Saturday, May 21, 2022

ပြိုင်ပွဲမှာ သားလောင်းကော်စွမ်းရည်ကျွမ်းကျင်တဲ့ဝန်ထမ်းတွေကို နိုင်ငံခြားပျားဘုရင်မတွေ ရောက်လာတဲ့အချိန်ကျရင် မျိုးဖြန့်တဲ့ ပျားစခန်းတွေ ပေါ်ပေါက်လာတဲ့ခါမှာ သူတို့ကို တာဝန်ပေးအပ်သွားမှာဖြစ်ပါတယ်

ကမ္ဘာ့ပျားနေ့ (World Bee Day) အထိမ်းအမှတ်အခမ်းအနားကို မေ ၂၀ ရက်က ကျင်းပသည်။ ထိုကမ္ဘာ့ပျားနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပျားဘုရင်မ သားလောင်းကော်စွမ်းရည်ပြိုင်ပွဲကို ကျင်းပခဲ့သည်။ အဆိုပါ ပျားဘုရင်မ သားလောင်းကော်စွမ်းရည်ပြိုင်ပွဲကျင်းပခြင်း၊ မြန်မာနိုင်ငံ၏ ပျားရည်ထွက်ရှိနေမှုအခြေအ နေများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်။

 

 


ဦးမျိုးတင့်

ဒုတိယညွှန်ကြားရေးမှူး

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ

ကမ္ဘာပေါ်က နိုင်ငံအချို့မှာ ပျားမွေးမြူရေးနဲ့ပတ်သက်ပြီး ပြပွဲပြိုင်ပွဲတွေ ကျင်းပပြီး မြန်မာနိုင်ငံ မှာကတော့ ၂၀၁၉ ခုနှစ်မှာ ရန်ကုန်မွေးမြူရေး အဖွဲ့ချုပ်ရုံးမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ဖူးပါတယ်။ အဲဒီတုန်းက ပြပွဲတွေနဲ့ ခမ်းခမ်းနားနားကျင်းပခဲ့ပါတယ်။ ကြားကာလမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ကမ္ဘာ့ပျားနေ့ကို မကျင်းပနိုင်ခဲ့ပါဘူး။ ဒီနှစ်မှာတော့ ကမ္ဘာ့ပျားနေ့ကို အဓိပ္ပာယ်ရှိအောင် အခုလိုပြိုင်ပွဲများပြုလုပ်ပြီး ကျင်းပ ရခြင်း ဖြစ်ပါတယ်။

ပျားမွေးမြူမှု သုံးမျိုးရှိပါတယ်။ မျိုးပျား၊ မျိုးပျားအုံ၊ သင်းခွဲပျား စသည်တို့နဲ့ မွေးနိုင်ပါတယ်။ မျိုးပျားအုံနဲ့မွေးတယ်ဆိုတာ အခုမွေးနေတဲ့ ပျားသလက်သုံးချပ်ပါမယ်။ ပျားဘုရင်မတစ်ကောင် နဲ့ လုပ်သားပျား ခြောက်ထောင်၊ တစ်သောင်းကြားနဲ့စမွေးနိုင်ပါတယ်။မျိုးပျားနဲ့မွေးတာ က နိုင်ငံခြားကနေ ပျားမျိုးများမှာယူပြီး ပျားသလက်ဆောက်ခိုင်းပြီး မွေးရပါတယ်။ သင်းခွဲပျားနဲ့ မွေးတာက ပျားအုံများမှာ ပျားတွေများပြီး ထွက်ပြေးလာတဲ့ ပျားများကို ထောင်ဖမ်းပြီး မွေးရတဲ့နည်းဖြစ်ပါတယ်။ အများဆုံးမွေးမြူကြတာက မျိုးပျားအုံမွေးနည်းနဲ့ မွေးကြတယ်။ ပျားရည်အထွက်နှုန်း များတယ်၊ နည်းတယ်ဆိုတာ ရာသီနဲ့မဆိုင်ဘူး။ ပျားစာပေါများမှုနဲ့ ပျားအုံ ဖွံ့ဖြိုးမှုတို့နဲ့ပဲ အဓိကသက်ဆိုင်ပါတယ်။ ပျားအုံဖွံ့ဖြိုးမှုဆိုတာ ပျားအုံမှာ ပျားအရေအတွက် များတာတွေ၊ ပျားသလက်များတာတွေနဲ့ ပျားစာများမယ်ဆိုရင် ဖွံ့ဖြိုးမှုကောင်းပြီး ပျားရည် ထွက်နှုန်းလည်း ကောင်းပါတယ်။ ပျားအုံကောင်းမယ်၊ ပျားသလက်လဲများမယ် သို့သော် ပျားစာမရှိဘူးဆိုရင် ပျားရည်ထွက်နှုန်း မကောင်းနိုင်ဘူး။

အခုလို ပြိုင်ပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ပျားမွေးတယ် ဆိုရာမှာ ပျားတွေရဲ့ အသက်က ပျားဘုရင်မပါပဲ။ ပျားအုံတစ်အုံမှာ ပျားဘုရင်မမရှိရင် ကျန်တဲ့ပျားတွေက ၄၅ ရက်ထက် ပိုအသက်မရှင် ကြဘူး။ လုပ်သားပျားတွေရဲ့အသက်က ၆ ပတ်လောက်ပဲ ရှိပါတယ်။ လုပ်သား ပျားအားလုံးကို ပျားဘုရင်မကပဲ တစ်နှစ်တစ်နှစ် ဥထောင်နဲ့ချီ ဥပြီး ပေါက်ဖွားပေးတယ်။ ပျားတွေရဲ့အသက်၊ ဘဝ၊ ဦးဆောင်မှုဟာ ပျားဘုရင်မဖြစ်ပါတယ်။ ပျားဘုရင်မရဲ့ အဓိက ကျတာက ပျားဘုရင်မ သားလောင်းကော်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ပျားနေ့မှာ ပျားဘုရင်မသားလောင်းကော်ခြင်း စွမ်းရည်မြှင့်တင်ဖို့နဲ့ ပျားဘုရင်မ သားလောင်းကော်ခြင်း ပညာရပ်တွေ မတိမ်ကောအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ယခုပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေနဲ့ ဒီနှစ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်မှာ နိုင်ငံခြားက ပျားဘုရင်မကောင်ရေ ၂၀၀ ခန့်တင်သွင်းဖို့အစီအစဉ် ရှိပါတယ်။ နိုင်ငံခြားပျားဘုရင်မတွေ ရောက်လာတဲ့အခါကျရင် သူတို့ရဲ့ ပထမမျိုးဆက် ပျားဘုရင်မတွေကို ပုဂ္ဂလိကပျားမွေးတဲ့ အဖွဲ့တွေကို ဖြန့်ဖြူးပေးပြီး ပျားရည်နဲ့ ပျားထွက်ပစ္စည်းတွေ အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံခြားပျားဘုရင်မတွေ ရောက်ရှိတဲ့အချိန်မှာ သားလောင်း ကော်မျိုးယူတဲ့ ကျွမ်းကျင်တဲ့ဝန်ထမ်းတွေ လိုအပ်ပါတယ်။ ဒါကြောင့် သားလောင်းကော် ကျွမ်းကျင်တဲ့ လုပ်သားတွေ၊ ပျားစခန်းတာဝန်ခံတွေထဲမှာ ရွက်ပုန်းသီးတွေကို ဖော်ထုတ်ပေးဖို့ ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ပါတယ်။ ယခုပြိုင်ပွဲမှာ သားလောင်းကော်စွမ်းရည်ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေကို နိုင်ငံခြား ပျားဘုရင်မတွေ ရောက်လာတဲ့အချိန်ကျရင် မျိုးဖြန့်တဲ့ ပျားစခန်းတွေ ပေါ်ပေါက်လာတဲ့ခါမှာ သူတို့ကို တာဝန်ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ပျားနေ့ အခမ်းအနား ကို မြန်မာနိုင်ငံအနေနဲ့ တက်ကြွစွာ ပါဝင်ဆောင်ရွက်တယ်ဆိုတဲ့ ကဏ္ဍတစ်ရပ်အနေနဲ့ ဖော်ပြနိုင်ဖို့ ရည်ရွယ်ကျင်းပခြင်းဖြစ်ပါတယ်။

ဦးမောင်တင့်

ဒုတိယညွှန်ကြားရေးမှူး

ပျားလုပ်ငန်းသုံးနှင့် ပျားထွက်ပစ္စည်းဖွံ့ဖြိုးရေးဌာနစု

မြန်မာနိုင်ငံမှာ တစ်နှစ် ပျားရည်တန်ချိန် ၇၀၀၀ ခန့် ထွက်ရှိ ပါတယ်။ တစ်အုံမှာ ပေါင် ၇၀ ခန့်ထွက်ပြီး နိုင်ငံခြားကိုတင်ပို့မှု နှစ်စဉ် ပျမ်းမျှ တန် ၂၆၀၀ ခန့်ကို တစ်တန် ဈေးနှုန်းပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၆၀၀ ခန့်နဲ့ တင်ပို့ရောင်းချနိုင်ပါတယ်၊၊ တင်ပို့တဲ့ နိုင်ငံတွေကတော့ ဂျပန်၊ တရုတ်၊ ထိုင်း၊ ဆော်ဒီအာရေဗျနဲ့ တောင်ကိုရီးယားတို့ ဖြစ်ပါ တယ်။ ပြည်တွင်းစားသုံးမှုကတော့ ကိုဗစ်-၁၉ ကာလနောက်ပိုင်းစားသုံးမှု ပိုမိုမြင့်တက်လာပါတယ်။ ပျားရည်က ဆေးဝါးနဲ့ စားသောက်ကုန်စည် ဖော်စပ်တာ ၁၇ မျိုး ဖော်စပ်ပါတယ်။ သက်ကြီးသက်ငယ်မရွေး သုံးစွဲ သောက်သုံးနိုင်ပါတယ်။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ပျားရည်နဲ့ ပတ်သက်ရင် အမျိုးသားဓာတုဓာတ်ကင်းစောင့်ကြည့်မှုအစီအစဉ်နဲ့ ဒေသအသီးသီးကထွက်ရှိတဲ့ ပျားရည်တွေ ကို ပိုးသတ်ဆေးနဲ့ အခြား ဓာတုဆေးဝါးများပါ မပါနှစ်စဉ်စစ်ဆေးပါတယ်။၂၀၁၇ ခုနှစ်ကနေ ယခု အထိ စစ်ဆေးတယ်။ သုံးနှစ်မြောက်မွေးမြူရေးပျားတွေကို စစ်ဆေးခဲ့ တယ်။ Food Safetyနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ ထောက်ခံချက်တွေ ရရှိပြီး EUက ပျားရည်တင်ပို့ခွင့်ရတဲ့ နိုင်ငံစာရင်းမှာ ထည့်သွင်းခဲ့တယ်။ ဌာနရဲ့ ဦးဆောင်မှုအောက်မှာ အသင်းနဲ့ ပုဂ္ဂလိက ပျားမွေးမြူရေး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေပါ တယ်။

ဦးဇော်မင်းထွန်း( ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သူ)

ဒုဦးစီးမှူး၊ မန္တလေးတိုင်းဒေသကြီး၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ဇုန်(၃) ပျားဘုရင်မသားလောင်း ကော်စွမ်းရည်ပြိုင်ပွဲမှာ တတိယဆု ရရှိခဲ့ပါတယ်။ ပြိုင်ပွဲမှာ လာပြိုင်ရတဲ့ ရည်ရွယ်ချက်က ပျားအုံတွေ တိုးတက်ဖို့ရယ်၊ ပျားဘုရင်မ ကောင်းမွန်စွာ ဖြစ်ထွန်းနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ့်အစွမ်းအစကို ထုတ်ပြချင်တဲ့အတွက် လာရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။ ပျားမွေးတာကို ဝါသနာပါလို့ ဆယ်တန်းအောင်ပြီးတဲ့နောက် ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲက သင်တန်းတွေခေါ်ယူတဲ့အတွက် သင်တန်းတွေတက်ရောက်ပြီး ဝန်ထမ်းအဖြစ် တာဝန်စတင်ထမ်းဆောင် လာတာပါ။ အခုလို ပြိုင်ပွဲပြုလုပ် ပေးတဲ့အတွက် ပျားဘုရင်မ သားလောင်းကော်ခြင်း ပညာရပ်တွေကို ပိုမိုသိလာရ တယ်။ ကိုယ့်ထက် ကျွမ်းကျင်တဲ့သူတွေရဲ့ ပညာတွေကိုလည်း အနီးကပ်လေ့လာခွင့်ရတယ်။ မိမိတို့ မိခင်ဌာနရောက်ရင် ပျားဘုရင်မသားလောင်းကော်ပညာရပ်တွေကို ကောင်းမွန်စွာ အသုံးချပြီး ပျားရည်နဲ့ ပျားထွက်ပစ္စည်းတွေအထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

သတင်းစဉ်

No comments:

Post a Comment