Thursday, April 21, 2022

AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုအကူအညီ စီမံခန့်ခွဲရေးဆိုင်ရာ မြန်မာလုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်များက ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

“AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေးဆိုင်ရာ မြန်မာလုပ်ငန်းအဖွဲ့ (Task Force)” အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့သည် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးသည်။

အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်ဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးချမ်းအေး၊ အတွင်းရေးမှူးများနှင့် လုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်များ တက်ရောက်ကြ သည်။

အစည်းအဝေး၌ မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပထမအဆင့် အကောင်အထည်ဖော်ဆောင်မှုများ၊ မြန်မာနိုင်ငံအနှံ့အပြားသို့ လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပံ့ပိုးပေးခြင်းနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးကြသည်။ လုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်များသည် လက်ဝယ်ရရှိပြီးဖြစ်သည့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို အမှန်တကယ် လိုအပ်နေသည့် ပြည်သူများထံသို့ ထိရောက်စွာ ပေးပို့နိုင်ရေး ကူညီဆောင်ရွက်ပေးရန် ထပ်လောင်း အတည်ပြုကြသည်။

ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံမှ အဆိုပြုသည့် အချက်များအပါအဝင် ဒုတိယအဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအတွက် ပြင်ဆင်မှုများအပေါ် နှစ်ဖက်အမြင်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဒုတိယအဆင့်အတွက် မြန်မာအစိုးရ၏ အစီအစဉ်များနှင့် လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရန်အတွက် သတ်မှတ်လုပ်ထုံး လုပ်နည်းများ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်

No comments:

Post a Comment