Thursday, May 19, 2022

တောင်ကြီးမြို့၌ကျောင်းနေအရွယ်ကလေးအားလုံးပညာသင်ခွင့်ရရှိဖို့ကျောင်းအပ်နှံကြစို့ဆိုင်းဘုတ်တင်ဖွင့်လှစ်

 


တောင်ကြီး မေ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရှေ့တွင် မေ(၁၉)ရက် နံနက်(၈)နာရီခွဲက ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်ဖွင့်ပွဲ ကျင်းပသည်။





ဆိုင်းဘုတ်ဖွင့်လှစ်ခြင်းကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊ ပြည်နယ်ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ဆိုင်းဘုတ်အားအမွေးနံသာရည် ပက်ဖြန်းပေးကြသည်။

ဆက်လက်၍ တောင်ကြီးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာ ကျောင်းသား/ကျောင်းသူများ မိမိကိုယ်ကိုဂရုစိုက်ကြရန်၊ အစားအသောက် ကျန်းမာရေးဂရုစိုက်ကြရန်၊ အဆောင်နေပါက အဆောင်စည်းကမ်းရှိရန်နှင့်ရပ်ကွက်စည်းကမ်း၊ ကျောင်းစည်းကမ်းရှိရန်လိုပါကြောင်း ၊ ကျောင်းသား/ကျောင်းသူတို့သည် အဖြူထည်ဖြစ်၍ အရောင်အဆိုးမခံကြရန် ဘယ်သူတွေဘာ ပြောပြောနားမယောင်ဘဲ ကျောင်းစာကို စိတ်ဝင်တစားကြိုးစားကြရန် ဝတ်စားဆင်ယင်မှုတွင် စည်းကမ်းရှိစွာနှင့် သပ်ရပ်မှုရှိရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကေသီတင်မှ ကြိုဆိုမိတ်ဆက်စကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လနှုတ်ဆက်ကြသည်။ အဆိုပါ တောင်ကြီးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ပထမနှစ်ဝင်ခွင့် (၁၉၅၈)ဦး ၊ တက်ရောက်(၆၅၃)ဦး ရှိကြောင်းသိရသည်။

၎င်းနောက်  ဆရာအတတ်သင်ပညာဦးစီးဌာန၊ တောင်ကြီးဒီဂရီကောလိပ် ပညာရေးဒီဂရီကောလိပ်၊ ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့် ပထမနှစ်(ပထမနှစ်ဝက်)သင်တန်း၊ ကျောင်းသား၊ကျောင်းသူများအား ကြိုဆိုပွဲကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက တက်ရောက်ကြပြီး ဧည့်သည်တော်များအား ကျောင်းသားကျောင်းသူများက "မင်္ဂလာပါ"သီချင်းဖြင့် ကြိုဆိုနှုတ်ခွန်းဆက်ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံအတွက် လိုအပ်သော ပညာအခြေပြု လူ့စွမ်းအား အရင်းအမြစ်များစွာကို မွေးထုတ်ပေးနိုင်ရန် အဓိကအခန်းကဏ္ဍမှ တာဝန်ယူရမည့်သူများမှာ ဆရာအတတ်ပညာ အရည်အသွေးပြည့်ဝ ကျွမ်းကျင်သော ဆရာ၊ဆရာမများဖြစ်ပါကြောင်း၊ ယခုပညာသင်နှစ်တွင် ၄-နှစ်သင်၊ ပထမနှစ်၊ (ဒုတိယနှစ်ဝက်)နှင့် ပထမနှစ်(ပထမနှစ်ဝက်)သင်တန်းတို့ကို မေလ(၁၂)မှသြဂုတ်လ(၃၁)ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပို့ချမှာဖြစ်ပြီး တောင်ကြီးပညာရေး ဒီဂရီကောလိပ်တွင် ပထမနှစ်(ဒုတိယနှစ်ဝက်)(၂၂၆)ဦးနှင့် ပထမနှစ်(ပထမနှစ်ဝက်) (၁၅၇)ဦးတို့ကို လက်ခံပြီး စခန်းသွင်း သင်ကြားလေ့ကျင့်မှာဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍  တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်နှင်းကြူဦးမှ သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်ကြီးပညာရေး ဒီဂရီကောလိပ်အတွက် အားကစားပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ တောင်ကြီးပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ယင်းနောက်  ကျောင်းသားကျောင်းသူများမှ "မြညိုညိုတက္ကသိုလ်" သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။ အဆိုပါ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေး ဒီဂရီကောလိပ် (ပထမနှစ်) ဒုတိယနှစ်ဝက်နှင့် ပထမနှစ်(ပထမနှစ်ဝက်) တက်ရောက်သည့် ကျောင်းသား/ကျောင်းသူစာရင်းမှာ (၂၅၅)ဦး ရှိကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

No comments:

Post a Comment