Friday, April 8, 2022

အဖျက်အန္တရာယ်ကို ဝိုင်းဝန်းလက်တွဲရှင်းလင်း


မြန်မာ့သမိုင်းတွင် လွတ်လပ်ရေးရပြီးချိန်မှစ၍ နိုင်ငံရေးအယူအဆ ကွဲပြားမှု၊ လူမျိုးရေး အစွန်းရောက်မှု၊ ပြည်ပမှ သွေးထိုးမြှောက်ပင့်ပေးမှု၊ ဝင်ရောက်စွက်ဖက် ကျူးကျော်မှုများကြောင့် တပ်မတော်သည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခဲ့ပါသည်။ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရာ၌ တပ်မတော်သည် တိုင်းရင်းသားပြည်သူများနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်ခဲ့သဖြင့် အန္တရာယ်ရန်စွယ်များအား အမြစ်ပါမကျန်ချေမှုန်းနိုင်ခဲ့ပါသည်။

နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရေးနှင့်စပ်လျဉ်း၍ “နိုင်ငံတော် ကာကွယ်ရေး မဟာဗျူဟာသည် တပ်မတော်ကို မဏ္ဍိုင်ပြု၍ ပြည်သူတစ်ရပ်လုံးပါဝင်သည့် ပြည်သူ့စစ်မဟာဗျူဟာဖြစ်သဖြင့် ပြည်သူနှင့်တစ်သားတည်းဖြစ်အောင် နေထိုင်ပြုမူ ကျင့်ကြံသွားကြရန်လိုကြောင်း” နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မတ်လ ၅ ရက်နေ့က ဗထူးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား ပြောကြားခဲ့သည်။

မျက်မှောက်ကာလတွင် တပ်မတော်သည် နိုင်ငံတော်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးလျက် ရှိသည်။ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရာ၌ တပ်မတော်ကို မဏ္ဍိုင်ပြု၍ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်သည့် ပြည်သူ့စစ်မဟာ ဗျူဟာသည် ပိုမိုထိရောက်မှုရှိသဖြင့် နိုင်ငံတော်နှင့်ပြည်သူ လုံခြုံစိတ်ချမှုရှိစေရေးအတွက် ပြည်သူအားလုံး အသိတရားဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည် ဖြစ်သည်။ ပြည်တွင်း/ ပြည်ပ အန္တရာယ် ရန်စွယ်များသည် မြန်မာ့သမိုင်းကြောင်း တစ်လျှောက်၌ ဖြစ်ပေါ်လာလေ့ရှိသည်။ တိုင်းပြည်အပေါ် ကျရောက်လာမည့် အန္တရာယ်ရန်စွယ်မှန်သမျှတို့အား အချိန်အခါမရွေး ကာကွယ်ထားနိုင်ရန်အတွက် ပြည်သူအားလုံးပါဝင်သည့် ကာကွယ်ရေးစနစ်သည် အရေးကြီးပါသည်။

လက်ရှိကာလတွင် နိုင်ငံရေးအစွန်းရောက်သမား၊ အကြမ်းဖက်ဝါဒီများဖြစ် သည့် CRPH၊ NUG နှင့် PDF အကြမ်းဖက်သမားများသည် မြန်မာနိုင်ငံအလုံးစုံပျက်စီးရေးအတွက် တစိုက်မတ်မတ် ကြံစည်အားထုတ် နေသည်ကို တွေ့ရမည်ဖြစ်သည်။ တပ်မတော်က နိုင်ငံတော်၏တာဝန်အရပ်ရပ်အား ရယူဆောင်ရွက် နေသည်ကို မလိုမုန်းထားအမုန်းပွားသည့် နိုင်ငံရေးအစွန်းရောက်များနှင့် နိုင်ငံရေးအပြောင်း အလဲဖြစ်မှုကို အခွင့်ကောင်းယူသည့် အသိမဲ့မိုက်မဲသူတောကြောင်များက ပြည်သူများ အကြောက်တရား ကြီးမားလာအောင် ရက်စက်ယုတ်မာသည့် လုပ်ရပ်များအား ကျူးလွန်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ပညာရေးဆိုင်ရာများအား ပစ်မှတ်ထားတိုက်ခိုက်နေ သည်ကို တွေ့ရမည်ဖြစ်သည်။ တက္ကသိုလ်ဝင်တန်း လူငယ်လူရွယ်များ စာမေးပွဲ ဖြေဆိုနေသော ယခုကာလ၌ လုံခြုံရေးတပ်ဖွဲ့များ အလစ်အငိုက်တွင်လည်းကောင်း၊ ဝေးကွာနေသောအခါတွင်လည်းကောင်း ကျောင်းတွင်း/ကျောင်းပြင် ပတ်ဝန်းကျင်တို့အား လက်လုပ်ဗုံး၊ ချိန်ကိုက်ဗုံး၊ အဝေးထိန်းမိုင်းများ ဖောက်ခွဲ၍ ကြောက်ရွံ့ထိတ်လန့်အောင် ပြုလုပ်နေသည့်အပြင် ပညာရေးဝန်ထမ်း၊ ဆရာ ဆရာမများအား လုပ်ကြံသတ်ဖြတ်သည်အထိ ပြုလုပ်လာကြသည်။ ထို့အပြင် ဗုဒ္ဓသာသနာ ထွန်းကားသည့် မြန်မာနိုင်ငံတွင် အများပြည်သူ ယုံကြည်ကိုးကွယ်ဆည်းကပ် နေသော သံဃာတော် အရှင်သူမြတ်များအား လုပ်ကြံသတ်ဖြတ်သည်အထိ မကျူးလွန်သင့်သော အမှုများကို ပြုလုပ်နေကြသည်ကို တွေ့ရသည်။ အဆိုပါအန္တရာယ်များ ရပ်တန့်သွားစေရန် ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရမည် ဖြစ်သည်။

မျက်မှောက်ကာလ အတွင်းရန်သည် ဆိုးရွားရက်စက်ယုတ်မာသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ကိုင်နေသည့် အကြမ်းဖက်သမားများဖြစ်ပါသည်။ နိုင်ငံရေးအရ သဘောထားမကိုက်ညီ၍ ဆိုင်ရာလူပုဂ္ဂိုလ်အဖွဲ့အစည်းအား တိုက်ခိုက်ခြင်းသည် အဓိပ္ပာယ်ရှိနိုင်သော်လည်း မသက်ဆိုင်သူ အပြစ်မဲ့၊ လက်နက်မဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအားတိုက်ခိုက်ခြင်းသည် လူသားမဆန်သော ပြစ်မှုကျူးလွန်ခြင်းပင် ဖြစ်သည်။ အမှားအမှန်တို့ကို အချိန်ကာလက အဆုံးအဖြတ်ပေးမည်ဖြစ်၍ ယနေ့အချိန်အခါတွင် ဓမ္မနှင့် အဓမ္မကို ကွဲကွဲပြားပြား မြင်တွေ့နေရပြီဖြစ်သည်။

မည်သို့ပင်ဖြစ်စေ နိုင်ငံတော်နှင့် ပြည်သူတို့အပေါ် ကျရောက်လာသည့် အန္တရာယ် အမျိုးမျိုးကို ဝိုင်းဝန်းကာကွယ် ကြရမည်ဖြစ်သည်။ အတွင်းရန်အန္တရာယ်သည် ပြည်သူများအကြားတွင်ရှိနေသဖြင့် ပြည်သူများအားလုံး ပါဝင်သည့် ကာကွယ်ရေး စနစ်သည် အကောင်းဆုံးဖြစ်ပေလိမ့်မည်။ မိမိကိုယ်ကို၊ မိမိမိသားစု၊ မိမိပတ်ဝန်းကျင်၊ မိမိရပ်ရွာ၊ မိမိနိုင်ငံကို ကာကွယ်စောင့်ရှောက်ရန်အတွက် ပြည်သူ့စစ်မဟာဗျူဟာ အောင်မြင်ရေးကို ဝိုင်းဝန်းပါဝင်လက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ တရားမဲ့ရက်စက်ယုတ်မာသော အမှုများကို ကျူးလွန်နေသည့် အကြမ်းဖက် အဖျက်သမားများအား နိုင်ငံတော်အစိုးရ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တိုင်းရင်းသား ပြည်သူများ အတူလက်တွဲပူးပေါင်းကာကွယ် တိုက်ဖျက်သွားမည်ဖြစ်၍ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူများဘဝ လုံခြုံစိတ်ချရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။


No comments:

Post a Comment