Saturday, April 23, 2022

လျှပ်စစ်ကားများ ထုတ်လုပ်ပြေးဆွဲနိုင်ရေးနှင့်စပ်လျဉ်းသည့် မူဝါဒဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

 


နေပြည်တော် ဧပြီ ၂၂

လျှပ်စစ်ကားများ ထုတ်လုပ်ပြေးဆွဲနိုင်ရေးနှင့် စပ်လျဉ်းသည့်မူဝါဒဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးအောင် သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာမျိုးသိမ်း ကျော်၊ ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြိုတော်ဝန် ဦးဗိုလ်ဌေးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်းတို့သည် Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

အစီအစဉ်အရ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက “Public Transportation အတွက် ခရီးတို မြို့တွင်းပြေးဆွဲသည့် လျှပ်စစ်ယာဉ်များ၊ လျှပ်စစ်ဘတ်စ်ကားများ တင်သွင်းထုတ်လုပ်အသုံးပြုနိုင်ရေးအတွက် ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်၍ ဆောင်ရွက်ရန်” ညွှန်ကြားချက်များအရ စက်မှုဝန်ကြီးဌာနအနေဖြင့် ထုတ်ပြန်ထားသည့် မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာ မူဝါဒပါလုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေရသောကြောင့် လျှပ်စစ်မော်တော်ယာဉ် ကဏ္ဍအတွက် ပြည်တွင်း ထုတ်လုပ်မှုကို တာဝန်ခံဝန်ကြီးဌာန အနေဖြင့် ထိန်းကျောင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်မော်တော်ယာဉ် ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် လျှပ်စစ် မော်တော်ယာဉ် တင်သွင်း၊ ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး ချမှတ်ထားသောတိကျသည့် မူဝါဒတစ်ခုရှိရန် အမှန်ပင် လိုအပ်နေပြီဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တွင် လူထုသယ်ယူပို့ဆောင်ရေးအတွက် YBS ယာဉ်လိုင်းများ ပြေးဆွဲနေသည့် ကုမ္ပဏီတစ်ခုက နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် လူထုသယ်ယူပို့ဆောင်ရေးအား လျှပ်စစ်ဘတ်စ်ကားများဖြင့် ပြောင်းလဲပြေးဆွဲရန် အဆိုပြုလာသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြခဲ့ရာ လိုအပ်သည့်မူဝါဒများ ချမှတ်နိုင်ရေး အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ကြောင်း။

ထို့ကြောင့် Action Plan နှင့်အတူ တိကျသည့် ညွှန်ကြားချက်၊ မူဝါဒများနှင့် ရှေ့ဆက်လက်ဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြတ်သားစွာ ထည့်သွင်းဖော်ပြရန်လိုကြောင်း၊ လျှပ်စစ် မော်တော်ယာဉ်လုပ်ငန်း တစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် Action Plan တစ်ခုဖြစ်ရန် လိုအပ်သောကြောင့် နိုင်ငံတကာ တွင် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကိုလည်း လေ့လာပြီး လိုအပ်ပါက ကိုးကား၍ ထည့်သွင်းအသုံးပြုသင့် ပါက လက်ခံကျင့်သုံးရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊ အထွေထွေမန်နေဂျာတို့က Electric Vehicle Development Policy and Action Plan ဆိုင်ရာဆောင်ရွက်ထားမှုအခြေအနေများကိုလည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊ ဒုတိယအထွေထွေမန်နေဂျာတို့က စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံအချို့တွင် လျှပ်စစ်သုံးယာဉ်မူဝါဒ ချမှတ်ထားရှိမှုနှင့် မြန်မာနိုင်ငံ အတွက် မူဝါဒဆိုင်ရာ အကြံပြု ချက်များကိုလည်းကောင်း၊ Omni Focus Co., Ltd. ၏ တာဝန်ရှိသူတစ်ဦးမှ လျှပ်စစ်ဘတ်စ်ကားများ ပြောင်းလဲပြေးဆွဲရေးဆိုင်ရာ လုပ်ငန်းစီမံချက်များကို လည်းကောင်း တင်ပြဆွေးနွေး သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဆက်စပ် ဝန်ကြီး ဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး များနှင့် တာဝန်ရှိသူတို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ညွှန်ကြားချက်အရ လျှပ်စစ်ကားများကို မြန်မာနိုင်ငံတွင် အမြန်ဆုံးတင်သွင်းပြေးဆွဲ နိုင်ရေးအတွက် ဝန်ကြီးဌာနအလိုက် ကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေများကိုလည်းကောင်း၊ လျှပ်စစ်ကားများအား ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်ရာတွင် ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ် အသေးစိတ်ကိုလည်းကောင်း၊ လျှပ်စစ်ကားများနှင့် ပတ်သက်သည့် စံချိန်စံညွှန်းများ သတ်မှတ်ပြဋ္ဌာန်းနိုင်ရေးကိစ္စ၊ လျှပ်စစ် ကားများနှင့် အပိုပစ္စည်းအစိတ်အပိုင်းများ တင်သွင်းလာပါက အကောက်ခွန်နှုန်းထားများ ဖြေလျှော့ပေးမည့် အခြေအနေများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဖြေလျှော့ ဆောင်ရွက်ပေး မည့်အခြေအနေများ၊ လျှပ်စစ်ယာဉ်များအတွက် ပြဋ္ဌာန်းမည့်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများရေးဆွဲရေးအတွက် ပံ့ပိုးကူညီပေးမည့် အခြေအနေတို့ကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။

ယင်းနောက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက EV Development Action Plan (3rd Draft) ပါ အကြောင်းအရာများနှင့် မူဝါဒဆိုင်ရာ အကြံပြုချက်များကို ဆက်စပ်ဝန်ကြီးဌာနများမှ သဘောထားမှတ်ချက် များနှင့်အညီ ကဏ္ဍအလိုက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် လျှပ်စစ် မော်တော်ယာဉ်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက်မူဝါဒများ ချမှတ်ဆောင်ရွက်နိုင်ရေး ဦးဆောင်ကော်မတီနှင့် လုပ်ငန်း ကော်မတီဖွဲ့စည်း၍ ပူးပေါင်းပါဝင် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။

သတင်းစဉ်

 

No comments:

Post a Comment