ကြေးမုံ,အယ်ဒီတာ့အာဘော်
အစားအသောက်များ ချက်ပြုတ် ကြော်လှော်ရာတွင်လည်းကောင်း၊ စက်မှု ကုန်ကြမ်းပစ္စည်းအဖြစ် လည်းကောင်း စားသုံးဆီများကို မဖြစ်မနေအသုံးပြုကြရသည်။ ထို့အတူသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများအတွက် စက်သုံးဆီများကို မဖြစ်မနေ အသုံးပြုကြရသည်။ အဆိုပါဆီနှစ်မျိုးကို လူတို့၏နေ့စဉ်ဘဝအတွက် မရှိမဖြစ် အသုံးပြုနေရမှုနှင့်အတူ လတ်တလော ဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ဆီဈေးနှုန်း များကြီးမြင့်လာရာ ကျွဲကူးရေပါ ဆိုသလို အခြားသော ထုတ်ကုန်ပစ္စည်းများသည်လည်း ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။
လက်ရှိအခြေအနေ၌ မိမိတို့နိုင်ငံတွင် စားသုံးဆီနှင့် စက်သုံးဆီ ဖူလုံမှုမရှိသေး သဖြင့် ပြည်ပနိုင်ငံများမှ ဆီနှစ်မျိုးစလုံးကို တင်သွင်းနေရသည်။ ထို့အတွက် နိုင်ငံခြားငွေ သုံးစွဲနေရသည်။ နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ရန်ပြည်ပမှ တင်သွင်းနေရမှုများကို လျှော့ချခြင်း၊ တရားမဝင်တင်သွင်းနေသော ကုန်ပစ္စည်းများကို ဖမ်းဆီးအရေးယူခြင်း စသည့်နည်းလမ်းများဖြင့် ဆောင်ရွက်နေသည်ကို တွေ့ရ သည်။
ဆီနှစ်ဆီဖူလုံရေးအတွက် နိုင်ငံတော်အကြီးအကဲကလည်း စားသုံးမှု၊ သုံးစွဲမှု လျှော့ချရန် အခါအားလျော်စွာ လမ်းညွှန်မှာကြားလျက်ရှိသည်။ ဆီစားသုံးမှု အနေဖြင့် ကျန်းမာရေးရှုထောင့်မှကြည့်လျှင် လူတစ်ဦး တစ်ရက် ဆီစားသုံးရန် လိုအပ်ချက်မှာ ၂ ဒသမ ၂၅ ကျပ်သားဖြစ်သည်။ သို့သော် အများစုအနေဖြင့် နေ့စဉ်ဆီစားသုံးနေမှု များကို ပြန်လည်စိစစ်ကြည့်ပါက လိုအပ်သည်ထက် ကျော်လွန်စွာ စားသုံးနေ ကြသည်ကို လေ့လာတွေ့ရှိရမည် ဖြစ်သည်။
စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရန် စီမံဆောင်ရွက်လျက်ရှိရာ လူတစ်ဦး နေ့စဉ်စားသုံး ဆီလိုအပ်ချက်၊ တစ်နှစ်လိုအပ်ချက်မှသည် တစ်နိုင်ငံလုံးရှိ လူဦးရေပေါ် မူတည်၍ ဆီလိုအပ်ချက်ကို စနစ်တကျ တွက်ချက်ပြီး စိုက်ဧကများကို တိုးချဲ့စိုက်ပျိုးရပါမည်။ ထိုသို့စီမံချက်အရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆီထွက်သီးနှံများ စိုက်ပျိုးပြီး အခြားစီးပွားရေး တွက်ခြေကိုက်သော သီးနှံများမစိုက်လိုက်ရပါက နိုင်ငံ့စီးပွားရေးကို ထိခိုက်နိုင်သည်ကိုလည်း သတိပြုရမည်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် သီးနှံအမယ်စုံ စိုက်ပျိုးနိုင်သော မြေဧရိယာများစွာရှိသည်။ မိမိတို့နိုင်ငံအတွက် လိုအပ်သော သီးနှံများကို ဖူလုံစွာ စိုက်ပျိုးပြီး အခြားဈေးကွက်ဝင် စီးပွားရေးတွက်ခြေကိုက်မည့် သီးနှံများကိုလည်း လိုသလိုစိုက်ပျိုးနိုင်ရန် လိုအပ်သည်။ တောင်သူများအနေဖြင့် မိမိထုတ်လုပ်လိုက်သော ဆီတစ်ပိဿာ၏ တန်ဖိုးသည် ပြည်ပမှ တင်သွင်းလာသော ဆီတစ်ပိဿာ၏တန်ဖိုးထက် အနည်းငယ်ပိုနေပါက ဆီကိုဝယ်စားပြီး အခြားဈေးကောင်းရသည့်သီးနှံကို စိုက်ပျိုးရမည်ဟု အတွေးရှိတတ်ကြသည်။ အမှန်မှာ ဆီတစ်ပိဿာရရှိရန် စိုက်ပျိုးသည်မှ ထွက်ရှိသည်အထိ လုပ်ငန်းစဉ်တစ်လျှောက် လုပ်သားအင်အား တို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးရသည်ကို သတိမမူမိကြပေ။ ထိုကဲ့သို့အခြေအနေမျိုးသို့ မရောက်အောင်လည်း သက်ဆိုင်ရာ ဌာနများက ကူညီထောက်ပံ့ ပေးရန် လိုအပ်သည်။
တစ်ဖက်က စိုက်ဧကတိုးချဲ့ရေး၊ သွင်းအားစုများ ထောက်ပံ့ပေးရေး ဆောင်ရွက်ပြီး တစ်ဖက်ကလည်း ပြည်သူများ စားသုံးဆီဖူလုံမှုရှိစေရန်အတွက် ကျန်းမာရေးရှုထောင့်မှကြည့်ကာ ဆီစားသုံးမှု လျှော့ချနိုင်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ကြရမည်။
စက်သုံးဆီဖူလုံရေးအတွက်မူ စက်သုံးဆီမှာ သဘာဝတွင်းထွက် ရုပ်ကြွင်းလောင်စာများဖြစ်ပြီး မိမိတို့နိုင်ငံတွင် ထွက်ရှိသော်လည်း လုံလောက်ဖူလုံစွာ မထုတ်လုပ်နိုင်ပေ။ ထို့ကြောင့် စက်သုံးဆီကို တတ်နိုင်သလောက် လျှော့ချသုံးစွဲရန်လိုအပ်ပါသည်။ ကျန်းမာရေးရှုထောင့်မှကြည့်ပြီး လမ်းလျှောက်သင့်သည့် နေရာတွင် လမ်းလျှောက်သွားလာခြင်း၊ မလိုအပ်ဘဲ စက်တပ်ယာဉ်များ အသုံးပြုမှုလျှော့ချခြင်း စသည်ဖြင့် စက်သုံးဆီ ဖူလုံရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသင့်ပါသည်။ ထိုကဲ့သို့ စားသုံးဆီ၊ စက်သုံးဆီဖူလုံရေး အတွက် တစ်ဦးတစ်ယောက်ချင်းစီမှသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်နိုင်ပါက နိုင်ငံတော် အတွက် နိုင်ငံခြားငွေသုံးစွဲမှုကို လျော့နည်းစေနိုင်မည် သာမက မိမိတို့တစ်ဦးချင်း တစ်ယောက်ချင်းအတွက် ကျန်းမာခြင်းနှင့် ကုန်ကျစရိတ်သက်သာသော အကျိုးကျေးဇူးများကို လက်ငင်းခံစားရမည်ဖြစ်ပါကြောင်း။
No comments:
Post a Comment