Friday, April 8, 2022

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (ဗဟို) က မြန်မာပြည်တစ်ဝန်း ၃၈ ဖြာမင်္ဂလာတရား​ အစဉ်ပြန့်ပွား​ရေးအတွက် ​ နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ ဗန်း​မော်ဆရာ​တော်ကြီးထံမှ သြဝါဒခံယူ

 


ရန်ကုန် ဧပြီ ၇

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ကြီး(ဗဟို)က မြန်မာပြည်တစ်ဝန်း ၃၈ ဖြာ မင်္ဂလာတရား​ အစဉ် ပြန့်ပွား​ရေးအတွက် ​ နိုင်ငံတော် သံဃမဟာနာယကဥက္ကဋ္ဌ ဗန်း​မော် ဆရာ​တော်ကြီးထံမှ သြဝါဒခံယူ ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံဘုရား ရာဟုထောင့်ရှိ YMBA အသင်းရုံး၌ ကျင်းပသည်။

သြဝါဒခံယူပွဲသို့ YMBA အသင်းဥက္ကဋ္ဌ ဦးရဲထွန်း၊ ဒုတိယ ဥက္ကဋ္ဌ (၁) ​​ဒေါက်တာ​အောင်မင်း​ကျော်သူ၊ အလုပ်အမှု​ဆောင်များ၊ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်​ရောက်ကြသည်။

အခမ်းအနားတွင် YMBA အသင်း ဒုတိယဥက္ကဋ္ဌ(၁) ​​ဒေါက်တာ​ အောင်မင်း​ကျော်သူက မြန်မာပြည်တစ်ဝန်းလုံးရှိ ဗုဒ္ဓဘာသာဝင်အ​ပေါင်း ၃၈ ဖြာ မင်္ဂလာတရား​​တော်များနှင့်အညီ ကျင့်ကြံလိုက်နာ နိုင်ကြ​စေရေး နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း များ၊ ၃၈ ဖြာမင်္ဂလာနှင့် ဗုဒ္ဓဝင် စာမေးပွဲများကျင်းပနိုင်ရေး ဆရာ​တော်ကြီးမှ သြဝါဒ ချီးမြှင့်​ပေး​တော်မူပါရန်​​ လျှောက်ထားရာ ဗန်းမော်ဆရာ​တော်ကြီးက မြန်မာပြည်အတွင်း မှီတင်း​နေထိုင်ကြကုန်​သော မြန်မာနိုင်ငံသူ နိုင်ငံသား ဗုဒ္ဓဘာသာဝင် အ​ပေါင်းတို့သည် ၃၈ ဖြာ မင်္ဂလာ တရား​တော်နှင့်အညီ မြန်မာ ပြည်သူပြည်သားအ​ပေါင်း နေထိုင်ကျင့်ကြံအားထုတ်ကြပါက ​ဒေါသ၊ ​မောဟ၊ ​မာန်မာနများ ကင်းစင် ပ​ပျောက်ကာ အနာ​ရောဂါကင်း​ဝေးပြီး အေးချမ်းတည်ငြိမ်​သော ပြည်​ထောင်စုမြန်မာ နိုင်ငံတော်ကြီးသည် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာတည်ရှိ​နေမည်မှာ မလွဲဧကန်ဖြစ်လိမ့်မည် ဖြစ်ကြောင်းသြဝါဒ‌ပေးပြီး နွေရာသီ ယဉ်ကျေးလိမ္မာ သင်တန်းများ၊ ၃၈ ဖြာမင်္ဂလာနှင့် ဗုဒ္ဓဝင်စာမေးပွဲများ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ လိုအပ်သည်များ လမ်းညွှန် မိန့်ကြားသည်။

ယင်းနောက် အခမ်းအနား သို့ တက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာ​တော်ကြီးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment