Thursday, April 21, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲ၍ ကိုရင်ငယ် ၂ ပါးသေဆုံးကာ ကိုရင်ငယ် ၁ ပါးဒဏ်ရာရရှိ


နေပြည်တော် ဧပြီ ၂၁

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲမှုများ ပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင် အဆောက်အဦများကိုပါ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား စိတ်နှလုံး ညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။

ထိုသို့ပြုလုပ်လျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ သိမ်းချောင်းကျေးရွာအနီး စစ်ကိုင်း-ရွှေဘို ကားလမ်း မိုင်တိုင်အမှတ် ၄၁ မိုင် ၁ ဖာလုံနှင့် ၄၁ မိုင် ၂ ဖာလုံအကြား၌ PDF အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွား၍ ကိုရင်ငယ် ၂ ပါးသေဆုံးကာ ကိုရင်ငယ် ၁ ပါး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ မြင်းကြွရပ်ကွက်နေ ရှင်ပညာနန္ဒ(ခ) ပိုင်သူချစ် (၁၃)နှစ် (ဘ)ဦးကြည်မိုး၊ ရှင်သောနန္ဒ(ခ) ဟိန်းဝေယံ (၁၁)နှစ် (ဘ)ဦးသာနောနှင့် သိမ်းချောင်းကျေးရွာနေ ရှင်ဓမ္မနန္ဒ(ခ) ဖြိုးမောင်မောင် (၁၀)နှစ် (ဘ)ဦးအောင်ငွေစိုး တို့သည် သိမ်းချောင်းကျေးရွာအတွင်း ဆွမ်းခံ၍ ၎င်းတို့သီတင်းသုံးနေထိုင်သည့် သိမ်းချောင်းကျေးရွာရှိ စန္ဒာရုံဘုန်းတော်ကြီးကျောင်းသို့ ခြေလျင်ပြန်လာစဉ် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ရှင်ဓမ္မနန္ဒ(ခ) ဖြိုးမောင်မောင် (၁၀)နှစ်နှင့် ရှင်သောနန္ဒ(ခ) ဟိန်းဝေယံ (၁၁)နှစ်တို့တွင် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ရှင်ပညာနန္ဒ(ခ) ပိုင်သူချစ် (၁၃)နှစ်တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ဖြစ်စဉ်တွင် သာသနာ့အနွယ်ဝင် ကိုရင်ငယ်များအား သေဆုံးထိခိုက်ဒဏ်ရာရရှိစေခဲ့သူ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံ တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment