Saturday, April 16, 2022

ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ် ပိတ်ပွဲအခမ်းအနား အထူးစည်ကားစွာကျင်းပ

 


ရန်ကုန် ဧပြီ ၁၆

ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ် ပိတ်ပွဲအခမ်းအနားအား ယနေ့ သင်္ကြန်အတက်နေ့ ညနေ (၅) နာရီတွင်ကျင်းပသည်။

ပိတ်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးဝင်းတင့်၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှုးနှင့် ကော်မတီဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံးများမှ သံတမန်များနှင့် စစ်သံမှူးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဌာနများမှ ဌာနမှူးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ဌာနဆိုင်ရာများနှင့် ခရိုင်များမှ ယိမ်းအဖွဲ့များက ကျောက်ဆည်ဆင်အကတို့ဖြင့် ဖျော်ဖြေကြ သည်။ ဆက်လက်၍ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ သဘင် အစည်းအရုံးတို့မှ အနုပညာရှင်များက တေးသီချင်းများဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်း‌ဒေသကြီး အမျိုးသမီးအားကစားနှင့် ကာယပညာ ဆပ်ကော်မတီမှ ခေတ်ပေါ်အကများဖြင့်လည်းကောင်း ဖျော်ဖြေ တင်ဆက်ကြသည်။

ညနေပိုင်းတွင် ၁၃၈၃-ခုနှစ် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ပွဲတော် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ယနေ့သည် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ် မြန်မာ့နှစ်ဆန်းသို့ ကူးပြောင်းမည်ဖြစ်ရာ တစ်နှစ်တာကုန်ဆုံးသော နောက်ဆုံးရက် အတာနှစ်ကူးရက်မြတ်လည်းဖြစ်ကြောင်း၊ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနေ့တွင် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ပြည်သူပြည်သား၊ မြို့တော်သူမြို့တော်သားများအားလုံး နှလုံးစိတ်ဝမ်းအေးချမ်း၍ ရွှင်လန်းပျော်ရွှင်မှုအပေါင်းဖြင့် ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ၁၃၈၃-ခုနှစ် ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ပိတ်သိမ်းကြောင်း ကြေညာသည်။

ထို့နောက် ယိမ်းအဖွဲ့များမှ ဆုရရှိသောယိမ်းအဖွဲ့များကို ဆုများချီးမြှင့်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက (၁၂) ဦး ယိမ်းပြိုင်ပွဲမှ ဆုရရှိသော ယိမ်းအဖွဲ့များကို လည်းကောင်း၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ် ညွန့်ဝင်းဆွေက (၁၆)ဦး ယိမ်းပြိုင်ပွဲမှ ဆုရရှိသောယိမ်းအဖွဲ့များကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်က အယောက် (၂၀) ယိမ်းပြိုင်ပွဲမှ ဆုရရှိသော ယိမ်းအဖွဲ့များကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက (၁၂) ဦး ယိမ်းပြိုင်ပွဲမှ နှစ်သိမ့်ဆုရရှိသော ယိမ်းအဖွဲ့များကို လည်းကောင်း၊ ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးက (၁၆) ဦး ယိမ်းပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသော ယိမ်းအဖွဲ့များကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်က အယောက် (၂၀) အလွတ်တန်း ယိမ်းပြိုင်ပွဲမှ နှစ်သိမ့်ဆုရရှိသော ယိမ်းအဖွဲ့များကိုလည်းကောင်း ဆုများ ချီးမြှင့်ကြသည်။

ယင်းနောက် ဆုရရှိသော ယိမ်းအဖွဲ့များနှင့် အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ကြပြီး ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကြီး အေးချမ်းပျော်ရွှင် အောင်မြင်စွာဖြင့် ပြီးဆုံးခဲ့သည်။

၁၃၈၃-ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန် ရေသဘင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပြည်သူများလည်း ပျော်ရွှင်ချမ်းမြေ့စွာ ပါဝင်ဆင်နွဲခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ သံတမန်များနှင့် စစ်သံမှုးများသည် မဟာဗန္ဓုလပန်းခြံနံဘေးရှိ လမ်းလျှောက်သင်္ကြန်ကိုလည်း သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတက်နေ့အထိ တက်ရောက်ချီးမြှင့်အားပေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment