Wednesday, April 20, 2022

ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှနှင့် တောင်ကိုရီးယားနိုင်ငံအကြား အဏ္ဏဝါသမုဒ္ဒရာနှင့် ငါးလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 

နေပြည်တော် ဧပြီ ၁၉

 

အာဆီယံဒေသတွင်းနိုင်ငံများအတွင်း အဏ္ဏဝါ သမုဒ္ဒရာပတ်ဝန်းကျင်အား ကောင်းမွန်လာစေပြီး ရေရှည်တည်တံ့သော   ငါးလုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ပါဝင်တက်ရောက်သည့်နိုင်ငံ များ၏ အဆင့်မြင့်အရာရှိများအကြား ဘုံသဘောတူညီချက်ကိုရယူ၍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းနယ်ပယ်များကို ဖော်ထုတ်သတ်မှတ် အတည်ပြုသွားရန်ရည်ရွယ်၍ကျင်းပသည့် ဒုတိယ အကြိမ်မြောက်  အရှေ့တောင်အာရှနှင့် တောင်ကိုရီးယားနိုင်ငံအကြား အဏ္ဏဝါသမုဒ္ဒရာနှင့် ငါးလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို  ယနေ့ မွန်းလွဲပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးကြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်သည့် နိုင်ငံ ခြောက်နိုင်ငံမှ နိုင်ငံအလိုက် ဆောင်ရွက်ရန် လုပ်ငန်းနယ်ပယ် များကို   တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ယခုကဲ့သို့ အရေးပါသည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အစိုးရအနေဖြင့် ကျန်းမာသန့်ရှင်းသည့် အဏ္ဏဝါ ရေပြင်အဖြစ် စဉ်ဆက်မပြတ် တည်ရှိနေရန် အမှိုက်သရိုက်များနှင့် ညစ်ညမ်းမှုများကို ကာကွယ်နိုင်ရေး၊ ငါးသယံဇာတရေရှည်တည်တံ့ရန် တရားမဝင် ငါးဖမ်းဆီးခြင်းကို ပပျောက်အောင် တိုက်ဖျက်ရေး၊ ကမ်းနီးရေပြင်အတွင်း ဒေသခံ ရေလုပ်သားများနှင့် ပူးပေါင်းပြီး ငါးလုပ်ငန်းပူးတွဲစီမံခန့်ခွဲမှု လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ခြင်းနှင့် ကမ်းဝေးငါးဖမ်းရေပြင်အတွင်း ငါးသယံဇာတထိန်းသိမ်းရေးဇုန်များ ဖော်ထုတ် သတ်မှတ်ဆောင်ရွက်ရေး၊ ငါးသယံဇာတတိုးပွားစေရေးအတွက် ငါးနေငါးထိုင်ရေပြင်များအား ကာကွယ်ခြင်း၊ ရေငန်ငါးမွေးမြူခြင်း နည်းပညာများ သုတေသန လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရန် ဆောင်ရွက်ရေး လုပ်ငန်းနယ်ပယ်များတွင် အဖွဲ့ဝင်နိုင်ငံများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ဆွေးနွေးပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲကို တောင်ကိုရီးယားနိုင်ငံ၏ အဏ္ဏဝါသမုဒ္ဒရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနက ဖိတ်ခေါ်၍ တောင်ကိုရီးယားနိုင်ငံ၏ အဏ္ဏဝါသမုဒ္ဒရာ သိပ္ပံနှင့် နည်းပညာတက္ကသိုလ်၏ စီစဉ်မှုဖြင့် ကျင်းပခြင်းဖြစ်သည့် အဆိုပါအစည်းအဝေးသို့ တောင်ကိုရီးယားနိုင်ငံ၏ အဏ္ဏဝါသမုဒ္ဒရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sang Keun Song ၊ အာဆီယံ အတွင်းရေးမှူးရုံး အဖွဲ့များ နှင့် ပင်လယ်ကမ်းရိုးတန်းများကို ပိုင်ဆိုင်သည့် အရှေ့ တောင်အာရှ ဒေသတွင်းနိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယမ်နမ်နှင့် ထိုင်းနိုင်ငံများမှ အဆင့်မြင့် အရာရှိကြီးများ၊ အဏ္ဏဝါသမုဒ္ဒရာနှင့် ငါးလုပ်ငန်းဆိုင်ရာ သုတေသနပညာရှင်များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

သတင်းစဉ်

 

No comments:

Post a Comment