Tuesday, April 19, 2022

လူမှုကွန်ရက် မီဒီယာများတွင် ပျံ့နှံ့နေသော “သီလဝါဆီသိုလှောင်ကန်စခန်းများအတွင်း စက်သုံးဆီများ လက်ကျန်လျော့နည်းနေသည်” ဆိုသည်မှာ ကောလာဟလ သတင်းအမှားသာဖြစ်

 နေပြည်တော် ဧပြီ ၁၉ 

လူမှုကွန်ရက် မီဒီယာများတွင်ပျံ့နှံ့နေသော သီလဝါဆီသိုလှောင်ကန်စခန်းများအတွင်း စက်သုံးဆီများ လက်ကျန်လျော့နည်းနေသည်ဆိုသည့် ကောလာဟလ သတင်းအမှားများ ထွက်ပေါ် နေတာတွေ့ရှိရပါတယ်။ ယနေ့ သီလဝါသိုလှောင်ကန်စခန်းများ အပါအဝင် ပြည်တွင်း ဆီလက်ကျန် အခြေအနေမှာ ဓာတ်ဆီအနေနဲ့ ဂါလန်သန်းပေါင်း (၄၅) သန်းခန့်နဲ့ ဒီဇယ်ဆီ ဂါလန်သန်းပေါင်း (၇၀) သန်းခန့် ရှိပါတယ်။ လက်ရှိ ဆိပ်ကမ်းမှာရောက်ရှိပြီး မဟာသင်္ကြန် ပိတ်ရက်ကြောင့် ဆီမချရသေးတဲ့ သင်္ဘော (၂) စီး လည်း ရှိပါတယ်။ ဒါ့ကြောင့် ပြည်တွင်း စက်သုံးဆီ ပြတ်လပ်မှု လုံးဝမဖြစ်ပေါ်နိုင်ကြောင်း အရင်ပြောကြားလိုပါတယ်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 ဒါ့အပြင် လူမှုကွန်ရက်များတွင်ပျံ့နှံ့နေသလို တရုတ်ပြည်ကနေ သီရိလင်္ကာနိုင်ငံမှ တစ်ဆင့် ကြားခံပြီး တင်သွင်းနေရတယ်ဆိုတာ မဟုတ်ပါဘူး။ ပြည်တွင်းသို့ စက်သုံးဆီများကို စင်ကာပူ နိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ ကိုရီးယားနိုင်ငံများက အဓိကတင်သွင်းနေတာဖြစ်ပါတယ်။ 

စက်သုံးဆီ လက်လီအရောင်းဆိုင်များအနေနှင့်လည်း ဌာနသို့ခွင့်ပြုချက်တောင်းခံပြီး ဆိုင်ပြင်ဆင် တည်ဆောက်နေတဲ့ ဆိုင်တွေကလွဲလို့ ပိတ်သိမ်းထားသည့်ဆိုင်များ မရှိပါဘူး။ မိဘပြည်သူများအနေနဲ့ ကောလာဟလသတင်းများကြောင့် စိုးရိမ်စိတ်လွန်ကဲပြီး အလုအယက် ဝယ်ယူမှုများကြောင့် အရောင်းဆိုင်များအနေနဲ့ အခြေခံအဆောက်အဦနဲ့ ဝန်ထမ်းအင်အား အခြေအနေတို့အရ အခုလိုမနိုင်မနင်းတွေ ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ 

ယခုလည်း အချိန်နဲ့တစ်ပြေးညီ ကျွန်တော်တို့ဌာနအနေနဲ့ သက်ဆိုင်ရာကော်မတီ၊ ဆက်စပ်ဝန်ကြီး ဌာနများ၊ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း MPTA တို့နဲ့ပူးပေါင်း ဆောင်ရွက်လျက်ရှိနေလို့ မကြာခင်အချိန်မှာ ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိလာမှာ ဖြစ်ပါတယ်။ စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များအနေနဲ့လည်း ၎င်းတို့အနေဖြင့် ပုံမှန်ပြန်လည်ရောင်းချ မည်ဖြစ်ပါကြောင်း မကြာခင်မှာ ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ပါတယ်။ 

ကျွန်တော်တို့ဌာနအနေနဲ့ ဖြစ်သင့်တဲ့ ရည်ညွှန်းဈေးနှုန်းတွေကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိ သလို အရည်အသွေး အခြင်အတွယ် မှန်ကန်စွာနဲ့ လွတ်လပ်၍ မျှတသော ဈေးကွက်ယှဉ်ပြိုင်မှု အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ပြည်သူများ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်နှင့် စွမ်းအင်လုံခြုံရေး အာမခံချက်ရှိစေရန် စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားလိုပါတယ်။

No comments:

Post a Comment