နေပြည်တော် မေ ၂၀
၂၀၂၂ ခုနှစ်၊ (၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများ အတွက် ဂုဏ်ပြုနေ့လယ်စာ စားပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပရာ မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ်၊ (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၂၀၂၂ ခုနှစ်၊ ဧပြီ (၂၂) ရက်မှ (၂၈) ရက်ထိ နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြပွဲကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ရာတွင် ဆက်စပ်ဌာန၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့် အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ပြပွဲ ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ခဲ့သဖြင့် ပြပွဲကိုအောင်မြင်စွာ ကျင်းပနိုင်ခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ အောင်မြင်အောင် ကျင်းပနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ကြရ တွင် ဝန်ထမ်းများ၏ ဆောင်ရွက်ချက်များသည် အဓိကအရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ ယခုပြပွဲမှ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်၍ နောင်ကျင်းပမည့် ရတနာပြပွဲ များတွင် လိုအပ်သည်များကို ပြုပြင်ဆောင်ရွက်နိုင်ရေးနှင့် ဝန်ထမ်းများနှင့် တာဝန်ရှိသူများကို အထူး ကျေးဇူးတင် ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများကိုယ်စား မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းနှင့် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းတို့မှ တာဝန်ရှိသူများကို ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ချီးမြှင့်ပြီး ဝန်ထမ်းများအား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။
အဆိုပါ အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ (၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင် ခဲ့ကြသော အရာထမ်း/ အမှုထမ်း (၄၅၉) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment