Wednesday, May 18, 2022

ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် မြန်မာနှင့် ဗီယက်နမ် ယနေ့ကစားမည်

 


ရန်ကုန် မေ ၁၇

ဗီယက်နမ်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၃၁)ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို မေ ၁၈ ရက် (ယနေ့) ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ နာရီခွဲတွင် ထိုင်းနှင့် ဖိလစ်ပိုင်အသင်း၊ မြန်မာစံတော်ချိန် ညနေ နာရီခွဲတွင် အိမ်ရှင်ဗီယက်နမ်နှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်းသည် အရှေ့တောင်အာရှ ထိပ်သီးအသင်းများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်တို့နှင့် ယခင်တွေ့ဆုံမှုများတွင် ရလဒ်မကောင်းခဲ့သော်လည်း ယခုနှစ်အတွင်း တွေ့ဆုံမှုများတွင် နှစ်သင်းစလုံးကို သရေကစားထားရာ ဗီယက်နမ်နှင့် ပြန်လည်တွေ့ဆုံမှုတွင် ရလဒ်ကောင်းရယူနိုင်ရန် မျှော်လင့်ချက်များ ရှိနေသည်။ မြန်မာအသင်းသည် အာရှဖလား အမျိုးသမီးပြိုင်ပွဲ အုပ်စုအဆင့်တွင် ဗီယက်နမ်နှင့် နှစ်ဂိုးစီသရေကျခဲ့သလို ယခုဆီးဂိမ်းပြိုင်ပွဲ အုပ်စုအဆင့်တွင် ထိုင်းနှင့် တစ်ဂိုးစီ သရေကျခဲ့သည်။ ဗီယက်နမ်အသင်းသည် ယခုဆီးဂိမ်းပြိုင်ပွဲ၏ အိမ်ရှင်အသင်းဖြစ်သလို လက်ရှိချန်ပီယံအသင်းလည်းဖြစ်ရာ မြန်မာအသင်းအနေဖြင့် ပိုမိုအားထုတ်ကစားရဖွယ်ရှိနေပြီး အုပ်စုပွဲစဉ်များထက် ပိုမိုကောင်းမွန်သည့် ခြေစွမ်းဖြင့် ကစားနိုင်မှသာ ဗိုလ်လုပွဲသို့ တစ်ကျော့ပြန် တက်ရောက်နိုင်မည်ဖြစ်သည်။ မြန်မာအသင်းသည် ဆီးဂိမ်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဝေးကွာနေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး အုပ်စုပွဲများကို လိုအပ်ချက်များ ပြန်လည်ပြင်ဆင်ကာ တိုက်စစ်ကစားပုံ ကောင်းမွန်လာပါက နိုင်ပွဲရယူနိုင်ရန် မျှော်လင့်ချက် ရှိနေသည်။

အုပ်စုပွဲများတွင် မြန်မာအသင်းက လာအိုအသင်းကို သုံးဂိုး-ဂိုးမရှိ၊ စင်ကာပူအသင်းကို တစ်ဂိုး-ဂိုးမရှိ ဖြင့်နိုင်ပြီး ထိုင်းအသင်းနှင့် တစ်ဂိုးစီ သရေကျခဲ့သည်။ ဗီယက်နမ်အသင်းမှာမူ ဖိလစ်ပိုင်ကို နှစ်ဂိုး-တစ်ဂိုး၊ ကမ္ဘောဒီးယားကို ခုနစ်ဂိုးပြတ်တို့ဖြင့် အနိုင်ရလာခြင်းဖြစ်သည်။

မြန်မာအသင်းသည် ဆီးဂိမ်းအမျိုးသမီးပြိုင်ပွဲတွင် ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ် ခုနစ်ခုရရှိထားပြီး ဝင်ရောက်ယှဉ်ပြိုင်သည့်အကြိမ်တိုင်း ဆုတံဆိပ်မလွတ်တမ်း ရယူနိုင်ခဲ့သည်။

ရဲရင့်လွင်၊ ဓာတ်ပုံ-MFF

No comments:

Post a Comment