Tuesday, April 12, 2022

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီး (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ

 

ပဲခူး ဧပြီ ၁၁

ပဲခူးမြို့ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး (၂၆၀၄)နှစ်မြောက်ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ညနေပိုင်းက အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ ကျောက်ပန်းတောင်းဓမ္မာရုံ၌ ကျင်းပသည်။

ဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေ ချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့များက ဩဝါဒါစရိယ ဆရာတော်ထံမှ ငါးပါးသီလနှင့် ဩဝါဒကထာနာယူကြပြီး ဆရာတော်များ ချီးမြှင့်သည့်ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ကဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ လျှောက်ထားပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများက ဩဝါဒါစရိယ ဆရာတော်ကြီးများအားလှူဖွယ် ပစ္စည်းများဆက်ကပ်လှူဒါန်းကြ ကာဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးတို့က ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး (၂၆၀၄)နှစ် မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြသည်။

ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး (၂၆၀၄)နှစ် မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဧပြီ ၁၀ ရက်မှ ၁၉ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး ဧပြီ ၁၄ ရက်နံနက်ပိုင်းတွင် အနေကဇာတင်ခြင်းနှင့် တစ်နေ့တာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ တန်ခူးလပြည့် ဧပြီ ၁၅ ရက်နံနက် ပိုင်းတွင်ဆွမ်းတော်ကြီးတင်လှူ ပူဇော်ခြင်းနှင့် ညနေပိုင်းတွင် ဘုရားအမှူးပြုသော သံဃာတော် အပါး ၅၀၀ ကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ အများပေါင်းစုကောင်းမှုကုသိုလ်တို့ဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ခြင်းများကျင်းပသွားမည်ဖြစ်ပြီး တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၀ ရက် နံနက်ပိုင်းတွင် ဗုဒ္ဓပူဇနိယ ပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment