Saturday, May 7, 2022

အာဆီယံဒေသအတွင်း အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ် အကောင်အထည်ဖော်မှု မြှင့်တင်နိုင်ရေး အာဆီယံနှင့် အရှေ့အာရှစီးပွားရေး သုတေသနအဖွဲ့နှင့် မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာ အစိုးရနှင့် ပုဂ္ဂလိကကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

 


နေပြည်တော် မေ ၆

အာဆီယံဒေသအတွင်း အာဆီယံ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ် ASEAN Mutual Recognition Arrangementon Tourism Professionals (ASEAN MRA-TP) အကောင်အထည်ဖော်မှုကို မြှင့်တင်နိုင်ရေး လေ့လာသုံးသပ်မှုစာတမ်းကို အာဆီယံနှင့် အရှေ့အာရှစီးပွားရေး သုတေသနအဖွဲ့ (Economic Research Institute for ASEAN and East Asia-ERIA) က ရေးဆွဲပြုစုလျက်ရှိရာ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ သဘောထားအကြံပြုချက်များ ရယူနိုင်ရန် အတွက် မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အစိုးရနှင့် ပုဂ္ဂလိက ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲသို့ ဟိုတယ်နှင့်ခရီး သွားလုပ်ငန်းဆိုင်ရာ ဆက်စပ်ဌာနများ၊ တက္ကသိုလ်ကောလိပ်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာ ရှင်များဖြင့် ဖွဲ့စည်းထားရှိသည့် နိုင်ငံအဆင့် ခရီးသွား လုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အဖွဲ့နှင့် ခရီးသွားလုပ်ငန်းကျွမ်းကျင် ပညာရှင်များ အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရေး အဖွဲ့တို့မှ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် သက်ဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့ ကိုယ်စားလှယ်များက Online ဖြင့် တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ယခုအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ASEAN MRA-TP တွင် ဟိုတယ်နှင့်ခရီး လှည့်လည်ရေး လုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ၃၂မျိုးအပြင် Meeting, Incentive, Convention, Exhibition-MICE နှင့် Event ဆိုင်ရာ အလုပ်အကိုင်များကို ထပ်မံတိုးချဲ့ ထည့်သွင်းရေး နောက်ဆက်တွဲ ပြင်ဆင်ချက် အခြေပြစာချုပ်ကို အာဆီယံခရီး သွားလုပ်ငန်းဝန်ကြီးများက လက်မှတ်ရေးထိုးလျက် ရှိရာ မြန်မာနိုင်ငံအနေဖြင့်၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်တွင် ပါဝင်လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်ပါကြောင်း၊ လာအိုနိုင်ငံမှ လက်မှတ်ရေးထိုးရန် ကျန်ရှိပြီး အဖွဲ့ဝင်နိုင်ငံများအားလုံး စုံညီစွာ လက်မှတ်ရေး ထိုးပြီးပါက အဆိုပါ သဘောတူညီချက် အတည်ပြုဝင်ရောက်ရေး ကိစ္စရပ်များကို ဆက်လက် ဆောင်ရွက် သွားရန် ရှိပါကြောင်း၊ တက်ရောက် လာသူများအနေဖြင့် ယခုလေ့လာသုံးသပ်မှုသည် ၁၀ နှစ်တွင် (၁)ကြိမ် ဆောင်ရွက်ခြင်းဖြစ်၍ အစီရင်ခံစာမှတစ်ဆင့် ASEAN MRA-TP အကောင်အထည်ဖော်ဆောင်မှုကို ထိထိရောက်ရောက် အထောက်အကူပြုစေရေးအတွက် လိုအပ်သည့် အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ အာဆီယံနှင့် အရှေ့အာရှစီးပွားရေး သုတေသန အဖွဲ့မှ အကြီးတန်းစီးပွားရေး အကြံပေး Dr. Aladdin Rillo က အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ASEAN MRA-TP အကောင်အထည်ဖော်ဆောင်ရေး သဘော တူညီချက် လက်မှတ်ရေးထိုးမှုသည် ၂၀၂၂ ခုနှစ်တွင် ၁၀ နှစ် ပြည့်မြောက်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လေ့လာသုံးသပ်ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကြုံတွေ့လျက်ရှိသည့် အားနည်းချက်၊ အားသာချက်များကို လေ့လာဖော်ထုတ်နိုင်မည် ဖြစ်ကြောင်း၊ထို့ပြင် ပိုမို ကောင်းမွန်သော အကြံပြုချက်များဖြင့် အရည်အသွေး ပြည့်ဝသော ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်နိုင်ရေး၊ ကျွမ်းကျင်မှုများကို စစ်ဆေး အကဲဖြတ်သည့် လုပ်ငန်းစဉ်များ ပိုမို ရှင်းလင်း လွယ်ကူရေး၊ ကျွမ်းကျင်လုပ်သားများအနေဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် ရွှေ့ပြောင်း လုပ်ကိုင်နိုင်ရေး လုပ်ငန်းစဉ်များကို ယခုထက် ပိုမိုထိရောက်နိုင်စေရန် ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက မြန်မာနိုင်ငံအတွင်း MRA-TP အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်း စဉ်များအနက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေမှုများ အပါအဝင် အကောင်အထည် ဖော်မှုတွင် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍအလိုက် ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းကျောင်း များနှင့် ကျွမ်း ကျင်ပညာရှင်များ မွေးထုတ်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ပိုမိုချောမွေ့လွယ်ကူ စေရေး အကြံပြုချက်များ၊ ကျွမ်းကျင်လုပ်သားများ ရွှေ့ပြောင်းလုပ်ကိုင်မှု လွယ်ကူချောမွေ့စေရေး​ ဖြေလျှော့ ဆောင်ရွက်ပေးနေမှုများနှင့် ထိုသို့ဖြေလျှော့ပေးရာတွင် အဖွဲ့ဝင်နိုင်ငံများအားလုံး တန်းတူ အခွင့်အလမ်း ရရှိနိုင်ရေး အလေးပေး ဆောင်ရွက်စေလိုသည့် အချက်များကို ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။

 သတင်းစဉ်

No comments:

Post a Comment