Monday, April 18, 2022

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နှစ်သစ်ကူးအခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသည့် မြန်မာနှစ်သစ်ကူး နှုတ်ခွန်း ဆက်မင်္ဂလာစကား

 

(မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့)

(၂၀၂၂ ခုနှစ် ၊ ဧပြီလ ၁၇ ရက်)

နှစ်ဟောင်းကနေနှစ်သစ်ကိုကူးတဲ့ ဒီလိုအချိန်ခါမှာ ပြည်ထောင်စုအတွင်းမှာရှိတဲ့တိုင်းရင်းသားပြည်သူ ညီအစ် ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ၊ ကောင်းကျိုးလိုအင် ဆန္ဒများပြည့်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ် ခင်ဗျား။

ဖြတ်သန်းခဲ့တဲ့ တစ်နှစ်တာကာလအတွင်း ပြန်ကြည့်မယ်ဆိုရင်ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားလာခဲ့တဲ့ စိန်ခေါ်မှုအခက်အခဲတွေ၊ ပါတီစုံဒီမိုကရေစီလျှောက်လှမ်းမှုမှာရိုးသားတဲ့ ဒီမိုကရေစီအစား ရည်ရွယ် ချက်ရှိရှိ ဖောက်ဖျက်ကျူးလွန်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအကျပ်အတည်းများကို ကျော်ဖြတ်ခဲ့ရပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကို မိဘပြည်သူတွေနဲ့ပူးပေါင်းပြီး ကျွန်တော်တို့ ကျော်လွှားနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ကြောင်း မနှစ်ကနှစ်သစ်ကူးဆုတောင်းစကားမှာထည့်ပြောခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဟာ ကျွန်တော်တို့ နိုင်ငံအတွက် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုအဆိုးရွားဆုံးဖြစ်ပွားခဲ့ရပြီး အခက်အခဲပေါင်းများစွာအတွင်းကနေ ကျော်လွှားနိုင်ခဲ့ပါပြီ။ သို့သော်လည်း အိမ်နီးချင်းနိုင်ငံ များအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖြစ်ပွားမှုနှုန်း မြင့်မားနေဆဲဖြစ်ပြီး ကမ္ဘာမှာလုံးဝကင်းစင်ပြီလို့ မပြောနိုင်သေးတဲ့အတွက်ကျွန်တော်တို့တစ်တွေ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးအတွက် လိုက်နာရမယ့်စည်းမျဉ်းစည်းကမ်းများ အပြည့်အဝလိုက်နာမှု လိုအပ်ပါကြောင်း ပြောလိုပါတယ်။

ဒီနှစ်ဟာ စိန်ရတုလွတ်လပ်ရေးနေ့ရဲ့အကြိုနှစ်ဖြစ်ပါတယ်။ဒါကြောင့် လွတ်လပ်ရေးရဲ့ အသီးအပွင့်များ၊ ဒီမိုကရေစီအုပ်ချုပ်ရေးရဲ့ အနှစ်သာရများ အပြည့်အဝခံစားရစေဖို့ ကျွန်တော်တို့အားလုံး အစွမ်းကုန် ကြိုးစားကြရပါဦးမယ်။ ဒါကြောင့် ဒီနှစ်ကိုငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်ပြီးတစ်နိုင်ငံလုံး ငြိမ်းချမ်း သာယာမှုရှိစေရေး အစွမ်းကုန် ကြိုးစားနေပါတယ်။

ကျွန်တော့်ရဲ့ အမျိုးသားရေး ရည်မှန်းချက် ၂ ခုရှိပါတယ်။

၁။        နိုင်ငံတော်ကြီး သာယာဝပြောရေး

၂။         တိုင်းပြည် စားရေရိက္ခာပေါများရေး တို့ဖြစ်ပါတယ်။

ပြည်ထောင်စုကြီးတစ်ခုလုံး အေးချမ်းသာယာစွာနဲ့ လူတိုင်းလူတိုင်း ကိုယ်စိတ်ချမ်းသာစွာနဲ့ လုပ်ကိုင် စားသောက်နိုင်ပြီး နိုင်ငံ တကာနဲ့ ရင်ပေါင်တန်းနိုင်ရပါမယ်။

မြေပေါ်မြေအောက် သဘာဝအရင်းအမြစ်များ အသုံးချပြီး တိုင်းသူပြည်သားအားလုံးအတွက် စားရေရိက္ခာ မပူမပင်မကြောင့်မကြ ပြည့်စုံနေအောင် ဆောင်ရွက်ရေးပဲဖြစ်ပါတယ်။

တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာပဲ ရှိပါတယ်။ ပြည်သူလူထုရဲ့ စွမ်းအားနဲ့ အကောင်းဆုံးဖြစ်အောင် ကျွန်တော် ကြိုးစားသွား ပါမယ်။ အောင်မြင်မယ်လို့လည်း အပြည့်အဝယုံကြည်ပါတယ်။

ယခုလို ၁၃၈၄ ခုနှစ် ကျက်သရေမင်္ဂလာရှိတဲ့ နှစ်သစ်ဦးအချိန် ကာလသမယမှာကျွန်တော်တို့ ဖြတ်သန်းလာခဲ့ရတဲ့ နှစ်ဟောင်း တွေကအားနည်းချက်တွေကို ပြုပြင်၊ အားသာချက်တွေကို ဆင်ခြင် သုံးသပ်မြှင့်တင်ပြီး နိုင်ငံတော်နဲ့နိုင်ငံသားတို့အတွက်ပေးဆပ် သယ်ပိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံး ကျန်းမာရွှင်လန်းစွာဖြင့် ဒီနှစ်သစ်မှာ ကျွန်တော်တို့နဲ့အတူ ပြည်ထောင်စုအကျိုးကိုလက်တွဲ ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ရ ပါတယ်။

အားလုံး ကျန်းမာရွှင်လန်းကြပါစေ ခင်ဗျာ။

No comments:

Post a Comment