Saturday, April 16, 2022

စက်မှုဝန်ကြီးဌာန၏ မဟာသင်္ကြန်ရေသဘင်ပွဲတော်ကျင်းပ

 


နေပြည်တော် ဧပြီ ၁၅

မြန်မာနှစ်သစ်ကို ကြိုဆိုသောအားဖြင့်စက်မှု ဝန်ကြီးဌာန၏ မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ယနေ့သင်္ကြန်အကြတ်နေ့ နံနက်ပိုင်းတွင်နေပြည်တော်ရှိစက်မှုဝန်ကြီးဌာန ပရဝဏ်အတွင်း၌ ကျင်းပသည်။

ပါဝင်ဆင်နွှဲ

ရေသဘင်ပွဲတော်သို့ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး များနှင့် ၎င်းတို့၏ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြ သည်။

ရေသဘင်ပွဲတော်တွင် ပြည်ထောင်စုဝန်ကြီးက မြန်မာသက္ကရာဇ်၁၃၈၃ ခုနှစ်မြန်မာ့ရိုးရာမဟာ သင်္ကြန် နှစ်သစ်အခါသမယတွင် စက်မှုဝန်ကြီးဌာနရှိ ဝန်ထမ်းမိသားစုများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနှင့် ငြိမ်းချမ်းပျော်ရွှင်ကြပါစေ ကြောင်း၊မြန်မာတို့၏ နှစ်သစ်ကူးရိုးရာအတာ သင်္ကြန်သည် တစ်နှစ်တာနှစ်ဟောင်းကုန်၍ နှစ်သစ်ကို ကူးပြောင်းသည့်အချိန်တွင် အတာသင်္ကြန်ရေကို ပက်ဖျန်းကာ နှစ်စဉ်မဟာသင်္ကြန်ပွဲတော်ကို ကျင်းပ ကြခြင်းဖြစ်ကြောင်း၊ နွေရာသီ၏အပူဒဏ်ကို သင်္ကြန် ရေဖြင့် အေးမြစေပြီး မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အစည်ကားဆုံးပွဲတော်တစ်ခုလည်း ဖြစ်ပါကြောင်း၊ စက်မှုဝန်ကြီးဌာနရှိ ဝန်ထမ်းများသည်လည်း မြန်မာတို့၏ ယဉ်ကျေးဖွယ်ရာ အစဉ်အလာကောင်းများနှင့် ပျော်ရွှင်စွာပါဝင်ဆင်နွှဲလျက် နှစ်ဟောင်းလွန်မြောက်၊ နှစ်သစ်ကို ကူးပြောင်းရောက်ရှိမည့်မင်္ဂလာအခါ သမယတွင် သင်္ကြန်ရေသွန်းလောင်းခြင်းဖြင့် အေးမြခြင်း၊ ကြည်လင်ခြင်း၊ သန့်စင်ခြင်းသဘောကိုဆောင်ကာ နှစ်ဟောင်းမှအညစ်အကြေးများ ကင်းစင် လွင့်ပျောက်ကာ နှစ်သစ်အတွက် စိတ်သစ်၊ အင်အားသစ်များ ဖြစ်ပေါ်လာကြမည်ဖြစ်ပါကြောင်း၊ စက်မှုဝန်ကြီးဌာနတွင်ရှိသည့်ဝန်ထမ်းများအားလုံး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာစွာဖြင့် မိမိတို့၏ လုပ်ငန်းခွင်တွင် ချမ်းမြေ့ပျော်ရွှင်စွာ လုပ်ကိုင်နိုင်ကြပါစေကြောင်း၊ ကောင်းကျိုးလိုရာဆန္ဒပြည့်ဝပါစေ ကြောင်းနှင့်ရောဂါအန္တရာယ်များမှ ကင်းဝေးပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်း ဆုတောင်းစကား ပြောကြားပြီး တက်ရောက်လာသည့် ဝန်ထမ်းများနှင့် မိသားစုများက သင်္ကြန်သီချင်းများနှင့် သီဆိုဖျော်ဖြေ၍ ပျော်ရွှင်စွာ ရေပက်ကစားကြသည်။

တည်ခင်းဧည့်ခံ

ထို့နောက် ရေသဘင်ပွဲတော်တွင် ပါဝင်ဆင်နွှဲကြသူများအား မြန်မာ့ရိုးရာအစားအစာများဖြစ်သည့် မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ ရေခဲမုန့်တို့ဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment