Wednesday, April 20, 2022

မြန်မာ့ကော်ဖီ ကမ္ဘာ့ဈေးကွက်သို့

 


မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးမှုသမိုင်းသည် မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှကို လိုနီလက်အောက်သို့ ကျရောက်ခဲ့ရသည့် ၁၈၈၅ ခုနှစ် တွင် စတင်ခဲ့ရာ နှစ်ပေါင်း ၁၄၀ နီးပါး ရှည်ကြာခဲ့ပြီဖြစ်သည်။ ဦးစွာ Robusta ကော်ဖီမျိုးကို တနင်္သာရီတိုင်းအတွင်း မြိတ်၊ ထားဝယ်ဒေသများတွင် စိုက်ပျိုးခဲ့ကြခြင်းဖြစ်ပြီး ၁၉၃၀ ပြည့်နှစ်သို့ ရောက်သောအခါမှသာ Arabica ကော်ဖီမျိုးကို  ပြင်ဦးလွင်၌ စတင်စိုက်ပျိုးလာခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်သည့်အတွက် ပြင်ဦးလွင်၏ ကော်ဖီစိုက်ပျိုးမှုသက်တမ်းမှာ နှစ်ပေါင်း ၉၀ ကျော်ခဲ့ပြီဖြစ်ရာ ရာပြည့်တန်းသို့ဝင်လာပြီဟု ဆိုရမည်ဖြစ်သည်။

ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနှင့် ကော်ဖီသောက်သုံးမှုတို့ ကမ္ဘာတွင်ရော အာရှတွင်ပါ တိုးတက်များ ပြားလာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတော်က   တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ကော်ဖီလုပ်ငန်းရှင်များအနေဖြင့်လည်း ရည်မှန်းချက်ဖြစ်သည့် ကမ္ဘာ့ ကော်ဖီဈေးကွက်တွင် မြန်မာ့ကော်ဖီ၏ ဈေးကွက်ဝေစု အခိုင်အမာရရှိရေး အားသွန်ခွန်စိုက် ကြိုးပမ်းကြရမည်ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်တွင်း သောက်သုံးမှုတို့မှာ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ပင် နည်းပါးနေသေးသော်လည်း အနာဂတ်အတွက် ဈေးကွက်အလားအလာကောင်းများရှိကြောင်း သုံးသပ်မှုများလည်းရှိနေရာ မဖြစ်မနေ အားထုတ်ဆောင်ရွက်နိုင်သည်နှင့်အမျှ ပြည်တွင်း၌ရော ပြည်ပတွင်ပါ မြန်မာ့ ကော်ဖီနေရာရလာမည်ဖြစ်သည်။

“ကော်ဖီထုတ်ကုန်များ ဈေးကွက်ရရှိရေးနှင့် အရည်အသွေးမြင့် ထုတ်ကုန်ဖြစ်စေရေး အစိုးရကဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လိုအပ်သည့် အရင်းအနှီးများကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့်  အမှန်တကယ်အောင်မြင်ပြီး  မြန်မာ့ကော်ဖီ (Myanmar coffee Brand) ကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း”ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များနှင့် ဧပြီ ၁၀ ရက်က တွေ့ဆုံရာ၌ ပြောကြားခဲ့ရာ နိုင်ငံတော်၏ ကူညီပံ့ပိုးမှုအားများနှင့် လုပ်ငန်းရှင်တို့၏ ကြိုးပမ်းအားထုတ်မှုတို့ ပေါင်းစပ်ကာ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွက်ရော လုပ်ငန်းရှင်တို့အတွက်ပါ အကျိုးများစွာ ဖြစ်ထွန်းနိုင်မည်ဖြစ်သည်။

ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၏ ၂၀၁၆ ခုနှစ် စာရင်းဇယားအရ မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုသည် ၈၄၇၄ တန်ဖြင့် ကမ္ဘာ့အဆင့် ၃၉ တွင်ရှိနေခဲ့သည်။ မြန်မာ့ကော်ဖီ၏ အနံ့အရသာ အရည်အသွေးမှာ မနိမ့်ကျဘဲ မျက်နှာပန်းလှသည့် အဆင့်အတန်းတွင်ရှိနေရာ ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် သုတေသနပြုမှုနှင့် အရည်အသွေး ထိန်းသိမ်းမှုတို့ ပြုလုပ်ခြင်း၊ သဘာဝမြေဩဇာ သက်သက်ကိုသာ အသုံးပြုခြင်းဖြင့် မြန်မာ့ကော်ဖီ၏ ဝိသေသလက္ခဏာကို ကမ္ဘာသို့ ပြသနိုင်မည်ဖြစ်သည်။

ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်းကျဆင်း လာခြင်းနှင့်အတူ လေကြောင်း ပျံသန်းမှုများ ပြန်လည်ဖွင့်လှစ် ထားပြီဖြစ်ရာ ပြည်ပခရီးသည်များလည်း မြန်မာနိုင်ငံသို့ ဝင်ရောက်လျက်ရှိနေပြီဖြစ်သည်။ နိုင်ငံအတွင်းရှိ အချက်အချာကျသောနေရာများတွင် မြန်မာ့ ကော်ဖီသီးသန့်ဆိုင်များ ဖွင့်လှစ်ခြင်းမှ အစပြုကာ ပြည်ပနိုင်ငံများသို့ပါ ဆက်လက်ခြေဆန့်သွား ခြင်းဖြင့်လည်း  ကမ္ဘာ့ကော်ဖီဈေးကွက်တွင်  မြန်မြန်ဆန်ဆန် ခရီးပေါက်နိုင်မည်ဟု ယုံကြည်မိပါကြောင်း။    

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်

No comments:

Post a Comment