Sunday, April 10, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော်(ဟော်ခမ်းသျှမ်းဝီ) ပြန်လည်တည်ဆောက် ရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဧပြီ ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (မြောက်ပိုင်း)သိန်းနီမြို့ရှိ သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ကြီးကျယ်ခမ်းနားထည်ဝါ သည့်ဟော်နန်းတော် (ဟော်ခမ်းသျှမ်းဝီ) ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရိုးရာအိုးစည်အကဖြင့် လှိုက်လှဲစွာကြိုဆို

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဟော်နန်း တည် ဆောက်ရေးလုပ်ငန်းခွင်နေရာသို့ ရောက်ရှိကြရာ သိန်းနီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်း၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်ဒေသခံပြည်သူများက ရှမ်းရိုးရာအိုးစည် အကများဖြင့် လှိုက်လှဲစွာကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် ဟော်နန်းပုံစံငယ်များကို ကြည့်ရှုရာ ဟော်နန်းပြန်လည်တည်ဆောက်ရေးလုပ်ငန်း တာဝန်ခံ မြို့မိမြို့ဖ ဦးစိုင်းဝင်းခိုင်၊ မနန်းလောင်ခေးနှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြား ရေးမှူးဗိုလ်ချုပ် မျိုးသန့်တို့က လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေ၊ ပြီးစီးမှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများကိုရှင်းလင်းတင်ပြကြသည်။

မိမိတို့နိုင်ငံ၊ မိမိတို့ဒေသ၏ သမိုင်းအစဉ်အလာကြီးမားမှုကို ဖော်ပြနိုင်မည်

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဟော်နန်းပြန်လည်တည်ဆောက်ရာတွင် သမိုင်းအထောက်အထားများကိုလေ့လာ၍အနီးစပ်ဆုံး တူညီ အောင် ကြိုးစားတည်ဆောက်ကြစေလိုကြောင်း၊ အဆောက်အဦပိုင်းပြီးစီးပါက အတွင်းပိုင်း၌ ထားရှိရ မည့် ဓာတ်ပုံမှတ်တမ်းများ၊ မှတ်တမ်းစာအုပ်များ၊ သမိုင်းဝင်ရှေးဟောင်းပစ္စည်းများနှင့်အခြား အတွင်းပိုင်း အပြင်အဆင်ပစ္စည်းများကိုလည်း ကြိုတင်ဒီဇိုင်းရေးဆွဲ၍ နေရာတကျထားရှိနိုင်ရေး ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၏ မိုင်းပွန်ဟော်နန်းအဆောက်အဦ ကြီးနှင့်ကျိုင်းတုံနယ်ရှင်စော်ဘွားကြီးစဝ်ကွန် ကျောက်အင်းထလျဲန်၏ကျိုင်းတုံဟော်နန်းကြီးတို့ကိုလည်း ဆွေတော်မျိုးတော်တို့နှင့် ဒေသခံများ၏ ဆန္ဒအရ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး မိုင်းပွန်ဟော်နန်းကြီးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်းနှင့် ကျိုင်းတုံဟော်နန်းကြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ယခုနှစ်ဖေဖော်ဝါရီလ၁၇ ရက်မှစ၍စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ သမိုင်းဝင်အဆောက် အဦများ၊ ဘာသာရေးအဆောက်အဦများကိုမူလ ပုံစံမပျက် ပြန်လည်ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းဖြင့် မိမိတို့နိုင်ငံ၊ မိမိတို့ဒေသ၏ သမိုင်းအစဉ်အလာ ကြီးမားမှုကို ဖော်ပြနိုင်မည်ဖြစ်ကြောင်းနှင့် ဒေသခံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ ဟော်နန်း ပြန်လည် တည်ဆောက်ရေးနှင့်ပတ်သက်၍နိုင်ငံ တကာတွင်လည်း၎င်းတို့နိုင်ငံ၏သမိုင်းဝင် အဆောက်အဦများ၊ အမွေအနှစ်များကို ပြန်လည်ဖော်ထုတ်တည်ဆောက်ခြင်း၊ မွမ်းမံခြင်းများပြုလုပ်၍ နောင်လာနောက် သားများ လေ့လာနိုင်ရန်၊ သမိုင်းကို သိရှိစေရန် ပြတိုက်များ၊ လေ့လာရန်အထိမ်းအမှတ် နေရာများအဖြစ် ပြုလုပ်ထားရှိကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးမှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဟော်နန်းတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

သမိုင်းဝင်မြို့ကျက်သရေဆောင် သိန်းနီဟော်နန်းကြီးအားပြန်လည်တည်ဆောက်ပေးသည့်အတွက် အထူးကျေးဇူးတင်ရှိ

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဟော်နန်းပရိဝုဏ် အတွင်းရှိ ယဉ်ကျေးမှုပြခန်းအတွင်း၌ သိန်းနီမြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများအားတွေ့ဆုံရာ မြို့မိ၊ မြို့ဖ ဦးစိုင်းမျိုးညွန့်က ယခုကဲ့သို့ မိမိတို့ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြို့သမိုင်းဝင်ကျက်သရေဆောင် သိန်းနီဟော်နန်းကြီးအား ပြန်လည်တည် ဆောက်ရာတွင်ဦးဆောင်ဆောင်ရွက်ပေးခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မကြာမီ ပြီးစီးတော့မည့် သိန်းနီဟော်နန်းကြီးသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ် စေမည်ဟု ယုံကြည်ပါကြောင်းနှင့်ဟော်နန်းကြီးရေရှည်တည်တံ့ခိုင်မြဲရေးအတွက်လည်း ဒေသခံများ အားလုံးဝိုင်းဝန်း၍ ဆက်လက်ထိန်းသိမ်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားပြီး ဒေသခံများက ဒေသရေရရှိရေးအတွက် လိုအပ်ချက်များကို တင်ပြကြသည်။

သိန်းနီဒေသ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ မှာကြားဆွေးနွေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က သိန်းနီဟော်နန်းကြီးပြန်လည် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကူညီဆောင်ရွက်ပေးနိုင်ရေး လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သိန်းနီမြို့သည် စီးပွားရေးအရ အချက်အချာကျသည့် မြို့တစ်မြို့ဖြစ်ပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ဆောင်ပေးနိုင် ရေးစဉ်းစားခဲ့ရာတွင် ဦးစွာယဉ်ကျေးမှုအစဉ်အလာ များကိုဖော်ထုတ်လျက်ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်မည်ဟု လေ့လာတွေ့ရှိခဲ့ကြောင်း၊ ထို့ကြောင့် သိန်းနီဟော်နန်းကြီးကို ပြန်လည်တည် ဆောက်ပေးနိုင်ရေး စဉ်းစားဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လူပုဂ္ဂိုလ် တစ်ဦးချင်းတိုးတက်မှသာလျှင် ရပ်ကွက်၊ ကျေးရွာ၊ မြို့၊ မြို့နယ်မှစ၍ ဒေသတစ်ခုလုံးလည်း တိုးတက်လာ မည်ဖြစ်ကြောင်း၊ မိမိဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် ဒေသခံများက အဓိကကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် အသိပညာ၊ အတတ်ပညာများဖြင့်ပြည့်စုံသည့် ပညာတတ် လူသားအရင်းအမြစ်များ လိုအပ်မည်ဖြစ်သဖြင့် ပညာရေးကို အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံသားတိုင်း ပညာသင်ကြားနိုင် ရေးအတွက် ဆောင်ရွက်ပေးထားပြီးဖြစ်သော်လည်း ကျောင်းတက်၍ စာပေပညာ သင်ကြားကြမှသာလျှင် စာပေတတ်မြောက်ကြမည်ဖြစ်ကြောင်း၊ ပညာတတ်မှသာလျှင် ဒေသ၏ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ ပညာရေး နောက်ကျကျန်ရစ်ခဲ့ခြင်းမရှိစေရန်နှင့် ကျောင်းသား၊ ကျောင်းသူတို့၏ တစ်နှစ်တာအချိန် မနစ်နာစေရေးအတွက် ကိုဗစ်-၁၉ ဖြစ်ပေါ်နေသည့်ကြားကပင် စာသင်ကျောင်းများကို ဖွင့်လှစ်ဆောင် ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် အခြေခံပညာ ပညာရေး၏ စာသင်နှစ်ပြီးဆုံးပြီဖြစ်ပြီး နောင်လာမည့်နှစ် စာသင်နှစ်၌ပညာရေး အရှိန်အဟုန်မြှင့်တင်ရန် ကြိုတင် ပြင်ဆင်ထားကြစေလို ကြောင်း၊ တစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးမှသည် ဒေသအကျိုးအတွက် တိုက်တွန်း ပြောကြားခြင်းသာဖြစ်ကြောင်း။

ဒေသဖွံ့ဖြိုးရေးအတွက်အတတ်ပညာရှင်များ လိုအပ်မည်ဖြစ်ပြီး ဒေသ၏ ရေခံမြေခံကောင်းများကို အကျိုးရှိရှိ အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ ဒေသတွင်း တန်ဖိုးမြင့် ထုတ်ကုန်၊ ထွက်ကုန်များ ထွက်ရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုပြီး လိုအပ်သည့် စိုက်ပျိုးမွေးမြူရေးအသိပညာနှင့် အရင်းအနှီး များကို အစိုးရမှ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ အဆင့်မြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် သိန်းနီဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နိုင်မည့် အခြေအ နေများကို အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်က သိန်းနီမြို့ဌာန ဆိုင်ရာ များနှင့် ရပ်မိရပ်ဖများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ မြို့မိမြို့ဖ ဦးစိုင်း မျိုးညွန့်က လက်ခံရယူသည်။

အဆိုပါသိန်းနီဟော်နန်းကို အေဒီ ၁၉၁၀ ပြည့်နှစ် သက္ကရာဇ် ၁၂၇၂ ခုနှစ်တွင် ဒသဓမ္မရာဇာနိဂြောဓာ မဟာမင်းခေါင်ဘွဲ့တော်ရ သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းက ကြီးကျယ်ခမ်းနားထည်ဝါသည့် ဟော်နန်းအသစ်ကြီးအဖြစ်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျွန်းသားအစစ်များဖြင့်မန္တလေး နန်းတော် ပုံစံအတိုင်းဆောက်လုပ်ထားပြီး အဆောက်အဦကြီးတစ်ခုထဲတွင် တစ်ခုနှင့်တစ်ခု ဆက်သွယ် ထားသော အဆောက်အဦများစွာပါဝင်သည့် ပုံစံဖြစ်ကြောင်း၊ အလယ်တည့်တည့်တွင် ညီလာခံ ခန်းမကြီးတစ်ခုနှင့် မြေပေါက်ပလ္လင်တော်တစ်ခုလည်းပါရှိကြောင်း၊ စော်ဘွားကြီးသည် နှလုံးလေဟပ် သည့် ရောဂါဖြင့် နန်းတက်ကာလ ၃၃ နှစ်၊အေဒီ ၁၉၁၆ ခုနှစ်၊ သက္ကရာဇ် ၁၂၇၇ ခုနှစ်၊တန်ခူးလဆန်း ၂ ရက်၊ အင်္ဂါနေ့ ညသန်းခေါင်ကျော်နံနက် ၁ နာရီတွင် နတ်ရွာစံကံတော်ကုန်ခဲ့ကြောင်း၊ အေဒီ ၁၉၃၇ ခုနှစ်၊ သက္ကရာဇ် ၁၂၉၉ ခုနှစ်တွင် ဂျပန်လေတပ်များက ရှမ်းပြည်နယ်(မြောက်ပိုင်း)တစ်ခွင်လုံးကို ဗုံးကျဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အေဒီ ၁၉၄၀ ပြည့်နှစ်တွင် သိန်းနီကို ဂျပန်တို့က အပြီးအပိုင် သိမ်းပိုက်ခဲ့ကြောင်း၊ အေဒီ ၁၉၄၄ ခုနှစ်တွင် အမေရိကန်စစ်လေယာဉ်များ သည် သိန်းနီ-နမ္မတူချောင်းကူးတံတားကို ဗုံးကြဲ ဖျက်ဆီးခဲ့ပြီး သိန်းနီမြို့ကိုလည်း ဗုံးများကြဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးများကြဲချတိုက်ခိုက် ခြင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များစွာဖြစ်ပေါ်ခဲ့ပြီး သမိုင်းတွင် ထင်ရှားခဲ့သည့် သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ဟော်နန်းကြီးသည်လည်း မြေခပျက်စီးဆုံးရှုံး ခဲ့ရကြောင်း၊ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၅ရက်တွင်ဟော်နန်းပြန်လည် တည်ဆောက်ရေးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း၊ဟော်နန်းအဆောက်အဦသစ်ကို မူလအဆောက်အဦဟောင်းမြေ နေရာ၏ လက်ဝဲ ဘက် ၆၃ပေအကွာ၌ ဆောက်လုပ်လျက်ရှိပြီး လက်ရှိ အချိန်တွင် ပြီးစီးမှုရာခိုင်နှုန်း ၇၀ ခန့်ပြီးစီးပြီဖြစ် ကြောင်းနှင့်ပြီးစီးပါက ဟော်နန်းပြတိုက်အဖြစ် ထားရှိ၍ ဒေသအတွင်း သမိုင်းဝင်လေ့လာစရာနေရာနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှ၊ မိသားစုဝင်များနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ သည် လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်းတိုက် သို့သွားရောက်၍ သီရီမင်္ဂလာ မန်ဆူရှမ်း ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ အဂ္ဂမဟာ ကမ္မဌာနာစရိယ ဒေါက်တာဘဒ္ဒန္တ ပုညနန္ဒအား ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ ဆရာတော်ကြီး၏ ကျန်းမာရေးဆိုင်ရာ များနှင့် ဘာသာရေးဆိုင်ရာတို့ကို မေးမြန်းလျှောက် ထားပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။ ထို့နောက် သီရိရတနာဆွမ်းစားကျောင်းဆောင် တော်အတွင်း၌ မန်ဆူရှမ်းကျောင်းတိုက်ရှိ စာသင် သားသံဃာတော်အပါး ၁၀၀ နှင့် မန်ဆူရှမ်းကျောင်း တိုက်ဆရာတော်ကြီးအမှူးပြုသည့်သံဃာတော်များအား ဆွမ်းလောင်းလှူကာနေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment