Sunday, April 17, 2022

မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် မန္တလေးမြို့၌ ကုသိုလ်ကောင်းမှု ပြုသူများဖြင့်စည်ကား

 

မန္တလေး ဧပြီ ၁၇

ယနေ့ကျရောက်သော နှစ်သစ်ကူးပြောင်းသည့် မြန်မာ့နှစ်ဆန်း(၁)ရက်နေ့တွင် မန္တလေးမြို့ပေါ်ရှိ ဘုရား၊စေတီ၊ပုထိုးများနှင့် မြို့နယ်၊ ရပ်ကွက်များ၌ သံယာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းကြသူများ၊ သီတင်းသီလဆောက်တည်ကြသူများနှင့် ဇီဝိတဒါန ဘေးမဲ့လွှတ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

ယနေ့နံနက်အာရုံတက်မှစ၍ မဟာမုနိရုပ်ပွားတော်မြတ်အား မျက်နှာသစ်‌‌တော်ဝတ်အဖွဲ့က မျက်နှာ သစ်တော်မူပြီး မန္တလေးဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများက ရွှေသင်္ကန်းကပ်လှူခြင်း၊ပန်း၊ ဆီမီးပူဇော်ခြင်း၊ ရေသပ္ပါယ်ခြင်း၊ ရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ ငါးကန်တွင် ဇီဝိတဒါန ငါးလွှတ်ခြင်း၊ အစာကျွေးခြင်းစသည့် ကောင်းမှုအစုစုတို့ကို ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာမပျက် ကုသိုလ်ဘာဝနာပွားများကြသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။

ထို့ပြင် အောင်တော်မူ မြတ်စွာဘုရား၊ ရွှေကျီးမြင်ဘုရား၊ ဘုရားနီဘုရား၊ စွယ်တော်မြတ်စေတီ၊ မန္တလေးတောင်၊ ကုသိုလ်တော်၊ စန္ဒမုနိဘုရား၊ ကျောက်တော်ကြီးဘုရား၊ ကျောက်စိမ်းစေတီတော် စသည့် ဘုရားတို့တွင်လည်းဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိရာ စေတနာရှင် အလှူရှင်များကလည်း စတုဒိသာ အကျွေး အမွေးများဖြင့် ဧည့်ခံကြသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကလည်း တိရစ္တာန်များ ကို ဘေးမဲ့လွှတ်ခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်းနှင့် သက်ကြီးဘိုးဘွားများအား တစ်ကိုယ်ရေသန့်ရှင်းမှု ပြုလုပ်ပေးခြင်း၊ ကန်တော့ခြင်း၊ ဂါရဝါပြု အလှူပစ္စည်းများထောက်ပံ့ခြင်း စသည့်ကုသိုလ် ဒါနများကို လည်းပြုလုပ်ကြသည်။

ညနေပိုင်းတွင် မန္တလေးမြို့အတွင်းရှိ ရပ်ကွက်များ၊ လမ်းများ၊ ဓမ္မာရုံများ၌ ဆရာတော်၊ သံဃာတော်များပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ၊ ကမ္မဝါစာများ နာကြားကြကာ နှစ်သစ်တွင် မကောင်းမှုကင်းစင်၍ကောင်းမှု မင်္ဂလာများတိုးပွားစေရန် ကုသိုလ်ပွားများကြကာ မြန်မာ့နှစ်ဆန်းတစ်ရက် နှစ်သစ်မင်္ဂလာ အခါသမယနေ့တွင် မန္တလေးမြို့တော် တစ်ခွင်လုံး၌ ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။

မောင်အေးချမ်း

No comments:

Post a Comment