Sunday, April 10, 2022

အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လူသာလျှင် အဓိကဖြစ်သဖြင့် လူသားအရင်းအမြစ်ကို တိုးတက်မြင့်မားအောင် ဆောင်ရွက်ကြရမည်

 


နေပြည်တော် ဧပြီ ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်မြို့မိမြို့ဖများအား လားရှိုးမြို့ရှိ မြို့နယ်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများမှ တာဝန်ရှိသူများ၊ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင် များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

ဒေသဆိုင်ရာ အချက်အလက်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်နေ မှုများတင်ပြ

ဦးစွာ ရှမ်းပြည်နယ်(မြောက်ပိုင်း) အစိုးရအုပ်ချုပ် ရေးအဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် လားရှိုးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းတို့က ဒေသဆိုင်ရာ အချက်အလက်များ၊ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အပေါ် အကောင်အထည်ဖော်ဆောင် ရွက်နေမှုအခြေအနေနှင့် လားရှိုးမြို့ ရေဖူလုံစွာရရှိရေး ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအား ရှင်းလင်းပြောကြား

ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်းတို့က ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ပေးနိုင်မည့် အခြေ အနေများအလိုက် ရှင်းလင်းပြောကြားရာတွင် လားရှိုးမြို့ရေရရှိရေးအတွက် စီမံဆောင်ရွက်လျက် ရှိသည့် အခြေအနေ၊လားရှိုးမြို့တွင်စိုက်ပျိုးရေး၊ မွေးမြူရေးသိပ္ပံ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိ သည့် အခြေအနေ၊ စိုက်ပျိုးရေးအတွက် ရေတင်စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊မျိုးကောင်း မျိုးသန့်ရရှိရန်နှင့် စိုက်နည်းစနစ်ရရှိရေးတို့အတွက် ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေ၊ လားရှိုးတက္ကသိုလ်တွင် စီးပွားရေးနှင့် ဥပဒေပိုင်း ဆိုင်ရာတို့ကို သင်ကြားပေးသွားမည့်အခြေအနေ နှင့် ပညာရေးဝန်ထမ်းလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည့် အခြေအနေ၊ လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးအတွက်အထောက်အကူပြု ပစ္စည်းများကို ဖြည့်ဆည်းရေးနှင့်နယ်စပ်ဒေသ ကုန်စည် စီးဆင်းသွားလာမှုများသည့်မြို့ ဖြစ်သဖြင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေးဆိုင်ရာများ ကိုတိုးမြှင့်ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဒေသခံများ၏ လိုအပ်ချက်များ

ယင်းနောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများက လားရှိုးမြို့ပြင်နှင့် မြို့တွင်းလမ်းပန်း ဆက်သွယ်မှုကောင်းမွန်စေရေးအဆင့်မြှင့်တင် ဆောင်ရွက်ပေးစေလိုသည့်အခြေအနေ၊လားရှိုးမြို့ အေဒီ ချောင်းမှ ရေအားရေအသုံးချမှု နည်းလမ်းများ ဖြင့်ဆောင်ရွက်ပေးစေ လိုသည့်အခြေအနေနှင့် ဂုတ်တွင်း တံတားတည်ဆောက်ပေးစေလိုမှု အခြေ အနေများကို တင်ပြကြသည်။

ဒေသခံများ၏ တင်ပြချက်များအား ဖြေရှင်း

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများနှင့် ပတ်သက်၍ ပြောကြားရာတွင် ဒေသခံများ၏ တင်ပြချက်များတွင် ပါဝင်သည့် လမ်းပန်းဆက်သွယ်ရေးအတွက်လမ်းအဆင့် မြှင့်တင်ဆောင်ရွက်ပေးစေလိုခြင်းနှင့် ပတ်သက်၍ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးသည် နေ့စဉ် ယာဉ်ကြီးယာဉ်ငယ်များစွာသွားလာ အသုံးပြုလျက်ရှိပြီး နိုင်ငံတကာစံညွှန်းများနှင့်အညီ သတ်မှတ်ကာလအလိုက်အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လားရှိုးမြို့နယ်အတွင်းရှိ ရေအရင်းအမြစ်များကိုအသုံးချ၍ သုံးရေ ရရှိနိုင်ရေး ဦးစွာဆောင်ရွက်ပြီး သောက်ရေအတွက် ပြန်လည်သန့်စင်နိုင်ရေး ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ဂုတ်တွင်းတံတားတည်ဆောက်ပေးစေ လိုမှုနှင့်ပတ်သက်၍ တည်ဆောက် နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသခံများအနေဖြင့် လမ်းကောင်းမွန်ရေးအတွက် လမ်းများ စနစ်တကျရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန်အတွက် စည်ပင်သာယာဝန်ထမ်းများသာမက မြို့နေ ပြည်သူများကလည်း စည်းကမ်းစနစ်တကျအမှိုက်စွန့်ပစ်ခြင်း၊ အမှိုက်ကောက်ခြင်းနှင့် မိမိတို့နေအိမ် အလိုက်၊ လမ်းအလိုက် သန့်ရှင်းသပ်ရပ်အောင်နေထိုင် မည်ဆိုပါကမြို့သာယာလှပလာမည်ဖြစ်သဖြင့် စည်းကမ်းစနစ်တကျဖြင့်ထိန်းသိမ်းဆောင်ရွက် ကြစေလိုကြောင်း။

လူသားအရင်းအမြစ်ကောင်းများ

ပေါ်ထွက်လာမှသာလျှင်မိမိဒေသ၊ မိမိတိုင်းပြည် တိုးတက်မည်ဖြစ်သဖြင့်ပညာရေးအားပေးကြရမည် ယခုခရီးစဉ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဖြေရှင်းဖြည့်ဆည်းဆောင်ရွက်ပေးနိုင် ရေးအတွက် ယခုကဲ့သို့ တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ခု အဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံပေါများရေးကို ဦးတည်ဆောင်ရွက်လျက်ရှိ ကြောင်း၊တိုင်းပြည်သာယာဝပြောရေးဆိုသည်မှာ တိုင်းသူပြည်သားအားလုံး ဘဝ၌ လုံခြုံပျော်ရွှင်စွာဖြင့် အလုပ် လုပ်ကိုင်နိုင်ရေး၊ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးနှင့် လိုအပ်ချက်များကို တတ်နိုင်သမျှ ပြည့်စုံစေရေးဆောင်ရွက်ပေးခြင်းပင်ဖြစ်ပြီး “အူမတောင့်မှ သီလစောင့်နိုင်မည်” ဆိုသကဲ့ သို့ စားရေရိက္ခာဖူလုံပေါများရေးကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

၂၀၁၉ ခုနှစ်တွင် တွက်ချက်ခဲ့သည့်ကြားဖြတ် သန်းခေါင်စာရင်းအချက်အလက်များအရ မိမိတို့ နိုင်ငံတွင် ပညာရေးနှင့်ပတ်သက်၍ အားနည်းချက် များများစွာရှိနေသည်ကို တွေ့ရှိရကြောင်း၊ တိုင်းပြည်၏ မြေပေါ်မြေအောက်သယံဇာတများကို ပညာတတ် လူသားအရင်းအမြစ်များဖြင့်အကျိုးရှိရှိအသုံးချ နိုင်ရမည်ဖြစ်ကြောင်း၊အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ နိုင်ငံများနှင့်ရင်ပေါင်တန်းအမီလိုက်နိုင်ရေး အတွက် ပညာရေးကိုမဖြစ်မနေ အားပေးဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ စာပေပညာသင်ကြားပေးနေ ခြင်းသည် အစိုးရအတွက်မဟုတ်ဘဲ အစိုးရက နိုင်ငံတော်အတွက် ကိုယ်စား ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍ၌ သင်ရိုးညွှန်းတမ်းများကို အစိုးရက ပြဋ္ဌာန်းခြင်းမဟုတ်ဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ပညာရှင်များ၊နိုင်ငံတကာအဖွဲ့အစည်းများက ဆွေးနွေးညှိနှိုင်းတိုင်ပင် ရေးဆွဲပြဋ္ဌာန်း ထားခြင်းဖြစ်သည်ကို သိရှိနားလည်ရန်လိုကြောင်း၊ ယခုဆောင်ရွက်နေသည်မှာလည်း ယခင်အစိုးရ အဆက်ဆက်ကကျင့်သုံးခဲ့သည့် နှစ် ၃၀ ပညာရည် မြှင့်တင်မှုစီမံကိန်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့်ပညာ သင်ကြားရေးသည် နိုင်ငံသားအားလုံး၏ ရပိုင်ခွင့် နှင့် တာဝန်သာဖြစ်ပြီး အုပ်ချုပ်သူအစိုးရကို သဘော ကျခြင်း၊ မကျခြင်းနှင့် မသက်ဆိုင်သည်ကို နားလည်သဘောပေါက်ရန်လိုအပ်ကြောင်း။

မိမိတို့နိုင်ငံတွင်ကျောင်းနေသူရာခိုင်နှုန်းနှင့် စာတတ်မြောက်သူရာခိုင်နှုန်း နည်းပါးလျက်ရှိသဖြင့် ပညာရေးကိုအားပေးကြရန်လိုအပ်မည်ဖြစ်ပြီး အသိပညာ၊ အတတ်ပညာရှင်များပေါ်ထွက် လာမှသာ လျှင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ မျိုးဆက် သစ်လူငယ်လူရွယ်များကို ကောင်းမွန်သည့် စာပေပညာအမွေအနှစ်များ ပေးနိုင်ရမည်ဖြစ် ကြောင်း၊ နိုင်ငံတော်မှ အခြေခံပညာများ၊ တက္ကသိုလ်ပညာများ သင်ကြားပေးနေခြင်းသည် မိမိတို့ တစ်ဦး ချင်းစီ၏ ရှေ့ဆက်ရမည့်ဘဝခရီးတွင် မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်ရေးနှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက် ရေးအတွက်ပင်ဖြစ်သည့်အတွက် အခွင့်အရေးကို ရရှိအောင် ယူကြစေလိုကြောင်း၊ အတတ်ပညာရပ်များသည် အတန်းပညာတတ်မှသာလျှင် သင်ကြားတတ်မြောက်နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာရပ်များကို သင်ကြားမည်ဆိုပါက အနည်းဆုံးအခြေခံပညာ အလယ်တန်း အဆင့်ရှိရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း အသိပညာတိုးပွားစေရေးအတွက်လည်း စာပေဖတ်ရှု လေ့လာ နေကြရန်လိုအပ်ပြီး ပညာရေးကို အားပေးဆောင်ရွက် ကြစေလိုကြောင်း။

ဒေသတွင်း သယံဇာတများကို အကျိုးရှိရှိအသုံးချနိုင်ရေး ကြိုးစားကြရန်လို

ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်လာပါက ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများသည်လည်း မရှိမဖြစ် လိုအပ်လာကြောင်း၊ ယခင်ကလည်း မိမိအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဘိလပ်မြေထုတ်လုပ်ရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သင့်သည်ဟု ပြောကြားခဲ့ ကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွင် သံရိုင်း၊ ကျောက်မီးသွေး၊ ထုံးကျောက် သယံဇာတများ များစွာရှိသည့်အတွက် စီးပွားရေးလုပ်ငန်းရှင်ဒေသ ခံများအနေဖြင့် သံမဏိလုပ်ငန်း၊ ဘိလပ်မြေ လုပ်ငန်းများလုပ်ဆောင်ရန် စိတ်ဝင်စားမှုရှိပါက လုပ်ဆောင် နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလို ကြောင်း။

အလားတူရှမ်းပြည်နယ်အနေဖြင့် လျှပ်စစ် ဓာတ်အား ထုတ်ယူသုံးစွဲနိုင်မည့် အရင်းအမြစ်များစွာ ရှိကြောင်း၊ဒေသတွင်းထုတ်ကုန်များမြင့်မားရေး၊ စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လိုအပ်ချက်မှာ လျှပ်စစ်စွမ်းအားပင်ဖြစ်သည့် အတွက်ဒေသတွင်းလျှပ်စစ်ဖူလုံရေး၊သဘာဝ အရင်း အမြစ်များမှ လျှပ်စစ်စွမ်းအား ထုတ်ယူနိုင်ရေးအတွက် စဉ်းစားလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ရှမ်းပြည်နယ်အတွင်း ရေအားလျှပ်စစ် စီမံကိန်းများလုပ်ဆောင်လျက်ရှိပြီးပြီးစီးပါက လျှပ်စစ်မီး ဖူလုံစွာသုံးစွဲနိုင်မည်ဖြစ်ကြောင်း။

ထို့ပြင် မြေသယံဇာတများစွာရှိပြီးဖြစ်သည့် အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင် မြင်စွာ လုပ်ဆောင်နိုင်မည့် အခြေအနေရှိပြီးဖြစ်ကြောင်း၊ သယံဇာတများကို အကျိုးရှိရှိအသုံးချနိုင် ရေးတိုက်တွန်းလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်လုပ်ဆောင်ကြ စေလိုကြောင်း၊အတန်းပညာ၊အတတ်ပညာကို အခြေခံပြီး ဆောင်ရွက်မှသာ တိုးတက်မှုရှိနိုင်မည် ဖြစ်ကြောင်း။

လူ့အသက်ထက်အရေးကြီးသည်မှာ မည်သည့်အရာမျှ မရှိသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုကို စနစ်တကျစီမံဖော်ဆောင်

အသိပညာ၊အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေး နိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှအလုပ်လုပ်နိုင်မည် ဖြစ်သဖြင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို စနစ်တကျ စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိတို့အ နေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့သည့် ကာလအတွင်းလူ့အသက်ထက်အရေးကြီးသည်မှာ မည်သည့်အရာမှမရှိဟုခံယူလျက်ကျန်းမာရေး ဝန်ထမ်း အခက်အခဲ၊ ကာကွယ် ကုသ ထိန်းချုပ်ရေး ဆေးဝါးများ၊ ပစ္စည်းများစသည့် အခက်အခဲပေါင်းစုံကြားမှ ကြံ့ကြံ့ခံဆောင်ရွက်ခဲ့ရပြီး ပြည်သူတို့ အတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရရှိရန်နှင့် ကာကွယ်ဆေးထိုးနှံမှုများ ကို မဖြစ်ဖြစ်သည့်နည်းလမ်းများဖြင့် လုပ်ဆောင်ပေးခဲ့ပြီး ပညာရေးပိုင်းနောက်ကျခဲ့မှု မရှိရအောင်လည်း အခက်အခဲများကြားမှ ကျောင်းများ ကို ပြန်လည်ဖွင့်လှစ်၍ စာပေသင်ကြားပေးနိုင်ရေး စီမံဆောင်ရွက်ခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့် ပြီးစီးစေရေးအတွက် ကျန်းမာရေးဝန်ထမ်းများသာမက အခြားဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း။

ကလေးငယ်များ၏ အားလပ်ရက်များကို အကျိုးရှိရှိ အသုံးချပြီး ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ မြှင့်တင် ဆောင်ရွက်

သင်္ကြန်ပိတ်ရက်ကာလကိုယ်ပိုင်အချိန်များအတွင်း လာရောက်တွေ့ဆုံရသည့်အတွက် မိမိအနေဖြင့် အားနာမိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးပြောကြားရန်နှင့် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ပိတ်ရက်ကာလကို အကျိုးရှိရှိ အသုံးချစေလိုကြောင်း၊ မိမိတို့၏ ကလေးငယ်များကိုလည်း ကျောင်းပိတ်ရက်အတွင်း အကျိုးရှိ စွာဖြင့် အသုံးချနိုင်ရေး စီမံဆောင်ရွက်ပေးစေလိုပြီး ယဉ်ကျေးလိမ္မာ စာပေဗဟုသုတများကို သင်ကြား ပေးစေလိုကြောင်း၊ ယဉ်ကျေးသည့် လူမှုအသိုင်း အဝိုင်းနှင့် မြန်မာတို့၏ ဘာသာရေး ကိုင်းရှိုင်းမှုစသည့် အစဉ်အလာကောင်းများကို ပြန်လည်ဖော်ဆောင်ပေးပြီး ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ မြှင့်တင်ဆောင်ရွက် ပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်မြို့မိ မြို့ဖများအတွက်လက်ဆောင်ပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment