မကြာမီကျရောက်လာတော့မည့် မိုးရာသီတွင် သစ်ပင်အမျိုးမျိုး စိုက်ပျိုးကြရန်အတွက် မြို့အသီးသီးတွင် ပြင်ဆင်နေကြပြီဖြစ်သည်။ အချို့ဒေသများတွင် မိုးရွာသွန်းမှုများလည်း ရှိနေရာ မိုးကြိုသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပကြသည်ကိုလည်း သတင်းများတွင် တွေ့ရသည်။ ဒေသစိမ်းလန်းစိုပြည်ရေး၊ သစ်ပင် သစ်တောပြုန်းတီးမှုများကို ပြန်လည်အစားထိုးရေး၊ ဥတုသပ္ပါယ မျှတစေရေးဟူသည့် ကောင်းသောရည်ရွယ်ချက်များဖြင့် သစ်ပင်စိုက်ပွဲတော်များ ကျင်းပကာ သန်းနှင့်ချီသော သစ်ပင်များကို နှစ်စဉ် စိုက်ပျိုးလျက်ရှိသော်လည်း အောင်မြင်ဖြစ်ထွန်းမှု ရာခိုင်နှုန်းမှာ နည်းပါးနေသည်။
မိမိတို့နိုင်ငံသည် သစ်တောသယံဇာတကြွယ်ဝသည့် နိုင်ငံဖြစ်ခဲ့သော်လည်း
လက်ရှိအခြေအနေတွင်မူ သစ်တောများ ပြန်လည်တည်ထောင်ရေးကို အလေးအနက် ပြုလုပ်နေရပြီ
ဖြစ်သည်။ မြန်မာ့သစ်တောမူဝါဒနှင့်အညီ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများကို
နိုင်ငံဧရိယာစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်း၊ သဘာဝနယ်မြေများကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိ
ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်နေရသည်။ သစ်တောနယ်မြေများအတွင်း ကျူးကျော်မှုများမရှိစေရေး၊
သစ်တောနယ်မြေများ မလျော့ပါးရေး၊ သစ်ခိုးထုတ်မှုများ လျော့နည်းပပျောက်ရေးတို့ကိုလည်း
ဆောင်ရွက်လျက်ရှိသည်။
သစ်ပင်စိုက်ပျိုးပွဲများမှာ မြို့ပေါ်နှင့် မြို့အနီးဝန်းကျင်
လမ်းဘေးဝဲယာများနှင့် သတ်မှတ်ရွေးချယ်ထားသည့် နေရာများတွင် အများအားဖြင့် စိုက်ပျိုးကြခြင်းဖြစ်သည်။
အားနည်းချက်များအနေဖြင့် စိုက်ပျိုးသည့်အပင်များ ငယ်ရွယ်နုနယ်သဖြင့်
ရှင်သန်ကြီးထွားရန် အခွင့်အလမ်းနည်းခြင်း၊ စိုက်ပျိုးမှုများ စနစ်မကျခြင်း၊ စိုက်ပျိုးပြီးနောက်
ဆက်လက်ပြုစုပျိုးထောင်မှုများ မရှိခြင်းတို့ကိုတွေ့ရပြီး စိုက်ပျိုးသည့် အပင်များစွာတို့
ပျက်စီးဆုံးရှုံးသွားမှုက များပြားသည်။ စိုက်ပျိုးသည့်သစ်ပင်များ ရှင်သန်နိုင်စေရန်အတွက်
သေချာသော အရွယ်အစားအထိ ပြုစုပျိုးထောင်ပြီးမှ မြေချစိုက်ပျိုးရန်၊
ရေမြေဒေသရာသီဥတုတို့နှင့် ကိုက်ညီသည့် အပင်များကို ရွေးချယ်စိုက်ပျိုးရန်၊
စိုက်ပျိုးပြီးသည့်နောက်တွင် မပျက်မကွက် ဆက်လက်ပြုစု စောင့်ရှောက်သွားရန်နှင့်
အကြောင်းကြောင်းကြောင့် ပျက်စီးသွားသည့် အပင်များနေရာတွင် အစားထိုးဖြည့်စွက် စိုက်ပျိုးခြင်းဖြင့်သာ
သစ်ပင်စိုက်ပျိုး ပွဲတော်တို့၏ ကောင်းကျိုးရလဒ်ကို အပြည့်အဝ ရရှိနိုင်မည်ဖြစ်သည်။
သစ်ပင်သစ်ရိပ်များဖြင့် စိမ်းလန်းစိုပြည်သည့်
မြို့ရွာဒေသများမှာ ဒေသခံများ၏ ကျန်းမာရေးကို များစွာအထောက်အကူပြုကြောင်း
ပညာရှင်များက အထောက်အထားများစွာ တွေ့ရှိထားကြသည်။ သစ်ပင်သစ်တောများက လေထုထဲမှ
အမှုန်အမွှားများ၊ အဆိပ်အတောက်များကို ဖယ်ရှားနိုင်ပြီး လေထုကို သန့်စင်စေနိုင်သည်။
လေထုထဲတွင် အောက်ဆီဂျင်ဓာတ်များ ပြည့်ဝစေပြီး အရိပ်အာဝါသဖြင့် အေးမြစေကာ
မြေအောက်ရေသယံဇာတကိုလည်း ထိန်းသိမ်းပေးသည်။ သစ်ပင်သစ်တောများဖြင့် စိမ်းစိုသာယာသော
ရှုခင်းမြင်ကွင်းများကလည်း လူတို့၏ စိတ်ပိုင်းဆိုင်ရာကို ကောင်းမွန်တိုးတက်စေသည်ဖြစ်ရာ
မြို့ရွာဒေသများနှင့် သဘာဝတောတောင်များ စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များ
စိုက်ပျိုးရေး၊ စိုက်ပျိုးသမျှ ရှင်သန်နိုင်ရေး အလေးဂရုပြု ဆောင်ရွက်နိုင်ကြပါစေကြောင်း။ ။
No comments:
Post a Comment