Friday, April 15, 2022

မဟာသင်္ကြန် (အကျနေ့) တွင် နေပြည်တော်၌ အေးချမ်းပျော်ရွှင်စွာ ရေကစားကြသူများ၊ အပန်းဖြေစခန်းများ၌ လာရောက်အပန်းဖြေသူများဖြင့် စည်ကား

နေပြည်တော် ဧပြီ ၁၄

ယနေ့ကျရောက်သည့် မြန်မာ့ရိုးရာမဟာ သင်္ကြန် (အကျနေ့) တွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုကြသူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းကြသူများ၊ အေးချမ်း ပျော်ရွှင်စွာ ရေကစားကြသူများနှင့် အပန်းဖြေစခန်းများ၌ လာရောက်အပန်းဖြေကြသူများဖြင့် စည်ကားလျက် ရှိသည်။

 




စည်ကားလျက်ရှိ

ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ဥပ္ပါတ သန္တိစေတီတော်မြတ်ကြီး၊ ဓာတုစယ ဓာတ်ပေါင်းစုစေတီတော်၊ လှေခွင်းတောင်ဘုရား၊ အခြားတန်ခိုးကြီး ဘုရားများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် တရားဘာဝနာ ပွားများအားထုတ်ကြသူများ၊ ဥပုသ်သီလ ဆောက်တည်ကြသူများ၊ တရားစခန်းများတွင် တရားဘာဝနာ ရှုမှတ်ပွားများကြသူများနှင့် ဘုရား ရေသပ္ပာယ်ကြသူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မဟာသင်္ကြန် ရေကစား မဏ္ဍပ်များတွင်လည်း နိုင်ငံကျော်အနုပညာရှင်များနှင့် တေးသံရှင်များက တေးသီချင်းများဖြင့်လည်းကောင်း၊ ဝန်ကြီးဌာနများနှင့် နေပြည်တော်မြို့နယ်အတွင်းရှိ မြို့နယ်များမှ ယိမ်းအဖွဲ့များက ယိမ်းအက အလှများဖြင့် လည်းကောင်း ဖျော်ဖြေကြပြီး ရေပက်ခံကားများ၊ ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသည့်အပြင် စတုဒိသာမဏ္ဍပ်တွင်လည်း လာရောက်ရေပက်ကစားကြသူများကို အကျွေးအမွေးများဖြင့် ဧည့်ခံကြသည်ကို လည်း တွေ့ရသည်။

လမ်းလျှောက်သင်္ကြန်

ထို့အတူ နေပြည်တော်ရေပန်းဥယျာဉ်အတွင်းရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင်လည်း သင်္ကြန်ချစ်သူများ၊ လာရောက်ရေပက်ခံသူများ၊ ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။

ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်း အထင်ကရနေရာများဖြစ်သော ဇေယျာသီရိ မြို့နယ် ကျည်တောင်ကျေးရွာအုပ်စုအတွင်းရှိ လှေခွင်းတောင် ကမ်းခြေအပန်းဖြေစခန်း၊ ကျည်တောင်ရေဆိပ်နှင့် ပျဉ်းမနားမြို့နယ်ရှိ အဝေရာကမ်းခြေ အပန်းဖြေစခန်းတို့တွင်လည်း လာရောက်အပန်းဖြေ အနားယူကြ သူများဖြင့် စည်ကားလျက်ရှိသည်။

ထိုသို့ မဟာသင်္ကြန်ကာလအတွင်း အပန်းဖြေ ကမ်းခြေစခန်းများတွင် ပြည်သူများ စိတ်လက် ချမ်းသာ အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းအဖွဲ့များ ဖွဲ့စည်း၍ လှည့်ကင်းများဖြင့် စောင့်ရှောက်မှုပေးခြင်း၊ အပန်းဖြေ အနားယူနေကြစဉ်အတွင်း အန္တရာယ် မရှိစေရေးအတွက် သတိပေးနှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။

ကျေးဇူးအထူးတင်ရှိ

ကျည်တောင်ရေဆိပ်သို့ လာရောက်အပန်းဖြေသူတစ်ဦးက “ဒီနှစ်သင်္ကြန်ကို အခုလို စည်စည်ကားကားနဲ့ ကျင်းပခွင့်ပေးတဲ့ တာဝန်ရှိသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ တစ်နှစ်ပတ်လုံး အလုပ်လုပ်လာခဲ့ပြီး အခုလိုအချိန်မှာ စိတ်အေးလက်အေးနဲ့ အပန်းဖြေခွင့်ရတဲ့ အတွက်လည်း ဝမ်းသာမိပါတယ်။ ကျွန်တော်ကတော့ မိသားစုနဲ့အတူ လှေခွင်းတောင် ခြေမှာရှိတဲ့ လှေခွင်းတောင်ကမ်းခြေနဲ့ ကျည်တောင် ရေဆိပ်တွေမှာ လာရောက်အပန်းဖြေတာ ဖြစ်ပါတယ်။ နောက်ရက်တွေမှာ တခြားလည်ပတ်လို့ ကောင်းတဲ့နေရာတွေကို သွားရောက် လည်ပတ်ဦးမှာပါ။ မိတ်ဆွေတို့အနေနဲ့လည်း ဒီနှစ်သင်္ကြန်မှာ နေပြည်တော်ကို လာရောက် လည်ပတ်ကြဖို့ ဖိတ်ခေါ်လိုပါတယ်ဟု ပြောသည်။

အလားတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌လည်း မဏ္ဍပ်ငယ်များ ဆောက်လုပ်၍ ရေပက်ကြသူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းကြသူများ၊ မိသားစု လိုက်ရေပက် ကစားကြသူများဖြင့် စည်ကားများပြားလျက်ရှိသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်သည် မြန်မာသက္ကရာဇ်နှစ်တစ်နှစ်ကုန်ဆုံးပြီး နှစ်သစ်၏ အေးချမ်းမှုကိုရရှိစေရန်၊ နှစ်ဟောင်းမှ အညစ်အကြေးများ ကင်းစင်လွင့်ပျောက်စေပြီး နှစ်သစ်သို့မပါလာစေရန် ရည်ရွယ်၍ ရေစင်သွန်း လောင်းကြခြင်းဖြစ်သည်နှင့်အညီ နှစ်ဟောင်းမှ အညစ်အကြေးများကို သင်္ကြန်အတာ ရေဖြင့် တစ်ဦးကိုတစ်ဦး ကြည်နူးသိမ်မွေ့စွာ ပက်ဖျန်းဆေးကြော ပျော်ရွှင်စွာ ရေကစားကြသည့် ရိုးရာ ယဉ်ကျေးမှုပွဲတော် တစ်ခုလည်းဖြစ်သည်။

သတင်း-မျိုးဆက်သစ်

ဓာတ်ပုံ-ကိုကြီးကျော်

No comments:

Post a Comment