Thursday, April 14, 2022

နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဧပြီ ၁၃

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ်သို့ ကူးပြောင်းသည့် မဟာအတာသင်္ကြန်ပွဲတော် နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ၅ နာရီတွင် နေပြည်တော် မြို့တော် ခန်းမရှေ့ရှိ အဆိုပါမဏ္ဍပ်၌ ကျင်းပသည်။

တက်ရောက်

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် စောဒန်နီယယ်နှင့်ဇနီး၊ ဒေါက်တာဗညားအောင်မိုး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယ ဝန်ကြီးများ၊ ဒုတိယမြို့တော်ဝန်၊ နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များမှ ယိမ်းအဖွဲ့များ၊ နိုင်ငံကျော် အနုပညာရှင်များ၊ တေးသံရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဉာဏ်ဝင်းက ၁၃၈၃ ခုနှစ် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်ပွဲတော် နှစ်သစ်ကူး ပိုဒ်စုံရတုကို ဖတ်ကြားသည်။

တစ်မျိုးသားလုံး၏ ပွဲတော်

ထို့နောက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်က နှစ်သစ်ကူးနှုတ်ခွန်း ဆက်စကား ပြောကြားရာတွင် ယခုကျင်းပသည့် မဟာသင်္ကြန်ပွဲတော်ကြီးသည် တစ်ဆယ့် နှစ်လရာသီပွဲတော်များအနက်မှ အလွန်လေးနက်ထူးခြားလှသည့် အမျိုးသားရေး အနှစ်သာရ များဖြင့် ကျင်းပသည့် မြန်မာတစ်မျိုးသားလုံး၏ ပွဲတော်ကြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ အစိုးရအဖွဲ့ရုံးများ ရုံးစိုက်ရာ မြို့တော်ဖြစ်သည့် နေပြည်တော်တွင် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းမိသားစုများနှင့် မြို့တော်သူ၊ မြို့တော်သားများက တပျော်တပါး ပါဝင်ဆင်နွှဲကြမည်ဖြစ်ပါကြောင်း၊ အလွန်ယဉ်ကျေး သိမ်မွေ့လှသည့် မဟာသင်္ကြန်ပွဲတော်ကြီး ကို မြတ်နိုးဖွယ်ရာ အစဉ်အလာကောင်းများဖြင့် နှစ်စဉ်ကျင်းပခဲ့ပါကြောင်း၊ ထို့ကြောင့် ယဉ်ကျေးမှုနှင့် မလျော်ညီသော အပြုအမူ၊ အပြောအဆိုများကို ရှောင်ရှားပြီး မဟာ သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲ၍ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊ မြန်မာတို့၏ အမျိုးသားရေး စရိုက်လက္ခဏာများ ပေါ်လွင်နိုင်ရေးအတွက် ထိန်းသိမ်းလိုက်နာ ပါဝင်ဆင်နွှဲကြ ရန် အထူးလိုအပ်ပါကြောင်း။

နှစ်ဟောင်းလွန်မြောက် နှစ်သစ်ကူးပြောင်း ရောက်ရှိမည့် မင်္ဂလာရှိသောအခါသမယတွင် သင်္ကြန် ရေသွန်းလောင်းခြင်းဖြင့် အေးမြခြင်း၊ ကြည်လင်ခြင်း၊ သန့်စင်ခြင်း သဘောကို ဆောင်ပြီး နှစ်ဟောင်းမှ အညစ်အကြေးများ ကင်းစင်လွင့်ပျောက်၍ နှစ်သစ် အတွက် စိတ်သစ်၊ အင်အားသစ်များလည်း ဖြစ်ပေါ်လာကြ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် သင်္ကြန်ချစ်သူ ပြည်သူ အပေါင်းတို့သည် မြန်မာ့အတာရေသဘင်ပွဲတော်ကြီးကို ရိုးရာမပျက် ယဉ်ကျေးပျော်ရွှင်စွာ ဆင်နွှဲကြပြီး နှစ်သစ်ကို စိတ်သစ်၊ လူသစ်၊ အားမာန်သစ်များဖြင့် ဂုဏ်ယူစွာ ကြိုဆိုကြစေ လိုကြောင်း ပြောကြားသည်။

ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး

ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်တို့က နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် စောဒန်နီယယ်နှင့် ဇနီး၊ ဒေါက်တာ ဗညားအောင်မိုး၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်မြို့တော်ဝန်တို့က ယိမ်းအကအဖွဲ့များအား အတာသင်္ကြန်ရေဖြင့် ပက်ဖျန်းပေးကြသည်။

ယင်းနောက် မြန်မာ့အသံခေတ်ပေါ်တေးဂီတ အဖွဲ့နှင့်အတူ ဝန်ကြီးဌာနများမှ ယိမ်းအဖွဲ့များ၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များမှ ယိမ်းအဖွဲ့များက မြူမှောင်ဝေကင်း သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။

ဆက်လက်၍ တေးသံရှင်များ၊ အနုပညာရှင်များနှင့် ယိမ်းအဖွဲ့များက အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြ သည်။

နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်တွင် မဟာသင်္ကြန်ကာလအတွင်း အနုပညာ ရှင်များ၊ တေးသံရှင် များနှင့် ယိမ်းအကအဖွဲ့များက ခေတ်ပေါ်တေးဂီတများ၊ ယိမ်းအကများဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြ မည်ဖြစ်ပြီး သင်္ကြန်ချစ်သူများနှင့် ရေကစားကြသူများအား စတုဒိသာမဏ္ဍပ်၌ အကျွေးအမွေးများဖြင့် ဧည့်ခံ ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment