ရန်ကုန် မေ ၂၂
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ စာရေးဆရာအသင်း တတိယအကြိမ် ညီလာခံသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ စာရေးဆရာအသင်း၏
ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းအရ လေးနှစ်တွင်တစ်ကြိမ် ကျင်းပရသည့် ယခုလို
တတိယအကြိမ်ညီလာခံတွင် နိုင်ငံတစ်ဝန်းမှ စုဝေးရောက်ရှိလာကြသည့် ညီလာခံကိုယ်စားလှယ်များကို
ဆုံတွေရသည့်အတွက် အလွန်ပင် ဝမ်းသာပီတိ ဖြစ်ရပါကြောင်း။
မြန်မာနိုင်ငံ စာရေးဆရာအသင်းသည် နိုင်ငံအကျိုးပြု သုတ၊
ရသစာပေများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်၊ စာပေလောကသားအချင်းချင်း၏
စည်းလုံးညီညွတ်မှု ခိုင်မာရေးကို တိုးမြှင့်ဆောင်ရွက်ရန်၊ စာပေလောကသားအားလုံး၏
သာရေး၊ နာရေး ကိစ္စများကို ကူညီဆောင်ရွက်ရန်၊ ဂန္တဝင်စာပေနှင့် ခေတ်ပြိုင်စာပေများကို
စာဖတ်ပရိသတ်လက်ဝယ်သို့ ရောက်ရှိရေးအတွက် ကူညီဆောင်ရွက်ရန်ဆိုသည့်
ရည်ရွယ်ချက်လေးရပ်ဖြင့် ရပ်တည်လှုပ်ရှားခဲ့ရာ တတိယအကြိမ် ညီလာခံကျင်းပနိုင်သည့်
အခြေအနေအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါကြောင်း။
အသင်း၏ ရည်ရွယ်ချက် လေးရပ်ကိုကြည့်လျှင် မွန်မြတ်လှသည့် ဦးတည်ချက်များ ဖြစ်သည့်အလျောက် ထိရောက်ပေါက်ရောက်
အောင်မြင်အောင် မြန်မာနိုင်ငံ စာရေးဆရာအသင်းကြီးက စွမ်းဆောင်နိုင်ရည်ရှိသည်မှာ သိသာနေပါကြောင်း။
တတိယအကြိမ် ညီလာခံတွင် တင်သွင်းထားသည့် ဗဟိုအမှုဆောင်ကော်မတီ၏ အစီရင်ခံစာ ဖော်ပြချက်အရ
မြို့နယ်ပေါင်း (၂ဝ၂)မြို့နယ်တွင် အသင်းဝင်ပေါင်း (၅၁၅၁)ဦးကျော် ရှိနေကြောင်း သိရသည့်အတွက်
အားတက်ဂုဏ်ယူစရာ ကောင်းလှပါကြောင်း။ ထို့အပြင် အသင်းသူ အသင်းသားများ၏ သာရေး၊ နာရေး
ကိစ္စရပ်များ၊ စာပေဆိုင်ရာ ရပိုင်ခွင့်များ၊ မူပိုင်ခွင့်များ၊ စာတမ်းဖတ်ပွဲများ၊
မျိုးဆက်သစ်များအတွက် စာရေးနည်း အခြေခံသင်တန်းများ၊ နိုင်ငံတကာစာပေနှင့်
မြန်မာစာပေ အပြန်အလှန်ဖလှယ်ခြင်း၊ ဆွေးနွေးခြင်း၊ နိုင်ငံတကာ
ကဗျာရွတ်ဆိုပွဲများတွင် တက်ရောက်ရွတ်ဆိုကြခြင်း၊ မဲခေါင်စာပေဆုရကြခြင်း၊
(၁ဝ)ကြိမ်မြောက် မဲခေါင်စာပေဆုချီးမြှင့်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ်
အောင်မြင်ဝင့်ထည်စွာ လက်ခံကျင်းပနိုင်ခြင်း၊ နိုင်ငံတော်အဆင့်နှင့် ဌာနဆိုင်ရာ၊
အဖွဲ့အစည်း၊ ပုဂ္ဂလိကစာပေ၊ စာမူပြိုင်ပွဲများတွင် ဆုစိစစ်ရွေးချယ်ရေး တာဝန်များကို
ပါဝင်ထမ်းဆောင်ခြင်း၊ အသက် (၈ဝ)နှင့် (၈ဝ)အထက် သက်ကြီးစာပေပညာရှင်ကြီးများကို
နှစ်စဉ်ပူဇော်ကန်တော့ပွဲ ကျင်းပခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်
ပါဝင်ဆောင်ရွက်ခြင်း၊ သတင်းမီဒီယာ ကောင်စီတွင်လည်း ပါဝင်ထမ်းဆောင်ခြင်း၊
နိုင်ငံတော် အခမ်းအနားများတွင် တက်ရောက်ဂုဏ်ပြုခြင်း၊ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊
အသင်းကြီး၏ သဘောထားကြေငြာချက်များ ထုတ်ပြန်ပြီး နိုင်ငံတော်၏
အကျိုးပြုဆောင်ရွက်ချက်များကို ထောက်ခံအားပေးခြင်း၊ ကျရာကဏ္ဍကနေပြီး တက်တက်ကြွကြွ
တာဝန်ကျေပွန်စွာ ထမ်းရွက်ခြင်းစ သည့် အကျိုးပြု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြောင်း
သိရသည့်အတွက် အားရကျေနပ်မှုနှင့်အတူ အသင်းကြီးနှင့် အသင်းသူ အသင်းသားများကို
ဂုဏ်ပြုအပ်ပါကြောင်း။
ယခု တတိယအကြိမ် ညီလာခံတွင် တင်သွင်းထားသည့် ဗဟိုအမှုဆောင်
ကော်မတီ၏ အစီရင်ခံစာပါ ရှေ့လုပ်ငန်းစဉ် (၆)ရပ်အနက် ဒုတိယ ရှေ့လုပ်ငန်းစဉ်ဖြစ်သည့် “မြန်မာနိုင်ငံ စာရေးဆရာအသင်းသည်
ပါတီနိုင်ငံရေး ဂိုဏ်းဂဏကင်းသည့် လူမှုရေးစာပေ အဖွဲ့အစည်းစစ်စစ်အဖြစ်၊
ဒီမိုကရေစီစနစ်နှင့်အညီ ရပ်တည်သွားရန်” ဆိုသည့် ရှေ့လုပ်ငန်းစဉ်သည် အသင်း၏
စည်းလုံးညီညွှတ်မှုကို အထောက်အကူပြုသလို နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင်လည်း
ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကင်းကင်း၊ အမြင်ရှင်းရှင်းနှင့် သန့်ရှင်းစွာ
ပံ့ပိုးကူညီနိုင်ကြမည် ဖြစ်ပါကြောင်း။ ယင်း ရှေ့လုပ်ငန်းစဉ်ကို ကြိုဆိုဂုဏ်ပြု
လိုပါကြောင်း။ နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ “ အမျိုး၏ဂုဏ်၊ ဇာတိဂုဏ်၊ စာပေဂုဏ်ကိုမြှင့်” ဆိုသည့်
မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ ဆောင်ပုဒ်နှင့်အညီ စည်းစည်းလုံးလုံး၊
ညီညီညွတ်ညွတ်နှင့် ရပ်တည်လှုပ်ရှား သွားနိုင်ကြပါစေ၊ နိုင်ငံနှင့်
ပြည်သူ့အကျိုးကို သယ်ပိုးထမ်းဆောင်နိုင်ကြပါစေဟု ဆန္ဒမွန်ပြုရင်း နိဂုံးချုပ်အပ်ပါကြောင်း
ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံစာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး)က ကျေးဇူးတင်စကား ပြောကြားသည်။
ယနေ့ နံနက်ပိုင်းက ၂၀၂၂ ခုနှစ်၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း
တတိယအကြိမ် ညီလာခံကို ဒုတိယပိုင်း အစီအစဉ်အဖြစ်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးစိုးသိန်းထံမှ ပေးပို့သော သဝဏ်လွှာကို မြန်မာနိုင်ငံ စာရေးဆရာအသင်း
တွဲဘက်အတွင်းရေးမှူး ဦးမျိုးထွန်း( မောင်စိမ်းနောင်-လယ်ဝေး)က ဖတ်ကြားသည်။
ထို့နောက် သဘာပတိ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ
ဒေါ်ချိုချိုတင်(မစန္ဒာ)က ဒုတိယအကြိမ်ညီလာခံကို ၂၀၁၆ ခုနှစ်က ကျင်းပခဲ့ပြီး
လေးနှစ်သက်တမ်း ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပရမည်ဖြစ်သော်လည်း အကြောင်းကြောင်းကြောင့်
၂၀၂၂ ခုနှစ်တွင် ကျင်းပနိုင်ခြင်းဖြစ်ကြောင်း၊ ညီလာခံနှစ်ခုအကြား၌
ဗဟိုဦးစီးအဖွဲ့အစည်းအဝေးများကို ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပြီး ကြုံတွေ့ခဲ့ရသော
အခက်အခဲ အကြပ်အတည်းများအားလုံးကို ဆွေးနွေး၊ ဖြည့်စွက်၍ ပြင်ဆင်မှုများကို
တင်သွင်းသွားမည်ဖြစ်ရာ တက်ရောက်လာကြသော ညီလာခံကိုယ်စားလှယ်များအနေဖြင့် ဆွေးနွေး၊
အကြံပေး၊ အတည်ပြုပေးကြရန်ဖြစ်ကြောင်း၊ မေးမြန်းချက်များကို ဗဟိုအမှုဆောင်ကော်မတီမှ
ပြန်လည် ဖြေကြားပေးသွားမည်ဖြစ်ပြီး လုပ်ထုံး လုပ်နည်းနှင့်အညီ
ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေး၊ အကြံပေးသွားမည်ဖြစ်ကြောင်း၊ ထိုလုပ်ငန်းစဉ်များ
ပြီးဆုံးပါက ညီလာခံသက်တမ်းသည် ကုန်ုဆုံးသွားပြီဖြစ်ရာ ဗဟိုအမှုဆောင် ကော်မတီဝင်အသစ်များကို
ပြန်လည်ရွေးချယ် သွားမည်ဖြစ်ကြောင်း၊ ထိုသို့ရွေးချယ်ရာတွင် လူမှန်၊ နေရာမှန် ဖြစ်ရန်လိုအပ်ပြီး
မြန်ဆန်စွာပြီးစီးရန် တက်ရောက်လာကြသော ကိုယ်စားလှယ်များက ရွေးချယ်ပေးကြရန်
ပြောကြားသည်။
ယင်းနောက် ဗဟိုအမှုဆောင်ကော်မတီ၏ အစီရင်ခံစာနှင့် အသင်းဖွဲ့
စည်းပုံစည်းမျဉ်း ပြင်ဆင်ချက်တို့ကို မြန်မာနိုင်ငံ စာရေးဆရာအသင်း အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)က တင်သွင်းသည်။
ဆက်လက်၍ အစီရင်ခံစာများနှင့် စာတမ်းများကို
ညီလာခံကိုယ်စားလှယ်များက ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးအကြံပြု တင်ပြချက်များနှင့်စပ်လျဉ်း၍
ဗဟိုအမှုဆောင် ကော်မတီအတွင်းရေးမှူး ဦးညွှန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)က
ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် မြို့နယ်စွမ်းဆောင်ရည်ဆုကို မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ
ဒေါ်ချိုချိုတင်(မစန္ဒာ)က တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းဝင်တို့ထံ
ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ မြန်မာနိုင်ငံစာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ
ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က ကွယ်လွန်သွားကြသော
သက်ကြီးစာပေပညာရှင်များနှင့် စာရေးဆရာ အသင်းဝင်တို့အတွက် ဝမ်းနည်းကြောင်း
သဝဏ်လွှာကို ဖတ်ကြားပြီး အသင်းအတွင်းရေးမှူး ဦးညွန့်တင်( မောင်ငြိမ်းသူ-ကြို့ပင်ကောက်)က
မြန်မာနိုင်ငံ စာရေးဆရာအသင်း တတိယအကြိမ်ညီလာခံ၌ တင်ပြချက်များကို ဆုံးဖြတ်ချက်ချမှတ်ကာ
သဘာပတိ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ ဒေါ်ချိုချိုတင်(မစန္ဒာ)က နိဂုံးချုပ်စကား
ပြောကြားသည်။
ထို့နောက် တတိယပိုင်းအစီအစဉ်အဖြစ် မြန်မာနိုင်ငံ စာရေးဆရာအသင်း
တတိယအကြိမ် သက်တမ်းကာလအတွက် ဗဟိုအမှုဆောင်ကော်မတီများ ရွေးချယ်တင်မြှောက်ခြင်းကို
ဆက်လက်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဒုဥက္ကဋ္ဌ(၁) ဦးမျိုးထွန်း(မောင်စိမ်းနောင်-လယ်ဝေး)၊
ဒုတိယဥက္ကဋ္ဌ(၂) ဦးစိုးမြင့်(စိုးမှူး)၊ ဒုတိယဥက္ကဋ္ဌ(၃) ဦးမြတ်စိုး(မြတ်စိုး-လှိုင်)၊
အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)၊
တွဲဘက်အတွင်းရေးမှူး(၁) ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး)၊
တွဲဘက်အတွင်းရေးမှူး(၂) မောင်မောင်ကြည်
(ရေနံမြေမောင်မောင်ကြည်)၊ တွဲဘက်အတွင်းရေးမှူး(၃)
ဦးအောင်ကြည်(အောင်ကြည်ညွန့်-တက္ကသိုလ်)၊ ဘဏ္ဍာရေးမှူး ဦးအေးမင်း (ဒေါက်တာအောင်ထက်-ဆေး၁)၊
စာရင်းစစ်ခေါင်းဆောင် ဦးညွန့်လှိုင် (မောင်မောင်ညွန့်လှိုင်)နှင့် ပြန်ကြားရေးမှူး
ဦးတင်အောင်ရွှေ (ဒေါက်တာ တင်အောင်ရွှေ)တို့ကို မြန်မာနိုင်ငံ စာရေးဆရာအသင်း၊
ဗဟိုအမှုဆောင် ကော်မတီဝင်များအဖြစ် ရွေးချယ်တာဝန်ပေးသည်။
ယင်းနောက် ဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)က
နုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံ စာရေးဆရာအသင်း တတိယအကြိမ် ညီလာခံအခမ်းအနား
အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment