Friday, May 6, 2022

ငြိမ်းချမ်းသာယာဝပြောမှုကို တန်းတူခံစားနိုင်ရေးကြိုးပမ်း

 



မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော လက်နက်ကိုင် ပဋိပက္ခများမှာ ယနေ့ ထက်တိုင်အောင်မချုပ်ငြိမ်းသေးပေ။ ယုံကြည်ချက်၊ ခံယူချက်ကြောင့် သဘောထားကွဲလွဲရာမှ ဖြစ်ပေါ်လာသည့် ပဋိပက္ခများမှာ မျက်မှောက်ကာလတွင် အပြီးတိုင်ချုပ်ငြိမ်းသင့်သည့်အချိန်သို့ ရောက်နေပြီဖြစ်သည်။ နိုင်ငံတကာအလယ်တွင် တင့်တယ်စွာ ရပ်တည်နေထိုင်နိုင်ရန်အတွက် ငြိမ်းချမ်း ရေးကိုမဖြစ်မနေ ကြိုးပမ်းရယူကြရပေမည်။

၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီလ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးအတွက် ခေတ်အဆက်ဆက်အစိုးရများက ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ သို့သော် ငြိမ်းချမ်းရေးမှာအလှမ်း မနီးသေးဘဲ ရှိနေသေးသည်။ လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးပြီး စာချုပ်ပါအတိုင်း အလေးထား လုပ်ဆောင်လျက်ရှိသည်။

ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများကို အကြိမ်ကြိမ်ကျင်းပပြီး သဘောတူညီသည့် အချက်များရှိခဲ့သော်လည်း ငြိမ်းချမ်းရေးခရီးပန်းတိုင်နှင့် မနီးနိုင်သေးပေ။ နိုင်ငံတော်အကြီးအကဲ၏ ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ကမ်းလှမ်းမှုသည် ယခင်နှင့်မတူတစ်မူထူးခြားသည့် လေးနက်သော သဘောကို ဆောင်နေပေသည်။ ပြည်ထောင်စုကြီးတစ်ခုလုံး၏ အကျိုးစီးပွား၊ မိမိတို့တိုင်းရင်းသား ဒေသများ၏ အကျိုးစီးပွားအတွက် အမှန်တကယ်ရှေးရှုသည်ဆိုပါက ငြိမ်းချမ်းရေးခရီး အလှမ်းနီး အောင် ရှေးရှုတက်လှမ်းကြဖို့လိုအပ်ပေသည်။ သို့မဟုတ် မိမိတို့အကျိုး စီးပွားအတွက်သာ ရှေးရှုမည်ဆို ပါက ငြိမ်းချမ်းရေးခရီးနှင့်အလှမ်းမနီးဘဲ ပဋိပက္ခ သံသရာတွင် ဆက်လက်ကျင်လည်နေကြရမည် ဖြစ်သည်။

ယခုအခါ ငြိမ်းချမ်းရေးကိုလိုလားသော အဖွဲ့အစည်းအများစုရှိပြီး ငြိမ်းချမ်းရေးကို သွေဖည်နေသည့် အဖွဲ့အချို့လည်း ရှိနေသည်ကို တွေ့ရပေသည်။ မည်သို့ပင်ရှိသည်ဖြစ်စေ ငြိမ်းချမ်းရေးကို မဖြစ်မနေရရှိအောင် ကြိုးပမ်းဆောင်ရွက် နိုင်ရေးအတွက် တစ်ဦးနှင့်တစ်ဦး အမြင်သဘောထား ကွဲပြားမှုများကို နားလည်မှု၊သည်းခံမှု၊ အပေးအယူ အလျှော့အတင်းရှိမှုတို့ဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းရေးနှင့်အလှမ်းနီးအောင် ဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါသည်။ ယခုငြိမ်းချမ်းရေးအတွက် တွေ့ဆုံမှုသည် နိုင်ငံတော်အကြီးအကဲနှင့် တိုင်းရင်းသား ခေါင်းဆောင်များ တိုက်ရိုက်ထိတွေ့ တွေ့ဆုံဆွေးနွေးခြင်းဖြစ်၍ မိမိတို့တိုင်းရင်းသားဒေသများအကျိုး၊ ပြည်ထောင်စုကြီးကောင်းကျိုးအတွက် အကောင်းဆုံး ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါ သည်။

မြန်မာနိုင်ငံသည် အရောင်အသွေးမတူသည့် တိုင်းရင်းသားလူမျိုးတစ်ရာကျော် ရှေးအစဉ်အဆက် ကတည်းက အတူတကွစုစည်းနေထိုင်လာခဲ့သော နိုင်ငံဖြစ်ပါသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမအချင်းချင်းဖြစ်၍ စိတ်ဝမ်းကွဲပြားလျှင်လည်း အခိုက်အတန့်မျှဖြစ်ပြီး အားလုံးအတူ လက်တွဲနေထိုင်ခဲ့ကြပါသည်။ လွတ်လပ်ရေးမရမီကာလက ဗြိတိသျှနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှု ကြောင့် လူမျိုးစွဲ၊ ဒေသစွဲ အစွဲများဖြစ်ပေါ်ပြီး သွေးကွဲခြင်းအစဖြစ်လာခဲ့ပါသည်။ ညီညွတ်မှ ငြိမ်းချမ်း မည်။ ငြိမ်းချမ်းမှ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးသည် အဓိကဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးစားပွဲဝိုင်းတွင် ဆွေးနွေးအဖြေရှာခြင်းဖြင့် မိမိတို့လိုလားချက်များ၊ မိမိတို့ဒေသအကျိုးစီးပွားများ ပြည့်ဝလာလိမ့်မည်ဟု ယုံကြည်ပါသည်။

တိုင်းရင်းသားလူမျိုးများသည် နေရာဒေသအလိုက် ဓလေ့စရိုက်၊ဘာသာ၊ယဉ်ကျေးမှုများ ကွဲပြားခြား နားခွင့်ရှိပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရေးသည် အဓိကလိုအပ်ချက်ဖြစ်ပါသည်။ ကွဲပြား ခြားနားမှုများ မည်သို့ပင်ရှိသော်လည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ ထီးရိပ်အောက်တွင် အေးချမ်းစွာအတူ ယှဉ်တွဲနေထိုင်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ တန်းတူညီမျှမှု၊သာယာ ဝပြောမှု၊ ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များအား အတူတကွခံစားနိုင်ရန်အတွက် ငြိမ်းချမ်းရေးခရီးတွင် အမုန်းမဖက်ဘဲ ပေါင်းစပ်ညှိနှိုင်းခြင်းဖြင့် ခရီးဆက်စေချင်ပါသည်။ တိုင်းရင်းသားအချင်းချင်း ခွင့်လွှတ်သည်းခံခြင်း၊ နားလည်စာနာခြင်းဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပါလျှင် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောပြီး ကမ္ဘာ့အလယ်တွင် ဝင့်ထည်နေမည်ဖြစ်ပါသည်။

သို့ဖြစ်ရာ နိုင်ငံတော်အကြီးအကဲတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်သံသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေးအတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် အချက်ပေးခေါင်းလောင်းသံ ဖြစ်ပါသည်။ ဖွင့်လှစ်ထားသော ငြိမ်းချမ်းရေးတံခါးသို့ အားလုံးဝင် ရောက်ခြင်းဖြင့် အားလုံးတန်းတူညီမျှခံစားနိုင်မည့် ပြည်ထောင်စုကြီးအကျိုးစီးပွား၊ မိမိတို့တိုင်းရင်း သားဒေသများ၏ အကျိုးစီးပွားကို အမှန်တကယ်ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ထားပါကြောင်း။ 

ကြေးမုံအယ်ဒီတာ့အာဘော်

No comments:

Post a Comment