Wednesday, April 20, 2022

စိတ်ကျန်းမာရေးအကြောင်း တစေ့တစောင်း

ကမ္ဘာကြီးသည် ယနေ့ကာလတွင် ကဏ္ဍအသီးသီး၌ စိန်ခေါ်မှုအများအပြားနှင့် ရင်ဆိုင်နေရသဖြင့် ကမ္ဘာတစ်ဝန်းရှိ လူအများအပြားသည်လည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခုနှင့် ကြုံတွေ့နေရ သည်။ အထူးသဖြင့် လတ်တလောဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါသည် ဗိုင်းရပ်စ်မျိုးကွဲများ ကြောင့် ထိန်းချုပ်ရန် အခက်အခဲများစွာရှိနေသည်ဖြစ်ရာ အများပြည်သူတို့အကြား စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ပိုမိုခံစားလာရသည်။ ခရီးသွားလာမှု ကန့်သတ်ချက်များ၊ အလုပ်အကိုင် ဆုံးရှုံးမှုများနှင့် အနာဂတ်အတွက် မရေရာမှုများကလည်း စိုးရိမ်ပူပန်သောကနှင့် စိတ်ဖိစီးမှုများကို ပိုမိုဖြစ်ပေါ်စေသည်။ အကျိုးဆက်အဖြစ် အိမ်တွင်းအကြမ်းဖက်မှုများ၊ သေကြောင်းကြံစည်မှုများ အထိ ဖြစ်ပေါ်စေသည်။ ကမ္ဘာတစ်ဝန်းတွင် ကပ်ရောဂါကို ရှောင်လွှဲနိုင်ခဲ့သူများရှိသော်လည်း ကိုဗစ်-၁၉ ကူးစက်ခံရသူအများအပြားသည် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို ရင်ဆိုင်ကြရပြန်သည်။ လူငယ်များအနေဖြင့် ရက်အနည်းငယ်အတွင်း သက်သာပျောက်ကင်း သွားလေ့ရှိသော်လည်း အသက်ကြီးသူများနှင့် ပြင်းထန်သည့်ရောဂါလက္ခဏာရှိသူတို့မှာ ကိုဗစ် နောက်ဆက်တွဲကြောင့် စိတ်ပိုင်းဆိုင်ရာရိုက်ခတ်မှုကို ဆက်လက်ခံစားကြရသည်။

ရောဂါဖြစ်ပွားမှု ၂၅ ရာခိုင်နှုန်း တိုးမြင့်လာ

ကမ္ဘာတစ်ဝန်းတွင် စိုးရိမ်ပူပန်မှုနှင့် စိတ်ကျရောဂါဖြစ်ပွားမှု ၂၅ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ်လ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော လူမှုရေးအထီးကျန်မှုသည် မကြုံစဖူး စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေပြီး ရောဂါပိုး ကူးစက်ခံရမည်ကို ကြောက်ရွံ့ခြင်း၊ ချစ်ရသူတို့သေဆုံးခြင်း၊ ကျန်ရစ်သူများ ဝမ်းနည်းပူဆွေးခြင်းနှင့် ငွေရေးကြေးရေးဆိုင်ရာ စိုးရိမ်ပူပန်မှုဖြစ်ခြင်းတို့သည် စိုးရိမ်စိတ်နှင့် စိတ်ဓာတ်ကျမှုတို့ကို ဖြစ်စေသော ဖိစီးမှုများအဖြစ် ညွှန်းဆိုထားသည်။ အမျိုးသမီးများသည် အမျိုးသားများထက် ပိုမိုပြင်းထန်စွာ သက်ရောက်မှုရှိကြောင်းနှင့် ပန်းနာရင်ကျပ်၊ ကင်ဆာနှင့် နှလုံးရောဂါကဲ့သို့သော ယခင်ရှိပြီးသား ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေရှိသူများသည် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုလက္ခဏာ ဖြစ်နိုင်ခြေပိုများကြောင်း ဆက်လက်ဖော်ပြထားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စိုးရိမ်ပူပန်မှု၊ စိတ်ကျရောဂါဖြစ်ပွားမှုစသည့် နောက်ဆက်တွဲပြဿနာများဖြစ်ပွားသည့် နမူနာနိုင်ငံတစ်နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်သည်။ ကပ်ရောဂါကာလအတွင်း အမျိုးသမီးများအကြားတွင် အထီးကျန်မှု၊ စိတ်ပိုင်းဆိုင်ရာရိုက်ခတ်မှု၊ ငွေကြေးဆိုင်ရာဖိစီးမှုနှင့် အိမ်တွင်း အကြမ်းဖက်ခံရမှု ပိုမိုများပြားလာသည်။ မိမိကိုယ်ကိုသတ်သေမှုမှ ကာကွယ်နိုင်ရန် ထားရှိသော ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်သည့် Lifelink သီးသန့်ဟော့လိုင်းများသို့ စကား ပြောဆိုရန်ခေါ်ဆိုမှု ပိုများလာခဲ့သည်။ ယခင်ကခေါ်ဆိုမှု ၃ဝဝဝ ဝန်းကျင်သာရှိခဲ့သော်လည်း ဒုတိယလှိုင်းရိုက်ခတ်ပြီးနောက် စက်တင်ဘာလတွင် အကြိမ်ရေ ၁၅ဝဝဝ အထိ မြင့်တက် လာခဲ့သည်။ စာတိုပေးပို့သူများ၏ ၇ဝ ရာခိုင်နှုန်းခန့်မှာ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ဂျပန်နိုင်ငံ၌ ၂၀၁၉ ခုနှစ်အတွင်း အဆုံးစီရင်သူ ၃၄၆၀ သာရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်တွင် ၂၀၉၁၉ ဦး မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့သဖြင့် ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက အဆုံးစီရင်မှုနှုန်း ၃ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ၁၉၉၂ ခုနှစ်မှစတင်ကာ စိတ်ကျန်းမာရေးဆိုင်ရာ ဝေဒနာခံစားနေရသူများကို စောင့်ရှောက်မှု ပေးအပ်ရန် တာဝန်ရှိသူများအားလုံးနှင့် ကမ္ဘာသူကမ္ဘာသားများအားလုံး စိတ်ကျန်းမာရေး ဗဟုသုတ မြင့်မားလာစေရန် ရည်ရွယ်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဦးဆောင်ဆော်ဩလျက်ရှိသည်။

မြန်မာနိုင်ငံတွင်လည်း အကြောင်းအမျိုးမျိုးကြောင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ ကုန်ဈေးနှုန်းများ မြင့်တက်ခြင်း၊ နေထိုင်မှုစရိတ်တိုးလာခြင်းများကို အခြေခံလူတန်းစားများ အဓိက ခံစားနေကြရသကဲ့သို့ မြို့ပြ/ ကျေးလက်နေသူ တချို့မှာလည်း အနည်းဆုံး စိတ်ဖိစီးမှုတစ်ခုခုကို ခံစားနေကြရသည်။ အချို့သူများမှာ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ စားဝတ်နေရေး အဆင် မပြေမှုများရှိရာမှ ရေလိုက်လွဲကာ အရက်၊ မူးယစ်ဆေးဝါးသုံးစွဲမှုစသည်ဖြင့် စိတ်ကိုပြောင်းလဲ စေသည့် အပြုအမူများကို လုပ်ဆောင်လာကြသည်။ အရက်စွဲ၊ ဆေးစွဲဖြစ်ကာ စိတ်ကြွရောဂါ၊ စိတ်ကျရောဂါနှင့် စိတ်ဖောက်ပြန်မှုရောဂါရသည်အထိ ဖြစ်လာကြရသည်။

စိတ်ကျန်းမာရေးဆိုသည်က လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်အရွယ်မရွေးဖြစ်ပွားနိုင်သော ရောဂါတစ်မျိုးဖြစ်သည်။ ကမ္ဘာပေါ်တွင် ဖြစ်ပွားနေသော ရောဂါမျိုးစုံ၏ ၁၄ ရာခိုင်နှုန်းမှာ စိတ်ရောဂါဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းမှာ စိတ်ရောဂါတစ်မျိုးမဟုတ်တစ်မျိုး ရှိနေကြသည်ဟု လည်းဆိုကြသည်။ စိတ်ရောဂါများတွင် အများဆုံးဖြစ်တတ်သော ရောဂါများမှာ (၁) စိတ်ကျရောဂါ၊ (၂) အရက်စွဲရောဂါ၊ (၃) အမြင်သွေလွဲမှုရောဂါနှင့် (၄) ဒီမင်းရှားရောဂါများ ဖြစ်သည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က ကြေညာ ထားသော ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံမှ စာရင်းများအရ လူနာ ၁၆၁၆ ဦးရှိပြီး အမျိုးသား ၁၀၁၉ ဦးနှင့် အမျိုးသမီး ၅၉၇ ဦးရှိသည်ကိုတွေ့ရှိရာ မြန်မာနိုင်ငံတွင် စိတ်ရောဂါခံစားရသူ များတွင် အမျိုးသားဦးရေက ပိုမိုများပြားသည်ဟု အကြမ်းဖျင်းဆိုနိုင်မည်ဖြစ်သည်။ အရက်စွဲရောဂါဖြင့် ဆေးကုသမှုခံယူနေရသူမှာ ၁၆၈ ဦးရှိသည်ကိုလည်း တွေ့ရှိရာလူနာဦးရေ၏ ၁၀ ရာခိုင်နှုန်းမှာ အရက်စွဲရောဂါဝေဒနာရှင်များဖြစ်ကြသည်။ ပတ်ဝန်းကျင်တွင် အတွေ့ရအများဆုံးမှာ စိတ်ကျ ဝေဒနာရှင်များဖြစ်ကာ ကလေးမီးဖွားပြီး မိခင်များ၊ တီဘီနှင့် အေအိုင်ဒီအက်စ်ကဲ့သို့သော နာတာရှည် ရောဂါရှင်များနှင့် သက်ကြီးရွယ်အို ဘိုးဘွားအချို့မှာပင် ရောဂါလက္ခဏာများကို တွေ့နေရသည်။ မြန်မာနိုင်ငံတွင် လူဦးရေ ၁ဝဝဝ တွင် ၅ ဒသမ ၇ ရာခိုင်နှုန်းသည် စိတ်ကျရောဂါ ဖြစ်ပွားနေပြီး လူဦးရေသုံးသိန်းခန့်မှာ ဝေဒနာခံစားနေရကြောင်း ကျန်းမာရေးဌာန စာရင်းဇယားများအရ သိရသည်။ စိတ်ကျရောဂါ ခံစားနေရသူ ၃၂၂ သန်းရှိစိတ်ရောဂါနှင့် ပတ်သက်၍ အကြမ်းဖျင်းအားဖြင့် အမျိုးအစားလေးမျိုးရှိသည်။ (၁) စိတ်ဝေဒနာခံစားခဲ့ရဖူးသူ၊ (၂) စိတ်ဝေဒနာခံစားနေရသူ၊ (၃) စိတ်ဝေဒနာမခံစားရသူနှင့် (၄) စိတ်ဝေဒနာရှိပါလျက် ရှိနေမှန်း မသိသူတို့ဖြစ်ကြသည်။ စိတ်ဝေဒနာနှင့်ပတ်သက်ပြီး ခံစားခဲ့ဖူးသူ၊ ခံစားနေရသူ၊ မခံစားရသေးသူနှင့် ခံစားနေရမှန်းမသိသူဟု ပြောဆိုနိုင်သည်ဖြစ်ရာ အခြေအနေအကြောင်းတရားတစ်ခုခုကြောင့် အချိန်မရွေး ပြောင်းလဲသွားနိုင်သည်ဟု သတိပြုရန်လိုအပ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားသည့် အချက်အလက်များအရ ကမ္ဘာတစ်ဝန်းတွင် စိတ်ကျရောဂါ ခံစားနေရသူ ၃၂၂ သန်း ရှိသည်။ အရှေ့တောင်အာရှနိုင်ငံများတွင် စိတ်ကျရောဂါ ခံစားနေရသူ ၈၆ သန်းရှိနေပြီး ၂၀၀၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဆယ်စုနှစ်တစ်စုကျော် ကာလအတွင်း အရေအတွက်အားဖြင့် ၁၈ ရာခိုင် နှုန်းကျော် မြင့်တက်လာကြောင်း စိတ်ကျန်းမာရေးချို့တဲ့မှုမှတစ်ဆင့် နောက်ဆက်တွဲဆိုးကျိုးအဖြစ် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုကြောင့် သေဆုံးသူမှာတစ်နှစ်လျှင် တစ်သန်းခန့်ရှိပြီး စက္ကန့် ၄၀ လျှင် တစ်ဦးနှုန်းသေဆုံးနေကြောင်း ဖော်ပြထားရာ စိတ်ကျန်းမာရေးချို့တဲ့သူများ၏ အရေးက ကမ္ဘာကြီးအပေါ် ခြိမ်းခြောက်လျက်ရှိသည်။

၂ဝဝဝ-၂ဝဝ၁ ခုနှစ်က National Institutes of Healthy ကိန်းဂဏန်းအရ အသက် (၁၈) နှစ်အထက် လူပေါင်း ၄၃၁၉၃ ဦးကို လေ့လာခဲ့ရာ စိတ်ရောဂါ ရှိသူအမျိုးသား ၄၃ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၇ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။ စိတ်ရောဂါအမျိုးအစားပေါင်း ၅၃ မျိုးအထိရှိကြောင်း သိရပြီး နာမည်ကျော် ဒတ်ချ် ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုးဆိုလျှင် စိတ်ကျရောဂါရှိပြီး သူ့ကိုယ်သူ သတ်သေသွားခဲ့သူဖြစ်သည်။ စိတ်ရောဂါတစ်မျိုးမျိုးရှိနေသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများအဖြစ် ဂီတပညာရှင် ဗီသိုဗင်၊ ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန်ချာချီ၊ သဘာဝသိပ္ပံပညာရှင်များ ချားလ်ဒါဝင်၊ တီထွင်သူ သောမတ်အယ်ဒီဆင်၊ စာရေးဆရာ အားနက်ဟဲမင်းဝေး၊ ကဗျာဆရာ ဗစ်တာဟယူးဂိုး၊ အမေရိကန်သမ္မတ သောမတ်ဂျက်ဖာဆင်၊ အမေရိကန်သမ္မတ လင်ကွန်း၊ ဗိသုကာပညာရှင် မိုက်ကယ် အိန်ဂျယ်လို၊ မီးအိမ်ရှင် ဖလောရင့်နိုက်တင်ဂေး၊ သိပ္ပံပညာရှင် နယူတန်တို့ကိုလည်း တွေ့ရသည်။

စိတ်နှင့်ပတ်သက်သည့် ဝေဒနာများကို ဆန်းစစ်ကြည့်ပါက အမျိုးသမီးများတွင် စိုးရိမ်စိတ် လွန်ကဲခြင်းနှင့် စိတ်ဓာတ်ကျဆင်းခြင်းကြောင့်အဖြစ်များပြီး အမျိုးသားများမှာမူ မူးယစ်ဆေးစွဲ ခြင်း၊ လူမှုအသိုင်းအဝိုင်းနှင့် အဆင်မပြေခြင်းကြောင့် အဖြစ်များကြောင်း အမေရိကန် စိတ်ပညာအသင်းက ထုတ်ပြန်ထားသည်။ စိတ်ကျန်းမာရေးဆိုင်ရာ ရိုက်ခတ်ခံစားနေရသူများသည် မွေးရာပါဝေဒနာရှင်များ မဟုတ်ကြပေ။ အမျိုးမျိုးသောလူမှုပြဿနာ တစ်ရပ်ရပ်ကြောင့်သာ ထိုကဲ့သို့ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ကျန်းမာရေးဆိုင်ရာမှတ်တမ်းများက မြန်မာနိုင်ငံသည် လူဦးရေ ၁ဝဝဝ တွင် ၅ ဒသမ ၇ ရာခိုင်နှုန်း စိတ်ကျရောဂါဖြစ်ပွားနေပြီး လူဦးရေ သုံးသိန်းခန့်မှာ အဆိုပါ ဝေဒနာခံစားနေရကြောင်း ဆိုထားသော်လည်း ကပ်ရောဂါကာလအတွင်း စိတ်မကျန်းမာမှု များလည်း အဆိုပါကိန်းဂဏန်းထက် ပိုမိုများပြားနိုင်သည်။

ကိုဗစ်-၁၉ ရောဂါကပ်ဘေးသည် မိမိတစ်ဦးတည်း ခံစားနေရခြင်း မဟုတ်သည်ဖြစ်ရာ လူတိုင်း အနေဖြင့် စိတ်ဖိစီးမှုလျော့ကျစေနိုင်သည့်နည်းလမ်း တစ်ခုခုကိုဖြစ်စေ၊ မိမိတို့ဝါသနာပါရာ ကိစ္စတစ်ရပ်ရပ်ကိုဖြစ်စေ အလေးထားလုပ်ဆောင်နိုင်ပါက ဖြစ်ပေါ်လာသော စိတ်ဖိစီးမှုများကို ကျော်လွှားနိုင်မည်ဖြစ်သည်။ စိတ်ရောဂါအားလုံး၏ ထက်ဝက်ခန့်သည် အသက် (၁၄) နှစ်အရွယ် တစ်ဝိုက်၌ စတင်ဖြစ်ပွားသော်လည်း များစွာသောသူတို့မှာ သိရှိခြင်းမရှိ၊ ကုသမှုခံယူရခြင်းကို မသိခြင်း ဖြစ်တတ်သည်။ မြီးကောင်ပေါက်အရွယ်များ၌ ဖြစ်ပွားသည့် ဝန်ထုပ်ဝန်ပိုးဖြစ်ပေါ်စေသော ရောဂါများအနက် စိတ်ကျရောဂါသည် တတိယနေရာ၌ရှိသည်။ အသက် (၁၅) နှစ်နှင့် (၂၉) နှစ်အကြား သေဆုံးရသည့် အဓိကအကြောင်းအရာများထဲတွင် မိမိကိုယ် မိမိသတ်သေခြင်းသည် ဒုတိယနေရာ၌ရှိသည်။ မြီးကောင်ပေါက်အရွယ်တို့အကြား အရက်နှင့် မူးယစ်ဆေးတို့ကို အန္တရာယ်ရှိစွာ သုံးစွဲခြင်းသည် နိုင်ငံများစွာတို့တွင် အဓိက ပြဿနာတစ်ရပ်ဖြစ်ပြီး အကာအကွယ် မပါဘဲ လိင်ဆက်ဆံခြင်း သို့မဟုတ် အန္တရာယ်ရှိအောင် မော်တော်ယာဉ်မောင်းနှင်ခြင်းကဲ့သို့သော အန္တရာယ်ရှိသည့် အမူအကျင့်များဆီသို့ ဦးတည်သွားစေနိုင်သည်။

ကမ္ဘာကြီး၏ စိန်ခေါ်မှုများကို ကိုင်တွယ်ရန် အလို့ငှာအစောဆုံး အသက်အရွယ်များမှနေ၍ စိတ်ဓာတ်ကြံ့ခိုင်အောင် တည်ဆောက်ရန် လူငယ်များအား ကူညီရန်မှာအရေးကြီးကြောင်း သိရှိလာ ကြသည်။ ကျန်းမာရေးကို မြှင့်တင်ခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းသည် မြီးကောင်ပေါက်တို့၏ ကျန်းမာရေးအတွက် ရေတိုနှင့် ရေရှည်အကျိုး ကျေးဇူးများရရှိစေရုံသာမက ကျန်းမာသော လူငယ် များအနေဖြင့် လုပ်သားအင်အားစု၊ ၎င်းတို့၏မိသားစုများနှင့် အသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်း တစ်ရပ်လုံးတွင် ကောင်းမွန်စွာ ပါဝင်လာနိုင်ခြင်းကြောင့် စီးပွားရေးနှင့် လူ့အဖွဲ့အစည်း အတွက်လည်း အကျိုး ကျေးဇူးများစေနိုင်သည်။

မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်း (MANA) ကလည်း မူးယစ်ဆေးစွဲလူနာနှင့် အရက်စွဲလူနာများကို အခမဲ့ကူညီပေးလျက်ရှိကြောင်း သိရသည်။ စိတ်ဝေဒနာရှင်များအား လူမှု အသိုင်းအဝိုင်းမှ ခွဲခြားဆက်ဆံပစ်ပယ်ထားခြင်းထက် မိသားစုဝင်တစ်ဦးချင်းစီအနေဖြင့် ကြောက်ရွံ့ ဟန့်တားမှုမရှိဘဲ မိသားစုဝင်ချင်းဖြစ်စေ၊ ပရဟိတအသင်းများ၏ စောင့်ရှောက်မှုများမှဖြစ်စေ၊ နိုင်ငံ တော်မှဖြစ်စေ လူငယ်များ၏ စိတ်ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ပြည့်စုံခိုင်မာသော စီမံ ချက်များရေးဆွဲကာ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများပါဝင်မှုသည် မရှိမဖြစ် အရေးကြီးပါကြောင်း ရေးသားလိုက်ရပါသည်။ ။

မျိုးမြတ်မိုး(MANA)

No comments:

Post a Comment