Tuesday, April 19, 2022

ပြည်ပမှ စက်သုံးဆီ တင်သွင်းဖြန်ဖြူးခြင်းလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက် အမှာစကားပြောကြား

  


နေပြည်တော် ဧပြီ ၁၉

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ပမှစက်သုံးဆီ တင်သွင်းဖြန့်ဖြူးခြင်း လုပ်ငန်းစဉ်များ အဆင်ပြေ ချောမွေ့စေရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေး၌ လတ်တလောပျံ့နှံ့နေသည့် စက်သုံးဆီနှင့်ပတ်သက်သော သတင်းမှားများကြောင့် လည်းကောင်း၊ စက်သုံးဆီလက်လီ အရောင်းဆိုင်များတွင် စက်သုံးဆီများအား အကန့်အသတ်ဖြင့် ရောင်းချနေသည့် အတွက်ကြောင့်လည်းကောင်း၊ သုံးစွဲသူပြည်သူများ စိုးရိမ်မှုများဖြစ်ပေါ်လာကာ အလုအယက်ဝယ်ယူနေကြသည့် အခြေအနေအပေါ် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများနှင့် သက်ဆိုင်ရာ ဌာနများအကြား ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးညှိနှိုင်းမှုများတွင် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများသာမက လက်လီရောင်းချသည့် စက်သုံးဆီ အရောင်းဆိုင် ဖွင့်လှစ်ရောင်းချနေသည့် SSME လုပ်ငန်းရှင်များက စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ ဖြစ်ပေါ်နေသည့်အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး ဝန်ကြီးဌာနဘက်မှ ပံ့ပိုးဖြည့်ဆည်းပေးနိုင်မည့် အခြေအနေများ၊ အများပြည်သူ အခက်အခဲများ၊ စိုးရိမ်မှုများကို လျော့နည်း ပပျောက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးကြသည်။

စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် တင်သွင်းမည့် လုပ်ငန်းစဉ်များအပေါ် စိုးရိမ်ပူပန်ခြင်း မရှိဘဲ စက်သုံးဆီလက်လီအရောင်းဆိုင်များတွင် ရည်ညွှန်းဈေးနှုန်းဘောင်အတွင်း အကန့်အသတ်မရှိ စားသုံးသူ ပြည်သူများ ဝယ်ယူရရှိနိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားရန် သဘောတူခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုး၊ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူများ၊ စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment