Thursday, April 7, 2022

လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး အားကစားစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် အလွတ်တန်းဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

 

ပျဉ်းမနား ဧပြီ ၇   

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး အားကစားစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ စွမ်းအားများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်  အလွတ်တန်းဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ ကျင်းပသည်။

 



ရှေးဦးစွာ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အလွတ်တန်းဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး အားကစားစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူငယ်အချင်းချင်း ချစ်ခင်ရင်းနှီးပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ပါကြောင်း၊ လူငယ်တွေအနေနဲ့ အားကစားကို စိတ်ပါဝင်စားလာပြီး စနစ်တကျ လေ့လာလိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်သူများ ဖြစ်ပေါ်လာစေရန်နှင့် အားကစားစိတ်ဓာတ်များ ဖြစ်ထွန်းလာစေရန်အတွက် အားကစားသမားများအနေဖြင့် အားကစားသစ္စာ အဓိဋ္ဌာန်(၄)ချက်ကို အဓိဋ္ဌာန်ပြုပြီး ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး  ဦးကျော်ဆင့်က လူထုအခြေပြုဗဟိုဌာနများတွင် သင်တန်းများဖွင့်လှစ်ဆောင်ရွက်နေမှု၊ ဘာသာစကားသင်တန်းများ ဖွင့်လှစ်ပေးနေမှုနှင့် ကာယ၊ ဉာဏဆိုင်ရာပြိုင်ပွဲများ ကျင်းပဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပျဉ်းမနားမြို့နယ်ပိုက်ကျော်ခြင်းအဖွဲ့မှ ဒိုင်လူကြီး ဦးနေဇော်အောင်က ပြိုင်ပွဲ စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍  နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ပျဉ်းမနားမြို့နယ် ဦးစီးအရာရှိ ဦးဇော်မင်းလွင်က လက်ခံရယူသည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ပိုက်ကျော်ခြင်း အသင်းများယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ 

အလွတ်တန်းဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်များမှ ပိုက်ကျော်ခြင်းအသင်း(၁၂)သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ဧပြီလ(၉)ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခန့်ဝင်းကျော်(ပြန်/ဆက်)

No comments:

Post a Comment