ်

 

No comments:

Post a Comment