Sunday, April 17, 2022

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် တန်ခိုးကြီးဘုရားများ၌ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့်စည်ကား

 

ရန်ကုန် ဧပြီ ၁၇

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် နှစ်ဟောင်း ကုန်လွန်၍ ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အခါသမယတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် တန်ခိုးကြီး ဘုရားများ၌ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကုသိုလ်ကောင်းမှု ပြုသူများဖြင့် စည်းကားလျက်ရှိသည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲနှင့် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စေတီတော်ရင်ပြင် သတ်မှတ်နေရာများ၌ ကျင်းပသည်။

ရှေးဦးစွာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့်၊ ဝတ်အသင်းအဖွဲ့များက ဧည့်ခံတန်ဆောင်း၌ မြတ်စွာဘုရားရှင်အား ဆွမ်းတော်ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီးမီးများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ရင်ပြင်တော်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများအား ဂေါပကအဖွဲ့ဝင်များက အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ နှစ်သစ်အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူခြင်းအခမ်းအနားကို ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ မဟာဝိသုဒ္ဓါရုံတိုက်သစ် ဦးစီးပဓာန နာယက တိပိဋကဓရ တိပိဋကဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ (ယောဆရာတော်) ဘဒ္ဒန္တသီရိန္ဒာဘိဝံသထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဝတ်အသင်းအဖွဲ့များ၊ အလှူရှင် များက နဝင်္ဂသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးညွှန့်သင်းက အဖွင့်မင်္ဂလာစကားလျှောက်ထားသည်။

ယင်းနောက် ဩဝါဒါစရိယဆရာတော်ကြီးများထံမှ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော် များနာယူကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ရွှေတိဂုံဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယအဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ တိပိဋကဓရ ပါဋ္ဌိပါရဂူရွှေပြည်သာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနာဂိတထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာပြည်သူများအား ဘာသာ ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့နှင့် အလှူရှင်များက စတုဒိသာများ ကျွေးမွေးလှူဒါန်းကြသည်ကို တွေ့မြင်ရသည်။

ထို့ပြင် မဟာဝိဇယစေတီတော်မြတ်ကြီး၏ ဂန္ဓကုဋီတိုက်အတွင်းရှိ အပ္ပရာဇိတပလ္လင်ပေါ်၌ သီတင်းသုံး စံပယ်လျက်ရှိသည့် “မုဉ္ဇလိန္ဒာ နဂါမျိုးနွယ် နဂါးကိုးကောင်တို့က ဆင်းတုတော်အား အသွယ်သွယ်ရစ် ပတ်ကာ ခန္ဓာကိုယ်များကို သင်္ကန်းသဖွယ် ကပ်လှူပူဇော်ထားအပ်သော နာဂစိဝရာ ပဋပဋိမာ မြတ်စွာဘုရား ဆင်းတုတော်မြတ်ကို “ရောင်ခြည် တစ်ထောင်အလင်းဆောင်သည့် ဘာဏုရာဇာ နေမင်းကြီးသည် မိမိအလင်းရောင်ဖြင့် တစ်နှစ်တွင် တစ်လ တစ်လတွင် တစ်ရက် ၁၃၈၄ခုနှစ် မြန်မာ့နှစ်ဆန်း ၁ ရက် နံနက် ၈ နာရီ ၃၅ မိနစ်တွင် တစ်ကြိမ်၊ ညနေ ၃ နာရီ ၂၅ မိနစ်တွင် တစ်ကြိမ် နှစ်ကြိမ် တိုင်တိုင်ပူဇော်မှုကို ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိသည်။

အလားတူ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၌ ယနေ့နံနက်ပိုင်းမှ စတင်၍ ဘုရားဖူးလာပြည်သူများ စည်ကားလျှက်ရှိပြီး ဘုရားဖူးလာပြည်သူများအား စေတနာရှင်အလှူရှင် များက စတုဒိသာများဖြင့် ကျွေးမွေးလှူဒါန်းကြသည်။

ထို့ပြင် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့က ကြီးမှူး၍ စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် စေတီတော်မြတ်ကြီး၏ ဂန္ဓကုဋီ တိုက်အတွင်း၌ ကျင်းပသည်။

ရှေးဦးစွာ စေတီတော်မြတ်ကြီးအား ဩဝါဒါစရိယဆရာတော်များက ဗုဒ္ဓအဘိသေက အနေကဇာတင် တော်မူကြသည်။

ထို့နောက် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကောသလ္လ(မြေပုံ)ဆရာတော်ထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဝတ်အသင်းဖွဲ့များက ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။

ယင်းနောက် ဩဝါဒါစရိယဆရာတော်များကအန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော် မူကြသည်။

ထို့နောက် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့ဝင် ဦးသိန်းဦးက အခမ်းအနားကျင်းပရခြင်း အကြောင်း လျှောက်ထားပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကောသလ္လ(မြေပုံ)ဆရာတော်ထံမှ ရေစက်ချအနုမောဒနာ တရားနားကြားပြီး ရေစက်သွန်းချအမျှပေးဝေးကြသည်။

အလားတူ လောကချမ်းသာ အဘယလာဘမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး (၂၁) ကြိမ်မြောက် မျက်နှာ သစ်တော်ရေ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မင်းဓမ္မကုန်းတော်၌ ကျင်းပသည်။

အခမ်းအနားကို ဂေါပကအဖွဲ့ဝင်များနှင့် ဝတ်အသင်းအဖွဲ့များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ငါးပါးသီလဆောက်တည်ခြင်း၊ သဗ္ဗဇေယျ မင်္ဂလာအောင်ဂါထာဖြင့် ပူဇော်ခြင်း၊ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနေကဇာတင်ခြင်းတို့ ပြုလုပ်ကြသည်။

ထို့နောက် စေတီတော်မြတ်ကြီးအား ဆွမ်း၊ပန်း၊ရေချမ်း၊ဆီမီးတို့ဖြင့် ဆက်ကပ်ပူ ဇော်ကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့ပြင် ဝရဒါဌာ ဓါတုစေတိယ စွယ်တော်မြတ်စေတီတော်(ရန်ကုန်) ဂေါပကအဖွဲ့ ကြီးမှူး၍ (၂၄)ကြိမ်မြောက် နှစ်သစ်မင်္ဂလာအခါတော်နေ့ အခမ်းအနားကို ယနေ့နံနက် နာရီတွင် စေတီတော် လှိုင်ဂူအတွင်း၌ ကျင်းပရာ ဂေါပကအဖွဲ့နှင့် ဧည့်ပရိတ်သတ်များက စွယ်တော်မြတ်စေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ကန်ဦးဇေတဝန်စာသင်တိုက်၏ ပဓာနနာယက ဆရာတော် အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒာသာ မီဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်များက ပရိတ်တရားတော်များ ချီးမြှင့်ကာ ရေစက်သွန်းချအမျှပေးဝေသည်။

ထို့နောက် အလှူရှင်များက စတုဒိသာများဖြင့် ဘုရားဖူးလာ ပြည်သူများအား ကျွေးမွေးလှူဒါန်းကြ သည်။

အလားတူ သမိုင်းဝင် အပရာဇိတ ဆံတော်ရှင်ကျိုက်ဝိုင်းစေတီတော်မြတ်ကြီးနှင့် ဆုတောင်းပြည့် မယ်လမုစေတီတော် ဂေါပကအဖွဲ့က ကြီးမှူး၍ နှစ်သစ်မင်္ဂလာ အခါတော်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စေတီတော်ရင်ပြင်၌ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များနှင့် ဝတ်အသင်းအဖွဲ့များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ငါးပါးသီလဆောက်တည်ခြင်း၊ သဗ္ဗဇေယျ မင်္ဂလာအောင်ဂါထာဖြင့် ပူဇော်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနေကဇာတင်ခြင်း၊ ဆုတောင်း ခြင်းတို့ ပြုလုပ်ကြပြီး စေတနာရှင်အလှူရှင်များက စတုဒိသာများ ကျွေးမွေးလှူဒါန်းကြသည်။

ယနေ့ နှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များအတွင်းရှိ ရပ်ကွက်များတွင် လမ်းအလိုက် ဆရာတော်သံဃာတော်များ ပင့်ဖိတ်၍ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော် များ ရွတ်ဖတ်ပူဇော်ခြင်းများ ပြုလုပ်ကြသည်ကို တွေ့ရသည်။ ထို့ပြင် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ဖြစ်သည့်အားလျော်စွာ ဘုရား၊ ကျောင်းကန်များ၌ ဥပုသ်သီတင်းဆောက်တည်းခြင်း၊ ဇီဝိတဒါနဘေးမဲ့ လွတ်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတာ်များ ရွတ်ဖတ်ပူဇော်ခြင်း၊ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ကြပြီး ခေါင်းလျှော်ပေးခြင်း၊ ခြေသည်း လက်သည်းညှပ်ပေးခြင်း၊ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းစသည့် ကုသိုလ်ကောင်းမှု အလှူဒါန အစုစုတို့ ကျင်းပကြ သည်ကို ရန်ကုန်တိုင်းဒေသကြီးသာမက မြန်မာပြည်အနှံ့ ကြည်နူးဖွယ်ရာတွေ့မြင်ရသည်မှာ မြန်မာတို့၏ ဘိုးဘွားများလက်ထက်က စတင်ခဲ့သည့် ကောင်းမြတ်သော ရိုးရာယဉ်ကျေးမှုအစဉ်အလာ လက်ဆင့်ကမ်းအမွေအနှစ်ပုံရိပ်ကောင်းများပင် ဖြစ်ပေသည်။

သတင်း-ကိုကိုဇော်၊ကျော်ကျော်

ဓာတ်ပုံ-လင်းလတ်ကြယ်

No comments:

Post a Comment