မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်
မြန်မာတို့က ကပ်ကြီးသုံးပါးဟု သိရှိကြသည့် ရောဂါဘေး၊ လက်နက်ဘေး၊ အငတ်ဘေးတို့က မျက်မှောက် ကမ္ဘာကြီးကို ခြိမ်းခြောက်လျက်ရှိသည်။ ကိုဗစ်-၁၉ ကူးစက်မြန်ကပ်ရောဂါ၊ ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုများ၊ ပဋိပက္ခများနှင့် စစ်ပွဲများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေ အနေများ စသည့် ကမ္ဘာတစ်ဝန်းမှ ဖြစ်စဉ်များကို များမကြာလှသေးမီက မိမိတို့ မျက်ဝါးထင်ထင် တွေ့မြင်ကြရပြီးလည်းဖြစ်သည်။ သို့ဖြစ်လင့်ကစား အမှောင်တွင်းမှ အလင်းပွင့်များသဖွယ်ပင် ရောဂါဘေး၊ စစ်မက်ဘေး၊ အငတ်ဘေးတို့ ကျရောက်နေစဉ်အတွင်း မှာပင်ကရုဏာစိတ်နှင့်ယှဉ်သည့် ဆောင်ရွက်လှုပ်ရှားမှု များ ပေါ်ပေါက်လာပြီး လူသားဆန်မှုများ ပြသခဲ့ကြသည်ကိုလည်း တွေ့ခဲ့ကြရသည်။
ကြက်ခြေနီအဖွဲ့အစည်းသည် ကရုဏာတရားကို အခြေခံသည့် လူသားချင်းစာနာသော လူမှုရေးလှုပ်ရှားမှု အဖွဲ့အစည်း ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် အဖွဲ့ဝင်ပေါင်း ၉၇ သန်းခန့် ရှိနေသည့် ကြက်ခြေနီအဖွဲ့အစည်း များသည် လူမျိုး၊ ဘာသာ၊ အသား အရောင်၊ အသက်အရွယ်၊ ကျားမ၊ အဆင့်အတန်းခွဲခြားခြင်းမရှိဘဲ လူသားတို့အား လူမှုဒုက္ခအဝဝနှင့် ဝေဒနာခံစားနေရမှု တို့မှ လျော့ပါးသက်သာရန်၊ ကာကွယ်တားဆီးရန် မွန်မြတ်သော စိတ်ဓာတ်ဖြင့် ဆောင်ရွက်နေကြခြင်းဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံသား ဟင်နရီဒူးနန့်ဆိုသူက ၁၈၆၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ရာမှ ကမ္ဘာအရပ်ရပ်သို့ ပြန့်ပွားသွားခဲ့သည့် ကြက်ခြေနီလှုပ်ရှားမှု သည် လူသန်းပေါင်းများစွာ သေကျေပျက်စီး၊ လူသန်းပေါင်းများစွာ ထိခိုက်ဒဏ်ရာရသည်အထိ ဒုက္ခကြုံခဲ့ရသည့် ကမ္ဘာစစ်ကြီး နှစ်ခုတွင် လွန်စွာအရေးပါသောကဏ္ဍမှ ပါဝင်ခဲ့ရသည်။
မိမိတို့၏ ပတ်ဝန်းကျင်၌ လူမှုဒုက္ခအမျိုးမျိုး၊ ဘေးအန္တရာယ် အမျိုးမျိုး ကျရောက်ခံစားနေရမှု များနှင့်အတူ ကရုဏာစိတ်ထားကို အခြေခံသည့် လှုပ်ရှားဆောင်ရွက်မှုများကိုလည်း မကြာမကြာ တွေ့ရှိကြရသည်။ အများ အကျိုးဆောင်လိုသည့် စိတ်ဓာတ်နှင့် ကရုဏာစိတ်ထား တို့က လူသားဘဝ၏ မွန်မြတ်မှုကို ထုတ်ဖော် ပြသခြင်းပင်ဖြစ်ရာ အတိုင်းအတာပမာဏ ကြီးသည်၊ ငယ်သည်က ပဓာနမဟုတ်ဘဲ ကာယကံမြောက် ဆောင်ရွက်ပေးနိုင်မှုကသာ အဓိကဖြစ်သည်။ လူ့လောက၊ လူ့အဖွဲ့အစည်းကို တည်မြဲအောင်၊ သာယာချမ်း မြေ့အောင် စောင့်ရှောက်သည့် တရားများတွင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူ၍ လေးပါးရှိရာ စာနာထောက်ထား သနားကြင်နာစိတ်(ကရုဏာ)သည်လည်း တစ်ပါးအပါအဝင်ပင် ဖြစ်သည်။ အဆိုပါ လောကပါလတရား တို့မှာ ဘေးဒုက္ခအန္တရာယ်များမှ ကျော်လွှားလွတ်မြောက်စေနိုင်သည့် စွမ်းအင်များ ရှိကြသလို လူ့ဘောင်လောကကို တည်ငြိမ် အေးချမ်းစေ၊ သာယာဝပြော စေသည့် တရားများလည်းဖြစ်ရာ တစ်ယောက်ကစ တစ်ရာ၊ တစ်ရာမှသည် တစ်ထောင်ပွားများ အောင်ဆောင်ရွက်ကြခြင်းဖြင့် လူသားဘဝ၏ မွန်မြတ်မှုကို ပြသကြရမည်ဖြစ်သည်။
ယခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့၏ ဆောင်ပုဒ်မှာ #ကြင်နာစိတ်ထား ကြက်ခြေနီများ လူတိုင်းအပေါ် ကူညီသွား ဟူ၍ဖြစ်ရာ လူမှုဒုက္ခခံစားနေရသူ၊ ဘေးအန္တရာယ်ကြုံတွေ့နေရသူ၊ အကူအညီလိုအပ်နေသူတို့အပေါ် ကရုဏာ စိတ်ထားဖြင့် ကူညီကြရာတွင် လူတိုင်းကိုယ်စီ ကလည်း ပူးပေါင်းပါဝင်ကြကာ လူသားဘဝ၏ မွန်မြတ်မှုကို ပြသနိုင်ကြပါစေကြောင်း။။
No comments:
Post a Comment