နေပြည်တော် မေ ၁၀
ရေအားအရင်းအမြစ်စူးစမ်းလေ့လာရေးအဖွဲ့ (၁/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့
အဖွဲ့ဝင်များဖြစ်ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ
ဒုတိယဝန်ကြီးနှင့် လုပ်ငန်းအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ ရေအားအရင်းအမြစ်စူးစမ်းလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ၊
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက
မိမိတို့နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါသည့် ဧရာဝတီမြစ်၊
ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်များ၏ ရေအရင်းအမြစ်များကို ထိရောက်အကျိုးရှိစွာ
စီမံခန့်ခွဲနိုင်ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ၎င်းမြစ်များ၏ မြစ်ဖျားမှ
စတင်ပြီး ပင်လယ်သို့ရောက်သည်အထိ ရေစီးနှုန်းတိုင်းတာရန်နှင့် ရေလမ်းကြောင်းအခြေအနေအပါအဝင်
ရေအရင်းအမြစ်ပမာဏကို စူးစမ်းလေ့လာဆောင်ရွက်နိုင်ရေး အတွက် ရေအားအရင်းအမြစ်စူးစမ်းလေ့လာရေးအဖွဲ့ကို
နိုင်ငံတော်က ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ အဖွဲ့၏လုပ်ငန်းတာဝန် (၁၀)ရပ်ကို အောင်မြင်စွာ
အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် မိမိတို့အားလုံး အတူတကွ လက်တွဲပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
ယခုချိန်အထိ နိုင်ငံအတွင်းရှိ ရေအားအရင်းအမြစ်များအားလုံး၏ တစ်စိတ်တစ်ဒေသကိုသာ အသုံးပြုနိုင်သေးသဖြင့်
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဘဝအဆင့်မြင့်မားရေးအတွက် ရေအားအရင်းအမြစ်များကို
စနစ်တကျစူးစမ်းလေ့လာ၍ အကျိုးရှိစွာအသုံးပြုရန် လိုအပ်ချက်ရှိနေဆဲဖြစ်ကြောင်း။
နိုင်ငံအတွင်းရှိ
အဓိကမြစ်ကြီးများနှင့် ဆက်နွယ်နေသည့် မြစ်ဝှမ်းဒေသများရှိ ရေအားအရင်းအမြစ်များကို
စူးစမ်းလေ့လာ၍ ပမာဏကို တိုင်းတာတွက်ချက်ပြီး၊ ထိရောက်အကျိုးရှိစွာ အသုံးချရေးကို မဖြစ်မနေ
ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်မှသာ ရေကြောင်းပို့ဆောင်ရေး၊ သောက်သုံးရေနှင့်
စိုက်ပျိုးရေပေးဝေရေး၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေး၊ ရေနှင့်ဆက်နွယ်သည့် သဘာဝဘေးအန္တရာယ်လျော့ပါးသက်သာရေး
လုပ်ငန်းများကို ဆောင်ရွက်နိုင်ပြီး၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး
(Socio Economic Development) ကို အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်
မြန်မာနိုင်ငံရှိ မြစ်ကြီးများတွင် ရေကြောင်းသွားလာမှု လုံခြုံချောမွေ့ရေး၊ ရေလမ်းကောင်းမွန်ရေး၊
ကမ်းပြိုကမ်းစားမှုကာကွယ်ရေး၊ ရေကြောင်းတိုင်းတာ ရေး၊ ရေအရည်အသွေးနှင့် သဲနုန်းလေ့လာရေးလုပ်ငန်းများကို
ဆောင်ရွက်လျက်ရှိကြောင်း၊ စူးစမ်း လေ့လာမှုမှရရှိသည့် အချက်အလက်များကို အခြေခံ၍ ရေဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ
ဆက်လက်ဖော်ဆောင်နိုင်ပါက နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက ကမ္ဘာ့ကုလသမဂ္ဂက
ချမှတ်ထားသည့် ထောင်စုနှစ်ရည်မှန်းချက်များ (Sustainable Development Goals 2030) အကောင်အထည်ဖော်ဆောင်ရွက်မှုကိုလည်း
အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြော ကြားသည်။
ထို့နောက် ရေအားအရင်းအမြစ်စူးစမ်းလေ့လာရေးအဖွဲ့၏
လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ အဖွဲ့အတွင်းရေးမှူး၊
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က
ရှင်းလင်းတင်ပြပြီး၊ တက်ရောက်လာသည့် ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီးများနှင့်
တာဝန်ရှိသူများက ဧရာဝတီမြစ်တွင် ပင်လယ်ရေငံဝင်ရောက်မှုအား ထည့်သွင်းစူးစမ်းလေ့လာ၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရေး၊
မြစ်ကြီး များတလျှောက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုကြောင့် ရေနှင့်သဘာဝပတ်ဝန်းကျင်
ထိခိုက်မှုအား လေ့လာရေး၊ မြန်မာနိုင်ငံရှိ ပေါများကြွယ်ဝသည့် ရေအားအရင်းအမြစ်များကို
ထိရောက်စွာ အသုံးချရေး၊ မြစ်ကြောင်းပြုပြင်ရေးနှင့် ရေကြောင်းသွားလာရေးလုပ်ငန်းများ
ရေရှည်ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းအစီအမံ (Action Plan)တွင် ထည့်သွင်းစဉ်းစားဆောင်ရွက်ရေး၊
စူးစမ်းလေ့လာတိုင်းတာမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရေးကဏ္ဍမှ ဆောင်ရွက်ပြီး/
ဆောင်ရွက်ဆဲ ရေအရင်းအမြစ် သုတေသနလုပ်ငန်းများနှင့်ပေါင်းစပ်ဆောင်ရွက်ရေး ကဏ္ဍအလိုက်
ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက
နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment