Wednesday, April 20, 2022

မွန်ပြည်နယ်ဝန်ကြီးချုပ် သထုံမြို့မဈေး ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်း၊ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်းဆောင်ရွက်မှုနှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှု ကြည့်ရှုအားပေး

သထုံ ဧပြီ ၂၀

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သထုံမြို့မဈေး ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်းဆောင်ရွက်မှုနှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သထုံမြို့မဈေး အသစ်ပြန်လည်တည်ဆောက်မှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ စျေးရောင်းချသူများ အမြန်ရောင်းဝယ်နိုင်ရေး၊ မီးဘေးလုံခြုံရေးစနစ်များ ဆောင်ရွက်ရေး၊ စျေးများ သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ အမှိုက်များ စနစ်တကျ စွန့်ပစ်ရေးနှင့် အမှိုက်သိမ်းမှု စနစ်များ ကောင်းမွန်ရေးတို့ကို ဆွေးနွေးမှာကြားကာ စျေးသူ၊ စျေးသားများ၏ ရောင်းဝယ်ဖောက်ကားမှု အခြေအနေများကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်သထုံမြို့နယ်၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကို ကြည့်ရှုအားပေးသည်။ မွန်ပြည်နယ်တွင် အခြေခံ မဲစာရင်း မှန်ကန်ရေးအတွက် မြို့နယ်အလိုက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများသည် သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အတူ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်တွင် စတင်ဆောင်ရွက်ရာ၊ ဧပြီလအတွင်း ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သထုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အသက် ၁၅ နှစ်မှ အသက် ၁၈ နှစ်အကြား ရှင်သာမဏေ၊ သီလရှင်နှင့် ပြည်သူ စုစုပေါင်း(၅၅)ဦးတို့အား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုကို ကြည့်ရှုအားပေးပြီး သထုံမြို့  မြစေတီကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောသလ္လနှင့် ပုဗ္ဗာရုံ ပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ခေမာစာရတို့အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်

No comments:

Post a Comment