နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူများကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါကို ကျော်လွှားနိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ပေါ်ပေါက်ခဲ့သည့် မဲမသမာမှုနှင့်ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ လုပ်ဆောင်လျက် ရှိသည်။
တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါသဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်လျက်ရှိပြီး ထာဝရငြိမ်းချမ်းရေးကို ထိရောက်စွာအကောင် အထည်ဖော်နိုင်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ငြိမ်းချမ်းရေးစကားဝိုင်းသို့ ဖိတ်ခေါ်၍တွေ့ဆုံဆွေးနွေးနိုင်ရေး စီစဉ်လျက်ရှိသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံးပါဝင်လာရေး ကတိကဝတ်ပါအတိုင်း တစိုက် မတ်မတ် ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ခေတ္တတာဝန်ယူ ထားရသည့် ကာလအတွင်း နိုင်ငံတော်ကိုတည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် နိုင်ငံတော်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအမျိုးသားရေး ရည်မှန်းချက်နှစ်ရပ် ချမှတ်ဆောင်ရွက် လျက်ရှိသည်။ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ရာ၌အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ နိုင်ငံတော်နှင့်ပြည်သူများ၏ အကျိုးစီးပွားများကို အလေးအနက်ထား
ကြိုးပမ်း ဆောင်ရွက်လျက်ရှိနေချိန်တွင် CRPH၊ NUG အကြမ်းဖက်အဖွဲ့များ၏ လက်ဝေခံ PDF
အမည်ခံအကြမ်းဖက် သမားများ၏ အကြမ်းဖက်သတ်ဖြတ်မှုများနှင့် အကြမ်းဖက် လုပ်ရပ်များကြောင့်
သံဃာတော်များနှင့် ဆရာ ဆရာမများ၊ ဆရာဝန် နှင့် သူနာပြုများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်
အဖွဲ့ဝင်များ စသည့် ပြည်သူ့ဝန်ထမ်းများ၊ မိခင်နှင့် ကလေးများအပါအဝင် အပြစ်မဲ့ပြည်သူများ
သေဆုံး ခဲ့ရပြီး အများအပြား ဒဏ်ရာများရရှိခဲ့ကြသည်။ ထို့အပြင် အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးမှုများကြောင့်
အစိုးရပိုင်အဆောက်အအုံများ၊ ပုဂ္ဂလိကနှင့်ပြည်သူပိုင် အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။
အကြမ်းဖက်အဖျက်သမားများ၏ နှောင့်ယှက်ဖျက်ဆီးမှုများကို တပ်မတော်နှင့်လုံခြုံရေး တပ်ဖွဲ့ဝင်များကတားဆီးကာကွယ် ထိန်းသိမ်းလျက်ရှိသည်။ မြန်မာနိုင်ငံအတွင်းရှိ အချို့ကျေးလက်ဒေသများတွင် အကြမ်းဖက် သမားများ၏ ဖျက်ဆီးသတ်ဖြတ်မှုများဖြစ်ပေါ် လျက်ရှိရာ အကြမ်းဖက်လုပ်ရပ်များအပေါ် မိမိကိုယ်ကိုခုခံ ကာကွယ်ပိုင်ခွင့်အရ ပြည်သူ့စစ်မဟာဗျူဟာဖြင့် တုံ့ပြန်ဆောင်ရွက်ရေးကို အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာဆက်ဆံ ရေးတွင်အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အာဆီယံဘုံသဘော တူညီချက်(၅)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ ထပ်မံလာရောက်နိုင်ရေးကိုလည်း ကြိုဆိုလျက် ရှိသည်။
မြန်မာနိုင်ငံတွင်နိုင်ငံရေးအပြောင်းအလဲဖြစ်လာခြင်းသည် အကြောင်းမဲ့ သက်သက်ဖြစ်လာခြင်း မဟုတ်ပေ။ဒီမိုကရေစီလမ်းကြောင်းကို သွေဖည်ပြီး ရွေးကောက်ပွဲတွင် မဲမသမာမှုများ ပြုလုပ်ကာ အာဏာရရှိရေးကို အဓမ္မကြိုးပမ်း လာသည့်အတွက် နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာပြီး ထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံ့တာဝန်ယူခဲ့သော်လည်း ပြည်သူများဆန္ဒ၊ ပြည်သူများ လိုလားချက်ကို မျက်ခြည်အပြတ်မခံဘဲတစိုက်မတ်မတ်ကြိုးပမ်း ဆောင်ရွက်လျက် ရှိပြီးဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်တွင် တည့်မတ်မှန်ကန် ခိုင်မာစေရန် ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိသည်။
မိသားစုတွင်ဖြစ်စေ၊ အသိုက်အဝန်းတစ်ခုတွင်ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံတွင်ဖြစ်စေ ဥပဒေ၊ စည်းကမ်း များကို ချိုးဖောက်လာလျှင် ထိန်းသိမ်းဆောင်ရွက်ရမြဲ ဖြစ်သည်။ ဥပဒေစည်းကမ်းဖောက်ဖျက် ဖျက်ဆီးနေမှုများကို လက်ပိုက်ကြည့်နေ ပါက ထိုအသိုက်အမြုံသည် ပျက်စီးခြင်းသို့သာ ဆိုက်ရောက်ရသည်ကို တွေ့ရမည် ဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော်နှင့် ပြည်သူအကျိုးစီးပွားအတွက် မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ်သည်။ ဒီမိုကရေစီစနစ်ကို တည့်မတ်မှန်ကန်ခိုင်မာအောင် ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ဒီမိုကရေစီစနစ်ကို လိုလားသည် ဆိုပါက အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာနိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုးစီးပွားအတွက်အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိနေသဖြင့် ပြည်သူအားလုံး လိုလားတောင့်တသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းလက်တွဲကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment