Monday, April 11, 2022

ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းဆောင်ရွက်မှုကြည့်ရှုစစ်ဆေး

 


နေပြည်တော် ဧပြီ ၁၁

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် အရှေ့အလယ်ပိုင်း တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျိုင်းတောင်းမြို့၏ အနောက်တောင် ဘက်(၁၄)မိုင် ခန့်အကွာ၊ နမ့်တိန်ချောင်းပေါ်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ် (၅) တည် ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းကို စစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စီမံကိန်းရှင်းလင်းဆောင်တွင် အမှတ်(၅) တည်ဆောက် ရေးညွှန်ကြားရေးမှူး ဦးတိုးလွင်က စီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်း၏ အဓိကလုပ်ငန်း ကြီးများဖြစ်သည့် ရေလွှဲရေထုတ်ပြွန်၊ ပင်မတမံ၊ ပင်မရေပိုလွှဲ၊ ရေယူအဆောက်အအုံ၊ ရေသွယ်ဥမင်လိုဏ်၊ ရေထိန်းတံခါးပြွန်၊ ဖိအားမြင့်သံမဏိပိုက်လိုင်းနှင့် ဓာတ်အားပေးစက်ရုံလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကိုလည်းကောင်း၊ တည်ဆောက်ပြီးဖြစ် သည့် ကျိုင်းတောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အား (၅၄)မဂ္ဂါဝပ် ထုတ်လုပ်နေမှုကိုလည်ကောင်း ရှင်းလင်းတင်ပြရာ အမြဲတမ်းအတွင်းဝန် ဦးသန်းနိုင်ဦးနှင့် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေ းမှူးချုပ် ဦးဟိန်းထက်တို့က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လက်ရှိအချိန် လျှပ်စစ်ဓာတ်အားထုတ် လုပ်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ဓာတ်အားထုတ်လုပ်မှု လျော့နည်း၍ ပြည်သူလူထုမှ အချိန်ပိုင်းအလိုက် ဝန်အားထိန်းညှိဆောင်ရွက်ပေးနေရသည့် အခက်အခဲများ လက်တွေ့ခံစားနေရသဖြင့် မိမိတို့ဆောင်ရွက်ချက်များအပေါ် ပြည်သူလူထုက နားလည်သဘောပေါက်၍ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရေး စည်းရုံးပြောဆိုကြရန်လိုအပ်ကြောင်း၊ ထို့ပြင် ဓာတ်အားရောင်းချမှုမှရရှိသည့် ဓာတ်အားခဝင်ငွေများအပါအဝင် နိုင်ငံတော်မှ ခွင့်ပြုရရှိသည့် ဘဏ္ဍာငွေအပေါ် စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း၊ ပြည်သူများ လျှပ်စစ် ဓာတ်အားကို အမြန်ဆုံးရရှိသုံးစွဲနိုင်စေရေးအတွက် စီမံကိန်းကို ဆောလျင်စွာပြီးစီးရေး အားသွန်ခွန်စိုက် ဆောင်ရွက်သွားရန်နှင့် စီမံကိန်းပြီးစီးပါကလည်း ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိသွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်းလုပ်ငန်းခွင်အတွင်း ပင်မတမံ တည်ဆောက်ပြီး စီးနေမှု၊ ပင်မရေပိုလွှဲလုပ်ငန်းတည်ဆောက်မှု၊ ရေယူအဆောက်အအုံ ကျောက်သားနံရံခိုင်ခန့်မှုလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ရေထိန်းတံခါးပြွန် တည်ဆောက်ပြီးစီးနေမှု၊ ရေသွယ်ဥမင်လိုဏ်၊ ရေထိန်းတံခါး ပြွန်နှင့် ဖိအားမြင့်သံမဏိပိုက်လိုင်း Structure ကွန်ကရစ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုနှင့် ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း၏ ပင်မရေလှောင်တမံမှာအလျား ပေ (၁၈၀၀) အမြင့်ပေ(၂၃၀)ရှိ ဇုန်အမျိုးအစားကျောက်ဖြည့်တမံဖြစ်ပြီး ကန်ရေပြည့် ရေသိုလှောင်ပမာဏမှာ ဧကပေ(၁၀၄၀၀၀) ရှိကာ စက်တပ်ဆင်အင်အား (၁၇) မဂ္ဂါဝပ်ရှိ စက်(၃) လုံးဖြင့် စုစုပေါင်းစက် တပ်ဆင်အင်အား (၅၁) မဂ္ဂါဝပ်မှ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အားကီလိုဝပ် နာရီသန်းပေါင်း (၂၆၇)သန်း ထုတ်လုပ်ပေးနိုင်မည့် ဒေသအကျိုးပြု စီမံကိန်းတစ်ခုဖြစ်ပြီး ယခုအခါ စီမံကိန်းတစ်ခုလုံး၏ (၇၁ ဒသမ ၆၃)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။

အဆိုပါ အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများနှင့် လက်ရှိကျိုင်းတောင်းရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများ ကို ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းဖြင့် နမ့်စန်ပင်မဓာတ်အားခွဲရုံသို့ ချိတ်ဆက်ပို့လွှတ်၍ နိုင်ငံတော်ဓာတ်အားစနစ်မှ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment