Thursday, April 14, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေ းဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

 



နေပြည်တော် ဧပြီ ၁၃

သင်္ကြန်ပွဲတော်သည် မြန်မာ့ရိုးရာ ပွဲတော်များတွင်နှစ်ဦးတွင်အစောဆုံး ကျင်းပသောပွဲတော်ဖြစ်သည့်အပြင် ရေပက်ကစားရသောပွဲတော်ဖြစ်သည့် အတွက်ထူးခြားလှသည်။ သင်္ကြန်ဆိုသည်မှာ ကူးပြောင်းခြင်းဟု အဓိပ္ပာယ်ရသည်။ နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသောအဓိပ္ပာယ်ဖြစ်သည်။ သင်္ကြန်ကို အတာသင်္ကြန်ဟုလည်း ခေါ်သည်။ အတာသည်လည်း နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းခြင်းဟူ၍ပင် အဓိပ္ပာယ်ရသည်။နှစ်ဟောင်းမှ အညစ်အကြေးများကိုရေစင်ရေသန့်တို့ဖြင့် ပက်ဖျန်းခြင်းကြောင့် စိတ်ကိုကြည်လင်အေးမြစေပြီး ငြိမ်းအေးပါစေကြောင်း ဆန္ဒပြုကြလျက် နွေရာသီအပူများကို အေးမြစေကြောင်း ရေပက်ဖျန်း၍ သင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းလုံးတွင် ခြိမ့်ခြိမ့်သဲသဲဖြင့် ပျော်ရွှင်စွာ ဆင်နွှဲလေ့ရှိကြသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများကလည်း မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဇေယျာသီရိဂေါက်ကွင်းရှိ မြက်ခင်းပြင်၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများအား မိသားစုများက စံပယ်ပန်းကုံးများဖြင့် ကြိုဆို ကြသည်။

တက်ရောက်

အဆိုပါဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ နယ်စပ်ရေးရာ ဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့်ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ထို့နောက် အခမ်းအနားမှူးက မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစု ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ဖွင့်လှစ် ကြောင်းကြေညာပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အဖွဲ့ဝင်တို့က ဖဲကြိုးဖြတ် ၍ ဖွင့်လှစ်ပေးသည်။

ယင်းနောက် ယိမ်းအဖွဲ့သမီးပျိုများက “မင်္ဂလာရှိသောသင်္ကြန်” သီချင်းဖြင့် ကပြဖျော်ဖြေကြရာ ဖွင့်ပွဲအခမ်းအနားတက်ရောက်လာကြသူများက ယိမ်းအဖွဲ့များနှင့် ဧည့်ပရိသတ်များကို အောင်သပြေခက်ဖြင့် အတာရေပက်ဖျန်းပေးကြသည်။

သီဆိုကပြဖျော်ဖြေ

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာ ကြသူများကို သင်္ကြန်စတုဒိသာ အစားအစာများဖြင့် တည်ခင်းဧည့်ခံ၍ မြဝတီတေးဂီတအဖွဲ့နှင့်အတူ နိုင်ငံကျော်အနုပညာရှင်များ၊ ယိမ်းအဖွဲ့များက တေးသီချင်းများ၊ ယိမ်းအကအလှများဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။

ထို့အတူ ညနေပိုင်းတွင်လည်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများက ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းရှိ အိမ်ထောင်သည်လိုင်းများအနီးရှိ စိန်ပန်းမဏ္ဍပ်၊ မန်ကျည်းရိပ်မဏ္ဍပ်နှင့် နေပြည်တော် မဏ္ဍပ်တို့ရှိ ရေကစားမဏ္ဍပ်များ၌ ရေကစားမဏ္ဍပ် ဖွင့်ပွဲများကို သွားရောက်ဖွင့်လှစ်ပေးပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

အဆိုပါ ရေကစားမဏ္ဍပ်များတွင် မဟာသင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာဖြင့် သင်္ကြန်ယိမ်းအကအဖွဲ့များနှင့် တေးသံရှင်များက ယိမ်းအကများ၊ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment