Friday, April 15, 2022

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ဖွင့်ပွဲနှင့် စတုဒိသာကျွေးမွေးလှူဒါန်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ဧပြီ ၁၄

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က ကြီးမှူး ကျင်းပ သည့် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲနှင့် စတုဒိသာ ကျွေးမွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ် ယာဉ်ရပ်နားနေရာ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီး များ၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ဗဟို)မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများ၊ မိသားစုများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဦးစိန်သန်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ဘာသာမတူ၊ လူမျိုးမတူ၊ မတူကွဲပြား တိုင်းရင်းသားညီအစ်ကို မောင်နှမများ နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးသော အခါသမယ တွင် မဟာသင်္ကြန်နှင့်အတူ အေးအေးချမ်းချမ်းဖြင့် ရောဂါများ ကင်းဝေးပြီး နိုင်ငံတော်အေးချမ်းသာယာ ဖွံ့ဖြိုးစေရန်အတွက် အတူလက်တွဲ၍ စိတ်တူကိုယ်တူဖြင့် လျှောက်လှမ်း နိုင်ကြပါစေကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဦးစိန်သန်း၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်ဇော်နိုင် (ဟိန္ဒူဘာသာ)၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်း (အစ္စလာမ်ဘာသာ) နှင့် တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်ခင်မေ (ခရစ်ယာန်ဘာသာ) တို့က မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများကို သပြေခက်ဖြင့် ရေပက်ဖျန်းပေးကြသည်။

ပေးအပ်လှူဒါန်း

ထို့နောက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ် ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက မဟာသင်္ကြန်အကျနေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လာရောက် ဖူးမြော်ကြသူများကို သီးစုံ သက်သတ်လွတ် ဒံပေါက်ထမင်း၊ ရွှေရင်အေး၊ ရေသန့်ဘူးတို့ကို အာဟာရဒါန ပေးအပ်လှူဒါန်းကြသည်။

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)သည် ဧပြီ ၁၅ ရက် မဟာသင်္ကြန်အကြတ် နေ့တွင် ပဲထောပတ်ထမင်း၊ ရွှေရင်အေး၊ ရေသန့်ဘူး တို့ကိုလည်းကောင်း၊ ဧပြီ ၁၆ ရက် မဟာသင်္ကြန် အတက်နေ့တွင် ဒံပေါက်ထမင်း၊ ရွှေရင်အေး၊ ရေသန့် ဘူးတို့ကိုလည်းကောင်း၊ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် မြန်မာရိုးရာ မုန့်ဟင်းခါး၊ ရွှေရင်အေး၊ ရေသန့်ဘူးများဖြင့်လည်းကောင်း ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာပြည်သူများကို အာဟာရဒါနဖြင့် လှူဒါန်းကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း-ကိုကိုဇော်၊ ကျော်စိုးဝင်း

ဓာတ်ပုံ- လင်းလတ်ကြယ်

No comments:

Post a Comment