Tuesday, May 3, 2022

ကလောမြို့၌ မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်းဆိုင်ရာ ဟိုတယ်နှင့် ဧည့်လမ်းညွှန်များအတွက် အခြေခံဝန်ဆောင်မှုသင်တန်း ဖွင့်လှစ်

 


ကလော  မေ  

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် မသန်စွမ်း သူများအတွက် အတား အဆီးမဲ့ ခရီးသွား လုပ်ငန်း ဖော်ဆောင်ခြင်း ဆိုင်ရာ ဟိုတယ်နှင့် ဧည့်လမ်းညွှန်များအတွက် အခြေခံ ဝန်ဆောင်မှု သင်တန်းကို ယနေ့နံနက် ၈ နာရီက ကလောမြို့နယ် ခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်တောင်စုဝန်ကြီးက တက်ရောက် အဖွင့်အမှာ စကား ပြောကြား ခဲ့ကြောင်း သိရသည်။

 



ရှေးဦးစွာဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်တောင်စုဝန်ကြီးဒေါက်တာဌေးအောင်က အဖွင့်အမှာ စကားပြောကြားရာတွင် ခရီးသွားလုပ်ငန်းသည် လုပ်ငန်းကဏ္ဍအများအပြားနှင့် ဆက်စပ်လျက်ရှိပြီး ခရီးသွားများ စိတ်ကျေနပ်ပျော်ရွှင်မှုရရှိစေရန်အတွက် ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးရတဲ့ လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ Barrier Free Tourism ဆိုသည်မှာ ခရီးသွားလာရန် အခက်ခဲရှိသည့် မသန်စွမ်းသူများ၊ ကိုယ်လက်အင်္ဂါမသန်စွမ်းသူများ၊ အမြင်အာရုံ၊ အကြားအာရုံနှင့် စိတ်ပိုင်းဆိုင်ရာချို့တဲ့သူများ ဒဏ်ရာရရှိထားသူများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးငယ်များပါဝင်သည့် ခရီးသွားမိသားစုများနှင့် သက်ကြီး ခရီးသွားများအတွက် လွယ်ကူချော့မွေ့သော ခရီးသွားဝန်းကျင် အခြေအနေကောင်းများကို ဖန်တီးဖော်ဆောင် ပေးသည့် ခရီးသွားလုပ်ငန်းကို ဆိုလိုကြောင်း၊ ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင် အထင်ရှားဆုံး ခရီးစဉ် ဒေသများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး၊ ကလောမြို့ကဲ့သို့သော ပြည်တွင်းပြည်ပ ခရီးသွားများအကြား လူကြိုက်များ ရေပန်းစားသော ခရီးစဉ်ဒေသများတည်ရှိပါကြောင်း၊ခရီးသွားများ တည်းခိုနေထိုင်သည့် ဟိုတယ်များတွင် အကောင်အထည်ဖော်ခြင်းနှင့် အများပြည်သူအသိပညာရရှိစေမည့် သင်တန်းများဖွင့်လှစ်ခြင်း တို့ကို စမ်းသပ်စီမံကိန်းအဖြစ်အကောင်အထည် ဖော်နိုင်မည် ဖြစ်သော်လည်း၊ ခရီးစဉ်ဒေသများနှင့် အများပြည်သူနှင့် သက်ဆိုင်သည့် ဒေသများတွင် အခြေခံအဆောက်အဦများအကောင် အထည်ဖော်ခြင်း အပိုင်းသည် အဓိက စိန်ခေါ်မှုတစ်ခု ဖြစ်ပါကြောင်း၊ ယင်းအတွက် လုံလောက်သော ဘတ်ဂျတ်နှင့် နည်းပညာတို့ လိုအပ်မှာ ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက်ကိုလည်း ၎င်းတို့နှင့်သင့်တော်မည့် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖော်ဆောင်ပေးခြင်း၊ လုပ်ငန်းရှင်များမှ အလုပ်အကိုင်အခွင့် အလမ်းပေးခြင်းတို့ကိုလည်း အသိပညာပေး လုပ်ဆောင်ရမှာဖြစ်ကြောင်း၊၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ခရီးသွားမြို့တော်အဖြစ် အကောင်အထည်ဖော်မယ့် ကလောမြို့မှာ စမ်းသပ်စီမံကိန်းအနေနဲ့ ယခုကဲ့သို့ ဟိုတယ်နှင့် ဧည့်လမ်းညွှန်များအတွက် မသန်စွမ်းဧည့်သည်များအပေါ် ဝန်ဆောင်မှုသင်တန်းကို စတင် အကောင်အထည်ဖော်ခြင်းဖြစ်ပြီး၊ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာများကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးသွားဖို့ရှိကြောင်း၊ ရှမ်းပြည်နယ်အစိုးရအနေနဲ့ မသန်စွမ်းသူများရဲ့ အခွင့်အရေးကို သိရှိနားလည်ပြီး လိုအပ်သော ပံ့ပိုးထောက်ပံ့မှုများပေးနိုင်ရေးအတွက်ကိုလည်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ယုံကြည်ပါကြောင်းပြောကြားခဲ့သည်။ ထို့နောက်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးက သင်တန်းဖွင့်လှစ်ရသည့် အကြောင်းအရာနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးအား ဂုဏ်ပြု လက်ဆောင်ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှစီးပွားရေးရာဝန်ကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်နယ် လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှညွှန်ကြားရေးမှူး၊ ကလောမြို့နယ် အခြေစိုက်ဌာနဆိုင်ရာများဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သင်တန်းသား/သင်တန်းသူ ၇၃ ဦးတက်ရောက်၍ သင်တန်းကာလကို ယနေ့မှစ၍ နှစ်ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဝင်း(ပြန်/ဆက်)

No comments:

Post a Comment