မကွေး ဧပြီ ၈
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့ နံနက်ပိုင်းက အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့်နှင့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးတို့ လိုက်ပါကာ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာကျေးရွာသို့ ရောက်ရှိ ခဲ့ပြီး ကျောင်းတော်ရာ နယ်မြေမီးသတ်စခန်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေး ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ကျောင်းတော်ရာကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများအား မီးဘေးကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန် ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ ဒေသခံကျေးရွာနေ ပြည်သူများအနေဖြင့် မီးသတ်စခန်း ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ပြည်သူများအနေဖြင့် မီးဘေးလုံခြုံ ရေးကို အထူးအလေးထား ဆောင်ရွက်ရန်လိုအပ်ပြီး မီးသတ်ယာဉ်များ အစဉ်ကောင်းမွန်ရေးကို လည်း ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ မီးသတ်ယာဉ်များတွင် ရေ၊ ဆီ၊ လူအသင့်ဖြည့်ဆည်း ထားရန်လိုအပ်ပြီး ရေးဖြန်းသည့် ပန့်များကောင်းမွန်ရေးကိုလည်း အထူးဂရုပြု ဆောင်ရွက်ရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ကျောင်းတော်ရာ နယ်မြေမီးသတ်စခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ Glaxy Power ဆောက်လုပ်ရေးကုမ္ပဏီမှ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးထံ အဆောက်အဦအား လွှဲပြောင်း ပေးအပ်ခဲ့သည်။
ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းကျေးရွာ၊ ရွှေပြည်အေး တန်ဆောင်းတွင် ကျင်းပပြုလုပ်သည့် ရွှေပြည်အေးတန်ဆောင်း ပြုပြင်မွမ်းမံခြင်း ရေစက်ချ မင်္ဂလာ အခမ်းအနား တက်ရောက်ခဲ့သည်။
ရေစက်ချမင်္ဂလာ အခမ်းအနားတွင် ဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး ချမ်းသာ ကြီးကျောင်းတိုက်ဆရာတော် ဦးဥတ္တမထံမှ ငါးပါးသီလခံယူကာ သံဃာတော်အရှင်သူမြတ်တို့ အား လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဇေယျာဘုံမိတောရ ကျောင်းတိုက် ဆရာတော် ဦးသုန္ဒရထံမှ ရေစက်ချတရားတော်များနာယူကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လယ်ကိုင်းကျေးရွာ လယ်ကိုင်းနယ်မြေမီးသတ်စခန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ လယ်ကိုင်နယ်မြေမီးသတ်စခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး ဖွင့်ပွဲအခမ်းအနား ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လယ်ကိုင်းနယ်မြေ မီးသတ်စခန်းဆောက်လုပ်ရန် ၂၀၂၁ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လ အထိ(၆)လအတွက် အထွေထွေပိုလျှံရန်ပုံငွေမှ ကျပ်(၂၉၀)သိန်း ခွဲဝေချထား ပေးပြီး တည်ဆောက်ကာ မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ရေဂါလန် ၂၂၀၀ ဆံ့ မီးသတ်ယာဉ်(၁)စီး ထောက်ပံ့ပေးခဲ့ကြောင်း၊ ဒေသခံပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှု အနေနဲ့ လျှပ်စစ်မီးတိုင် စိုက်ထူပေးခြင်း၊ ရေရှိရေး ၂ လက်မ အဝီစိတွင်းတူးပေးခြင်းနှင့် အခြားလိုအပ်တာတွေကို ပူးပေါင်းပါဝင် ဆောင်ရွက်မှု အားကောင်းကောင်းနဲ့ ဆောင်ရွက်ခဲ့တဲ့ အတွက် ဒီနေ့အချိန်မှာ စခန်းသစ်ဖွင့်ပွဲကို ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ စခန်းအဆောက်အအုံ တွေကို ဒေသလိုအပ်ချက်အရ ဘဏ္ဍာရန်ပုံငွေအပေါ်မူတည်ပြီး တည်ဆောက်ပေးခဲ့တာဖြစ်သလို အနှစ်သာရအနေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ ယုံကြည်ချက်၊ ခံယူချက်မှန်ကန် ကောင်းမွန် ခိုင်မြဲပြီး နိုင်ငံဝန်ထမ်းတွင် ရှိရမည် ဓမ္မဓိဋ္ဌာန်ကျစွာပြုမူခြင်း၊ ဘက်မလိုက်ခြင်း၊ အသင်းအဖွဲ့ဖြင့် ဆောင်ရွက်မှု အရည်အသွေး၊ ပေါင်းသင်းဆက်ဆံမှု အရည်အသွေးနှင့် လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေးတွေလည်း ရှိဖို့လိုအပ်တယ်ဆိုတာ မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြား သည်။
ဆက်လက်ပြီး ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ မြေလှူဒါန်းသည့် အလှူရှင်မှ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ မီးသတ်စခန်း မြေနေရာအား လွှဲပြောင်းပေးအပ်ခဲ့ရာ ဝန်ကြီးချုပ်က အလှူရှင်အား ဂုတ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်၍ အောင်ပဒေသာ ကုမ္ပဏီမှ ဆောက်လုပ်ပြီးစီးသည့် မီးသတ်စခန်းအဆောက်အဦအား တိုင်းဒေသ ကြီး မီးသတ်ဦးစီးမှူးထံ လွှဲပြောင်းပေးအပ်ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပြီး အမှတ်တရ အရိပ်ရ သစ်ပင်များ စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့နယ်၊ မကြီးကန်းကျေးရွာ ဓာတ်အားခွဲရုံသို့ ယနေ့ နံနက်ပိုင်းက ရောက်ရှိခဲ့ပြီး မကွေးမြို့နယ် အားဓာတ်အားပေးသော 132/33 kv 40 MVA Main ထရန်စဖော်မာ၏ Single Phase ထရန်စဖော်မာတစ်လုံးမှာ ချို့ယွင်းမှုဖြစ်ပေါ်ခဲ့၍ အမြန်ဆုံး ပြန်လည်အစားထိုးနိုင်ရေးနှင့် မြို့ပေါ် ရပ်ကွက်များ ဓာတ်အားအမြန်ဆုံး ပြန်လည်ပေးနိုင်ရေးအတွက် ဓာတ်အားစနစ်နေပြည်တော်မှ အင်ဂျင်နီယာ ဝန်ထမ်းများ၊ မကွေးတိုင်း/ ခရိုင်/ မြို့နယ် လျှပ်စစ်ဝန်ထမ်းများ၊ ဓာတ်အားခွဲရုံမှ ဝန်ထမ်းများပူးပေါင်း၍ ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးပြီး ဓာတ်အားအမြန်ရရှိရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ
No comments:
Post a Comment