နေပြည်တော် မေ ၁၇
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးအား စက်ရုံမှူးနှင့် တာဝန်ရှိသူများက Myancopharm အမှတ်တံဆိပ်
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပုလင်းသွင်း ဖြည့်တင်းထုတ်လုပ်နေမှု၊ ထုတ်လုပ်ပြီး
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ကျန်းမာရေးဝန်ကြီးဌာနသို့ ဖြန့်ဖြူးရောင်းချပေးနေမှု၊
Myancopharm ကာကွယ်ဆေးများ
တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ ကာကွယ်ဆေး သုတေသနဆိုင်ရာ
ကိစ္စရပ်များကို ဆေးသုတေသနဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေနှင့်
ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်၊ အရည်အသွေး စစ်ဆေးရေးနှင့် အရည်အသွေး
အာမခံဌာနတို့၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် စက်ရုံသမိုင်းပြခန်း
တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုဝန်ကြီးက Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား
ကျန်းမာရေးဝန်ကြီးဌာနသို့ သတ်မှတ်အချိန်တွင် သတ်မှတ်အရေအတွက်အတိုင်း
ဖြန့်ဖြူးနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်
ဦးတည်အုပ်စုဝင်အားလုံးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အမြန်ဆုံးထိုးနှံနိုင်ရေး
ကြိုးစားဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဖြည့်သွင်းထုတ်လုပ်နေသည့်
လုပ်ငန်းစဉ်များ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် Bulk များ
အချိန်မီရောက်ရှိစေရေး ကြိုတင်ညှိနှိုင်းထားရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ
ပုလင်းသွင်း ဖြည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့်
ကောင်းမွန်သော ထုတ်လုပ်မှုနည်းစဉ်များကို တစ်သဝေမတိမ်း တိတိကျကျ လိုက်နာဆောင်ရွက်ရန်၊
ယခုထက် ပိုမိုကြိုးစားဆောင်ရွက်ကြရန်နှင့် ခွင့်ပြုဘဏ္ဍာရန်ပုံငွေများကို အလေအလွင့်မရှိအောင်
စိစစ်ကြပ်မတ်ဆောင်ရွက်ရန် မှာကြားပြီး မိမိတို့ထုတ်လုပ်မည့် Myancopharm ကိုဗစ်-၁၉
ရောဂါကာကွယ်ဆေးသည် အသက်(၅)နှစ်အရွယ်မှစတင် ထိုးနှံနိုင်ပြီး ကိုယ်ဝန်ဆောင်နှင့်
နို့တိုက်မိခင်များကိုပါ ဘေးကင်းစိတ်ချစွာ ထိုးနှံနိုင်သည့် ကာကွယ်ဆေးဖြစ်ကြောင်း၊
အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများကိုလည်း ထပ်ဆောင်းကာကွယ်ဆေးအဖြစ်
ဘေးကင်းစိတ်ချစွာ အသုံးပြုထိုးနှံမည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ သိရှိရပါကြောင်း၊
ပြည်သူလူထုအတွက် လိုအပ်နေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို လိုအပ်သည့်
အချိန်တွင် ဖြည့်ဆည်းပေးနိုင်ခဲ့သည့်အတွက် ဝန်ထမ်းများနှင့် တာဝန်ရှိသူအားလုံးကို
အသိအမှတ်ပြု မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ Myancopharm ကိုဗစ်-၁၉
ရောဂါကာကွယ်ဆေးများ ထုတ်လုပ်နေသည့် နည်းစဉ်အဆင့်ဆင့်တို့ကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ
ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိပြီး
ဘွိုင်လာကိုင်တွယ် ထိန်းသိမ်းသူများသင်တန်း ဖွင့်လှစ်နေမှုအခြေအနေကို
ကြည့်ရှုစစ်ဆေးပြီး သင်တန်းသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
စက်မှုဝန်ကြီးဌာနအနေဖြင့် ဘွိုင်လာကိုင်တွယ် ထိန်းသိမ်းသူများသင်တန်းအား
တစ်နှစ်လျှင် (၂)ကြိမ်ဖွင့်လှစ်လျက်ရှိပြီး ယခုသင်တန်းအမှတ်စဉ် (၆၆)ကို မေ ၁၆ ရက်တွင်
စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပါတ် (၆)ပတ် ကြာမြင့်မည်ဖြစ်သည်။
သင်တန်းတွင် ဝန်ကြီးဌာနများနှင့် ဆက်စပ်အများပိုင်ကုမ္ပဏီများမှ သင်တန်းသား (၃၇)ဦး
တက်ရောက်သင်ကြားလျက်ရှိကြောင်း၊ သင်တန်း၌ ဘွိုင်လာနှင့်ဆိုင်ရာ ဘာသာရပ် (၁၁)ခုကို
လက်တွေ့နယ်ပယ်တွင် စစ်ဆေးနေသော အတွေ့အကြုံရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်
ဘွိုင်လာစစ်ဆေးရေးမှူးများက စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment