မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်နှင့်အထက် အလုပ်လုပ်နိုင်သည့်အရွယ်ရှိသူ ၅၂ ဒသမ ၂ ရာခိုင်နှုန်းမှာ လယ်ယာကဏ္ဍတွင် ဝင်ရောက်အလုပ်လုပ်ကိုင်နေကြသည်။ မိမိတို့နိုင်ငံသည် ရှေးပဝေသဏီ ခေတ်အဆက်ဆက် ကပင်လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်ခဲ့သော်လည်း အိမ်နီးချင်း နိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ပင် လူတစ်ဦးချင်းအနေဖြင့်ရော မြေတစ်ဧကချင်း အနေဖြင့်ပါ ထုတ်လုပ်နိုင်စွမ်း အနိမ့်ဆုံး၌ ရပ်တည်နေသည်။ သို့ဖြစ်၍ ဝင်ငွေချင်းနှိုင်းယှဉ်ပါကလည်း လွန်စွာ ကွာခြားလျက်ရှိနေသည့်အလျောက် မြန်မာနိုင်ငံ တစ်ဝန်းရှိကျေးလက်ဒေသများမှ လူငယ်များ မှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်များကိုစွန့်လွှတ်ကာ ကျွမ်းကျင်မှုနည်းပါးသော အဆင့်နိမ့်ရွှေ့ ပြောင်းလုပ်သားများအဖြစ် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည်ကို တွေ့ရသည်။
စိုက်ပျိုးရေးကဏ္ဍမှ
လူငယ်လူရွယ် အများအပြား ကျေးလက်ကို စွန့်ခွာကြသည့် အကြောင်းများတွင် အလုပ်ကြမ်းသလောက်လုပ်အားခနည်းပါးလွန်းခြင်း၊
တစ်ရာသီသာလုပ်ကိုင်ရပြီး ကျန်အချိန်များတွင် အလုပ်လက်မဲ့ဖြစ်ရခြင်းနှင့် လယ်ယာလုပ်ငန်းခွင်
ရပ်နား ထားရသည့်ကာလတွင် ဝင်ငွေရနိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးခြင်း
စသည်တို့ကြောင့် စိုက်ပျိုးမြေပိုင်ဆိုင်မှုမရှိသူတို့ အခြားလုပ်ငန်းများသို့ ပြောင်းရွှေ့သွားကြသည့်အပြင်
မြေယာရှိသူတို့မှာလည်း မြေတစ်စိတ်တစ်ပိုင်း ဖြစ်စေ၊ အားလုံးကိုဖြစ်စေ ရောင်းချကာ အခြားလုပ်ငန်းများလုပ်ကိုင်ရန်ကြိုးပမ်းမှုများကို
လည်း တွေ့ရှိရသည်။
ဆန်စပါး၊ ပဲမျိုးစုံနှင့်
ဆီထွက်သီးနှံ အပါအဝင် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍအတွင်းရှိနေကြသည့် တောင်သူ လယ်သမားများ၏
အခက်အခဲများတွင် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးဈေးနှုန်းများ ကြီးမြင့်ခြင်း၊ အရည်အသွေး မမှန်ကန်ခြင်းနှင့်
စိုက်ပျိုးရေလိုအပ်ချက်တို့ကို ရင်ဖွင့်လေ့ရှိကြပြီး လယ်ယာလုပ်သားရှားပါးမှုတို့ကိုလည်း
ကြားသိရသည်။ စိုက်ပျိုးရေကို ရေစုပ်စက်ဖြင့်စုပ်တင်ရသည့် နေရာများ၊ ရေသွယ်မြောင်းတစ်လျှောက်
ရေစိမ့်ဝင်ဆုံးရှုံးမှု မရှိစေရန် ပလတ်စတစ်ခင်း၍ သွယ်ယူရ သည့်နေရာများတွင် ကုန်ကျစရိတ်ပိုလာခြင်း၊
လယ်ယာလုပ်သားငှားရမ်းမှု၊ ကောက်ရိတ်စက်၊ ခြွေလှေ့ စက်ငှားရမ်းမှု၊ သယ်ယူပို့ဆောင်မှုတို့အတွက်ကုန်
ကျစရိတ်များမြင့်မားလာခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ၏ ဂယက်ရိုက်ခတ်မှုကြောင့် တုံ့ဆိုင်းသွားခဲ့ရသည့်
စိုက်ပျိုးထုတ်ကုန်ဈေးကွက်များ ပြန်လည်နိုးထ လာမည့် အခြေအနေတို့အပေါ် စောင့်ဆိုင်းအကဲခတ်ခြင်းစသည့်
အခြေခံအကြောင်းတရားများနှင့်အတူ လယ်ယာစိုက်ပျိုးရေးကဏ္ဍ စိုက်ပျိုးခင်းမှသည် ဈေးကွက်အထိ
ပြန်လည်သွက်လက်လှုပ်ရှားလာရန် ဖေးကူပံ့ပိုးမှု အများအပြား ပြုလုပ်ရန် လိုအပ်မည်ဟု ရှုမြင်မိသည်။
လယ်ယာကဏ္ဍကုန်ထုတ်လုပ်မှုမြင့်မားရေးအတွက်
မြှင့်တင်ခြင်းက ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အထောက် အကူပြုပြီး နိုင်ငံစီးပွားရေးကိုလည်းမြင့်မားလာစေမည်ဖြစ်သည်။
ဓာတ်မြေဩဇာ၊ ပိုးသတ် ဆေး သွင်းအားစုများ၊ မျိုးကောင်းမျိုးသန့်၊ စိုက်နည်းစနစ်နှင့်စိုက်ပျိုးစရိတ်
ချေးငွေများလုံလောက်စွာ ရရှိရေး၊ စိုက်ပျိုးရေရရှိရေး၊ သီးနှံထွက်ကုန် ဈေးကွက်ခိုင်မာရေးတို့ကို
နိုင်ငံတော်က ဖန်တီးပေးပြီး စိုက်ပျိုးသီးနှံအထွက်တိုးရေး တောင်သူတို့က ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့်
လယ်ယာကဏ္ဍ ထုတ်လုပ်မှု မြှင့်တင်နိုင်ပါစေကြောင်း။ ။
မြန်မာ့အလင်း
အယ်ဒီတာ့အာဘော်
No comments:
Post a Comment