Thursday, May 5, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မော်လမြိုင်တပ်နယ်နှင့် ထားဝယ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

 


နေပြည်တော် မေ ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူတို့လိုက်ပါ၍ ယနေ့တွင် မော်လမြိုင်တပ်နယ်နှင့် ထားဝယ်တပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တပ်နယ် ခန်းမအသီးသီးတွင် သီးခြားစီတွေ့ဆုံ၍ အမှာစကားပြောကြားသည်။

 



လေ့လာသင်ယူနေရမည်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ်(ကြည်း)က အမှာစကားပြောကြားရာတွင် အဆင့်အတန်းအားလုံးသည် တည်မြဲအမိန့် အသီးသီးတွင် ကိုယ်စီတာဝနဝတ္တရားများ သတ်မှတ်ပေးထားပြီးဖြစ်၍ တစ်ဦးချင်း အလိုက် သိရှိနားလည်ရန် လိုအပ်ကြောင်း၊ အသိမှန် မှသာ အလုပ်မှန်၍ ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် လုပ်ဆောင် နိုင်မည်ဖြစ်ကြောင်း၊ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်ကိုသိရှိပါက လက်တွေ့ အကောင်အထည်ဖော်နိုင်ရန် အသားကျသော လေ့ကျင့်မှုလိုအပ်မည်ဖြစ်ကြောင်း၊ လေ့ကျင့်မှု ပြည့်ဝမှသာလျှင် ဖွဲ့စည်းတပ်ဆင် ပေးထားသော ခေတ်မီစစ်လက်နက်ပစ္စည်းကိရိယာနှင့် ယန္တရားများကို ပိုင်နိုင်စွာ အသုံးချနိုင်မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းထားသော လက်ရုံးဝန်ထမ်းများအနေဖြင့် သက်ဆိုင်သည့် ပညာရပ်ဆိုင်ရာဘာသာရပ်များကို ပြောင်းလဲ တိုးတက်လာသည့် စစ်မှုသိပ္ပံနည်းပညာများနှင့်အညီ တတ်ကျွမ်းနေရန် မပြတ်လေ့လာ သင်ယူနေရမည် ဖြစ်ကြောင်း။

အကောင်းဆုံးစီမံအုပ်ချုပ်သွားရန်လို

လေ့ကျင့်သင်ကြားမှုတိုင်းတွင် သင်ကြားပေးသည့် နည်းပြအရာရှိ၊ စစ်သည်များအနေဖြင့် သင်ယူသူတို့၏ ယုံကြည်ကိုးစားထိုက်သော အရည်အချင်းပြည့်ဝရန်နှင့် လေးစားအားကျလောက်သည့် အပြုအမူ အပြောအဆို ဟန်ပန်အမူအရာမှစ၍ သတိပြုတည်ဆောက်နေရန်လိုကြောင်း၊ ပေးအပ်လာသည့် ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်ရာတွင် အောင်မြင်မှုရနိုင်ရန်အုပ်ချုပ်ရေးကို စနစ် တကျဆောင်ရွက်ရန်လိုကြောင်း၊ တပ်မတော်၏ အုပ်ချုပ်ရေးကို စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ပင်နယန်ကြီး သုံးရပ်ဖြင့် လည်ပတ် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းတာဝန်အားလုံးအတွက် လုပ်ထုံးလုပ်နည်း စည်းမျဉ်း၊ စည်းကမ်းများ သတ်မှတ်ပေးထားပြီးဖြစ်ကြောင်း၊ စစ်သည်များ၏ စားရေး၊ နေရေး၊ ဝတ်ရေးမှစ၍ ကျန်းမာရေးအထိ ထောက်ပံ့ဖြည့်ဆည်းမှုများအပြင် မိသားစုများ၏ အရေးအရာများကိုလည်း အုပ်ချုပ်ရေးဆိုင်ရာ သတ်မှတ် ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ တာဝန်ရှိသူ အဆင့်ဆင့်အနေဖြင့် တပ်မတော်၏ မူဝါဒ၊ လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများကိုသိရှိပြီး လိုက်နာဆောင်ရွက်ခြင်းဖြင့် အကောင်းဆုံးစီမံ အုပ်ချုပ်သွားရန်လိုကြောင်း၊ ထိုသို့ အုပ်ချုပ်ရာတွင်လည်း တပ်မှူးများအနေဖြင့် မိဘသဖွယ်စိတ်ဓာတ်နှင့် စစ်ခေါင်းဆောင်စိတ်ဓာတ်ကို နေရာမှန်အောင်ဆက်ဆံ၍ ဦးဆောင်သွားရန်လိုကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကို ထိန်းသိမ်းထမ်းဆောင်နေသည့် ကာလ ၁ နှစ်နှင့် ၃ လအတွင်း ပြည်တွင်း၊ ပြည်ပသွေးထိုးလှုံ့ဆော်မှုများ၊ အဖျက်အမှောင့်နှင့် အကြမ်းဖက် လုပ်ငန်းများအပြင် ဘာသာသာသနာကို ဖျက်ဆီးစော်ကားသည်အထိ လုပ်ဆောင်၍ နိုင်ငံကိုအလုံးစုံ ပျက်စီးအောင် ကြိုးပမ်းမှုများကို ရင်ဆိုင်ဖြေရှင်းခဲ့ရကြောင်း၊ နိုင်ငံ့ဝန်ထမ်းကောင်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူလူထုနှင့် လက်တွဲ၍ ပူးပေါင်း ကျော်လွှားနိုင်ခဲ့ကြောင်း၊ အုပ်ချုပ်မှုယန္တရား ရပ်တန့်၍ တည်ဆဲအစိုးရ ပြုတ်ကျရန် ကြိုးပမ်းမှုမအောင်မြင်သောအခါ ဖွဲ့စည်းမှုခိုင်မာသော တပ်မတော်ကိုဖြိုခွဲရန် ကြိုးစား လာသော်လည်း အချည်းနှီးသာဖြစ်ခဲ့ကြောင်း၊ ဆက်လက်၍ သွေးခွဲမှုများ လုပ်ဆောင်လာ နိုင်ခြင်းကြောင့် သတိရှိရှိဖြင့် သွေးစည်းညီညွတ်နေရန်လိုကြောင်း။

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်၍ ဘိုးဘေးများ ခေတ်အဆက်ဆက် ထူထောင်ခဲ့သော နိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲနေရန် ကာကွယ်စောင့်ရှောက်သွားရမည်ဖြစ်ပြီး ထိုသို့ကာကွယ်နိုင်ရန်လည်း တပ်မတော်သားအချင်းချင်းနှင့် မိသားစုဝင်များ အချင်းချင်းတို့သည် ရေပက်မဝင်သော စည်းလုံးညီညွတ်မှုရှိနေရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အရေးကြီးသောအစိတ်အပိုင်းမှ ပါဝင်ဆောင်ရွက်နေရသဖြင့် ပေးအပ်လာသော လုပ်ငန်း တာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်ရန် ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်နေရန်လိုကြောင်း၊ သို့ဖြစ်၍ တစ်ဦးချင်းအနေဖြင့် ကျန်းမာရေးအသိဖြင့် နေထိုင်စားသောက်လုပ်ကိုင် ရန်လိုကြောင်း မှာကြားပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တစ်ဦးချင်းတင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက် ဖွယ်ရာပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များနှင့်အတူ မော်လမြိုင်မြို့ နယ်မြေခံ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ပြည်သူများအား သွားရောက် ကြည့်ရှုအားပေး စကားပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များအား ဆေးရုံတပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက် ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား လိုက်လံကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါအခြေအနေများကို မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဆေးရုံတွင် တာဝန်ထမ်း ဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment