Sunday, April 17, 2022

မင်္ဂလာရှိသော နှစ်သစ်ကို ညီညွတ်မှုဖြင့် ဆောင်ကြဉ်း

 



ယနေ့သည် မြန်မာနှစ်ဆန်း ၁ ရက်နေ့ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ်သို့ စတင်ကူးပြောင်းသောနေ့၊မင်္ဂလာရှိသောနေ့ ဖြစ်သည်။ နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူများ ကောင်းမှုကုသိုလ်အထူးပွားများသော နေ့ဖြစ်သည်။ နှစ်သစ်ကိုကြိုလင့်၍ ကောင်းမှုကုသိုလ်များ ထုံမွမ်းနေသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး မင်္ဂလာအပေါင်းနှင့်ဝေဆာနေသည်ကို ဝမ်းမြောက်မိပါသည်။

ဤကမ္ဘာလောကကြီးတွင် ဖြစ်ပျက်သင်္ခါရသဘောအရ အချိန်ကာလတို့သည် အဆက်မပြတ် ဖြစ်ပျက် ကုန်ဆုံးလျက်ရှိသည်။ ရက်၊ လ၊ နှစ်တို့သည်ဖြစ်ပြီး ပျက်လျက် လျင်မြန်စွာကုန်ဆုံးလျက်ရှိရာ တိုတောင်းလှသော အချိန်ကာလအတွင်း ကျက်သရေမင်္ဂလာအဖြာဖြာဖြင့် တိုးပွားအောင်သာ ကြိုးစား အားထုတ်ကြရမည် ဖြစ်သည်။ မင်္ဂလာမရှိသော အကုသိုလ်အမှုများကို ရှောင်ရှားကာ ယောနိသော သင့်တင့်အောင်နှလုံးသွင်း၍ မင်္ဂလာရှိသော ကောင်းသောအမှုများကို ဆောင်ကြဉ်းကြရမည်ဖြစ်သည်။

နှစ်သစ်ကို ကူးပြောင်းဖြတ်သန်းကြရာ၌ နှစ်ဟောင်းမှ အညစ်အကြေးများ၊ညစ်နွမ်းမှုများကို သင်္ကြန်ရေဖြင့် ပျော်ရွှင်စွာဆေးကြောသန့်စင်ကြသည်။ စေတီ၊ ဘုရား၊ ကျောင်း၊ ကန်များတွင် ကုသိုလ်ကောင်းမှု များ ပွားများအားထုတ်ကြသည်။ ဘုရား၊ တရား၊ သံဃာအပေါင်းတို့အား ပူဇော်အထူးကို ပြုလုပ်ကြ သည်။ မိဘ၊ ဘိုးဘွား၊ သက်ကြီးရွယ်အိုများအား ဂါရဝတရားဦးထိပ်ထား၍ ပြုစုစောင့်ရှောက်ကြသည်။ တိရစ္ဆာန်သတ္တဝါများအားဘေးမဲ့လွှတ်ပေးပြီး ချမ်းသာအောင် ဆောင်ကြဉ်းပေးကြသည်။ ယင်းတို့သည် မြန်မာတို့၏ အစဉ်အလာမပျက်သည့် မွန်မြတ်သော ယဉ်ကျေးမှုလက္ခဏာဖြစ်သည်။

သို့သော် မြန်မာတို့၏ ထာဝစဉ်မြတ်နိုးနှစ်သက်လာခဲ့သော သင်္ကြန်ယဉ်ကျေးမှု အစဉ်အလာများကို နှောင့်ယှက်ဖျက်ဆီးမည့်သူများ ပေါ်ပေါက်လာခဲ့သည်။ မြန်မာ့ယဉ်ကျေးမှုသမိုင်းကြောင်းတစ်လျှောက် တွင် ယုံကြည်ချက်၊ ခံယူချက်မည်သို့ပင်ကွဲပြားခြားနားသော်လည်း တိုင်းရင်းသားပြည်သူအားလုံးနှင့် သက်ဆိုင်သည့် ယဉ်ကျေးမှုအစဉ်အလာများကို မည်သည့်အခါမျှ၊ မည်သူမျှဖျက်ဆီး နှောင့်ယှက်ခြင်း မပြုလုပ်ခဲ့ပေ။ ယခုအခါ ပြည်သူများ ပျော်ရွှင်ချမ်းမြေ့စွာဖြင့်နှစ်သစ်အား မင်္ဂလာရှိစွာ ဖြတ်သန်းနေကြ သည်ကို မလိုလား၊ မရှုဆိတ်နိုင်သောသူများ ပေါ်ပေါက်လာခဲ့သည်။ မြန်မာ့ယဉ်ကျေးမှုကို ဖျက်ဆီးလို သူများရှိလာခဲ့သည်။

ဣဿာ၊ မစ္ဆရိယ၊ ဒေါသ၊ မောဟဖုံးလွှမ်းနေသောသူများသည် မြန်မာတစ်မျိုး သားလုံး တန်ဖိုးထား မြတ်နိုးသောရိုးရာယဉ်ကျေးမှုအစဉ်အလာပွဲတော်ကို အကျည်းတန်အရုပ်ဆိုးအောင် ပြုလုပ်ရန်ကြံစည် ကြသည်။ ယင်းတို့သည် လောဘ၊ ဒေါသ၊ မောဟဖုံးလွှမ်းနေသော ဗာလများသာဖြစ်သည်။ မိမိတို့လိုဘအတွက် အမင်္ဂလာအမှုများကို ကျူးလွန်နေကြသူများဖြစ်သည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာကြီးမားသော၊ ဗြဟ္မစိုရ်တရားထွန်းကားသော နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအစဉ်အလာကို ပျောက်ပျက်အောင် ပြုလုပ်ခြင်းသည် မြန်မာနိုင်ငံကို ဖျက်ဆီးခြင်း သာဖြစ်သည်။ မြန်မာတို့၏ အစဉ်အလာယဉ်ကျေးမှုကို ဖျက်ဆီးသောသူများအား တားဆီးကြရမည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ မည်သူတရားပျက်ပျက် ကိုယ်မပျက်စေနှင့်ဟုဆိုသည့် တရားသဘောအရ နှစ်သစ်ကို ညစ်ထေးအောင်ပြုလုပ်သူများအား ရှောင်ရှား၍ မင်္ဂလာရှိသောနှစ်သစ်ကို စတင်ဖြတ်သန်းနိုင်ရန် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။ နှစ်ဟောင်းတွင် တိုင်းရင်းသားပြည်သူအပေါင်း ရင်ဆိုင်ကြုံတွေ့ ကြရပြီးဖြစ်သည့် စိန်ခေါ်မှုများ၊ ပဋိပက္ခများ၊ စိတ်မချမ်းမြေ့ဖွယ်ရာများအား ကျော်လွှားလွန်မြောက် စေရန်အတွက် မေတ္တာတရား၊ မုဒိတာတရား တိုးပွားအောင် ပြုလုပ်ကြရမည်ဖြစ်သည်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး၊တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များတွင် လူတိုင်းလူတိုင်း အသိစိတ်ဓာတ်ရှိစွာဖြင့် လက်တွဲပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

လောကတွင် ပြုသူနှင့်ဖျက်သူဟူ၍ အမြဲဒွန်တွဲရှိခဲ့သည်။ မကောင်းမှုပြုသူသည် မကောင်းသော အကျိုးပေးကို မလွဲမသွေခံစားရမည်ဖြစ်သလို ကောင်းမှုပြုသူသည် ကောင်းသောအကျိုးပေးကို မလွဲမသွေခံစားရမည်ဖြစ်သည်။ ထို့ကြောင့် မင်္ဂလာရှိသော နှစ်သစ်တွင် ကောင်းသောအကျိုးတရားများ တိုးပွားလာအောင် ကောင်းသောအမှုများကို ပြုလုပ်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ပြီးခဲ့သည့်နှစ်ဟောင်းကာလတွင် တိုင်းပြည်ကို အလုံးစုံပျက်စီးစေလိုသော အကုသိုလ်အမှုပြု ကြသူများကြောင့် ပြည်သူများ စိတ်နှလုံးမချမ်းမြေ့ဖြစ်ခဲ့ ကြသည်။ နှစ်သစ်ကာလတွင် ပြည်သူအားလုံး ညီညီညွတ်ညွတ် ပူးပေါင်းလက်တွဲပြီး အဖျက်ရန်စွယ်အန္တရာယ်များအား ဖယ်ရှား၍ ငြိမ်းချမ်းသာယာ ဝပြောပြီး မင်္ဂလာရှိသော တိုင်းပြည်ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း။

ကြေးမုံအယ်ဒီတာ့အာဘော်

No comments:

Post a Comment